"Halloween" အကြောင်းနှင့်နောက်ခံသမိုင်း အကျဉ်းလေ့လာခြင်း

"Halloween" အကြောင်းနှင့်နောက်ခံသမိုင်း အကျဉ်းလေ့လာခြင်း

အနောက်တိုင်း အမေရိကန်ဖက်မှာ အောက်တိုဘာလ ကုန်ခါနီးပြီဆိုရင် "Halloween" အကြောင်း ပတ်ဝန်းကျင်မှာ စတင်ကြားနေရပြီ။ "Halloween" ကို ကြိုဆိုသည့်အနေနှင့် အမျိုးမျိုး အဖုံဖုံဝတ်စား ဆင်မြန်းကြသည်။ တခါတလေ ကြောက်စရာ လိုလိုဖြစ်တတ်သည်။ အဲတာတွေက မှန်ကန်သလား။ တကယ့် "Halloween" ၏ မူရင်း အနက်အဓိပ္ပာယ်ကား အဘယ်သို့နည်း။ အဲတာတွေက ဘယ်ကနေလာသလဲ။ ဘာကိုရည်ရွယ်သလဲဆိုတာ အတူ လေ့လာကြဖို့ လိုအပ်သည်။ ဆိုလိုရင်းအမှန်းကို သိထားမှသာ လျှင် ဆောင်ရွက်ရခြင်း၏အကျိုးကိုသိကြမည်ဖြစ်၏။

တကယ်တော့ "Hallow" ဟာ အင်္ဂလိပ်စကား၏ "Verb" ကြိယာ ဖြစ်ပြီး မူရင်း အနက်အဓိပါယ်က "to make holy သို့မဟုတ် “to honor as holy " ဖြစ်တယ်။ မြန်မာ ဘာသာအရတော့ " သန့်ရှင်းသည်၊ ကြည်ညိုသည်" ဟုအနက်ရသည်။ အင်္ဂလိပ် ဘာသာစကားအရ "Noun" အနေဖြင့်သာ သုံးမယ်ဆိုရင် "Holy person or saints" ဟုသိရကာ မြန်မာဘာသာအရ "သန့်ရှင်းသူ၊ ကြည်ညိုထိုက်သူ" ဟုအနက်ရသည်။ အဲတာကြောင့် သခင်ခရစ်တော်သင်ပေးခဲ့သည့် ကောင်းကင် ပဌာနာ ဆုတောင်းချက်တွင် အခုလိုတွေ့ရသည်။ ထိုအကြောင်းတွေ ကို "သင်တို့ ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော်"ဟုတွေ့ရသည် (မဿဲ ၆:၉)။ ဤကျမ်းချက်အရ "အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေ လေးမြတ်ခြင်း ရှိပါစေသော်" ဆိုတာကိုသေချာလေ့လာရပါမည်။ ဤနေရာမှာ ဆရာ ယုဒ သန်က "Hallow" ကို "ရိုသေလေးမြတ်ခြင်း" ဟုအနက်ပြန်ထားသည်။ ဆိုလိုတာက ဘုရားသခင်၏ နာမတော်သည် သန့်ရှင်းသည်။ ထို့ကြောင့် ရိုသေလေးမြတ် ဖွယ်ရာဖြစ်သည်။

သင်းကွဲကျမ်းစာဖြစ်သော အင်္ဂလိပ် ကျမ်းစာအရတော့ "Our Father in heaven, Hallowed be Your name"ဟုတွေ့ရသည် ( မဿဲ ၆:၉)။ ဤကျမ်းစာအရ "Hallow" ကိုသုံးတာ တွေ့ရသည်။ "Hallowed (verb 3) ” ဆိုတာ ကြိယာ “"Hallow (verb 1) ” ကနေလာသည်။ "Hallowed be Your name"ဆိုတာ အလွယ်တကူတစ်မျိုးနည်းဖြင့်ရေးရင် "Your name be hallowed" ဟုအနက်ရသည်။ "ကိုယ်တော်ဘုရား၏ နာမတော်သည် ရိုသေ လေးစားခြင်းခံရပါသည်" ဟု အနက်ရသည်။

အဲတာဆိုရင် ဘယ်လိုနှင့် "Halloween" ဖြစ်လာသလဲ။ ဘာအနက်ဆောင်သလဲ။ အထက်က လေ့လာကြပြီးသည့်အတိုင်း" Hallow"သည် သန့်ရှင်းသောအရာဆိုတာသိခဲ့ကြပြီ။ အဲလိုဆိုရင် "een" ဆိုတာဘာအနက်ရသလဲ။ "enn" ဆိုတာ "evening" ၏ အတိုကောက်ဖြစ်သည်။ အင်္ဂလိပ်စာပေအရ "evening" အစား "eve" ကိုလည်းသုံးပြသည်။ အဲတာကြောင့် ကက်သလစ်အသင်းတော်က ခရစ္စမတ်နေ့ မတိုင်ခင်ကျင်းပသော မိတ္ဆားတရားကို "Christmas Eve or Vigil Mass" ဟု လည်းခေါ်သည်။ အဲတာကြောင့် ကက်သလစ်အသင်းတော်က "Halloween" ဟု သုံးနှုန်းထားခြင်းသည် "celebration of evening of all Saints" သို့မဟုတ် “The eve of All Saints Day" ကိုဆိုလိုသည်။ အနက်ကား “ကောင်းကင် ရောက် ပြီးသော သန့်ရှင်းသူ ခရစ်ယာန်များ (ရဟန္တာအပေါင်းပွဲ) ပွဲ၏ ညနေအကြို မိတ္ဆားတရားတော်မြတ်ကို ပူဇော်ခြင်း” ဖြစ်သည်။ အဲတာက အောက်တိုဘာလ (၃၁) ရက်ညနေကိုခေါ်သည်။ “Halloween is the feast of the celebration of the feast of All Hallows” ဟုဆိုနိုင်သည်။ “ကောင်းကင်ရောက်သောခရစ်ယာန်များ၏ပွဲ” ကျင်းပခြင်းဟုဆိုနိုင်သည်။ နိုင်ငံတစ်နိုင်မှာ ပွဲတစ်ခုခုကျင်းပတိုင်း အတိတ်ကအဖြစ်ကို ပြန်လည်သတိရသလို “ကောင်းကင် ရောက်သောခရစ်ယာန်များ၏ပွဲ” ကျင်းပခြင်းကလည်း သူတို့၏ အသက်သာများကို ပြန်လည်အောက်မေ့ခြင်း ဖြစ်သည်။ ပြန်လည်အတုယူခြင်းဖြစ်သည်။ ဘုရားသခင်က သူတို့ကို မည်ကဲ့သို့အသုံးခဲ့သည်ကို ထောက်ရှုရင်း ဘုရားသခင်ကိုလည်း ကျေးဇူးတင်ချီးမွမ်း ကိုးကွယ် ခြင်းလည်းဖြစ်သည်။

ဘာကြောင့်ဆိုရင် နောက်တစ်ရက်ဖြစ်သည့် နိုင်ဝင်ဘာလ (၁) ရက်နေ့ဟာ ကက်သလစ် အသင်းတော်၏ “ကောင်းကင်ရောက်သန့်ရှင်းသူခရစ်ယာန်များ၏ပွဲ” ဟုသတ်မှတ်ကာ လောက အသက်တာ ကုန်ပြီး ဘုရားသခင်နှင့်အတူနေသော ကောင်းကင်ရောက်ခရစ်ယာန်များကို သတိရ အောက်မေ့သောပွဲ ဖြစ်သည်။ တခါတလေ ကက်သလစ်အသင်းတော်က အနက်အဓိပ္ပာယ်ကို လေးလေးနက်နက်ထားပြီး အသုံးပြုသည့်အရာကို လောက လူသားများက အနက်အဓိပ္ပာယ်ကို လွဲသွားအောင်ပြုမူဆောင်ရွက်လာကြသည့်အခါ ကြောက်စရာလိုလိုဖြစ်လာပြီး သင်းကွဲ ခရစ်ယာန်များ က “Halloween” ဆိုတာ နတ်ဆိုးများ၊ ဝိညာဉ်များနှင့် ဆက်သွယ်ခြင်း သို့မဟုတ် နတ်ဘာသာနှင့် သက်ဆိုင်ခြင်းဟု ဆိုကာ ခရစ်ယာန်များက မကျင်းပသင့်ကြောင်းဟောပြောကြကာ ကက်သလစ် အသင်းတော်ကို ပြစ်တင်ဝေဖန်တတ်ကြသည်။ အဲတာကြောင့်မူရင်းအဓိပါယ်ကို ပြန်လည်လေ့လာပြီး တန်ဖိုးထား ဖို့လိုအပ်လာသည်။ တကယ်တော့ “Halloween” ဆိုတာ ကျွန်တော်တို့ ခရစ်ယာန်တွေကလည်း ခရစ်တော်အားဖြင့် သန့်ရှင်းသောလူမျိုးဖြစ်လာကြတာကို သတိရခြင်းလည်း ဖြစ်သည်။ ထို့အတူ ငါတို့သည်လည်း တနေ့သေလွန်ပြီးသောအခါ အခုကောင်းကင် ရောက်နေသော ခရစ်ယာန်များနှင့်ပြန်လည်ဆုံတွေ့ကြပြီး ဘုရားသခင်ကိုအတူတကွ ကိုးကွယ်ကြရမည့် မျှော်လင့်ချက်ကို ခိုင်မြဲစေခြင်းဖြစ်သည်။ ငါတို့သည်လည်း ကောင်းကင်မှာ “Hallow people or Holy people of Holy ones” အဖြစ်သို့ တစ်နေ့ရောက်ကြမည်ကိုလည်း ဆင်ခြင်ထောက်ရှုခြင်းဖြစ်သည်။

ဥပမာ ဤအခြေအနေက "Valentine's Day" ကို ကျင်းပခြင်းနှင့်တူညီသွားသည်။ မြန်မာပြည် မှာတော့ "ချစ်သူများနေ့" ဟုသိရသည်။ တကယ်ဆိုရင် "Valentine" ဆိုတာ ကက်သလစ် အသင်းတော်၏ သူတော်မြတ်ဖြစ်သည်။သူဟာ အေဒီ(၁၇၅) ဝန်းကျင် မှာအီတလီနိုင်ငံမှာမွေးပြီး အေဒီ(၂၆၉) ဝန်းကျင်မှာ အီတလီနိုင်ငံမှာပဲ ခရစ်တော်အတွက်အသတ်ခံခဲ့သည်။ သူဟာ ရောမဘုရင်များက စစ်တိုက်ဖို့အရေးအတွက် ယောကျာ်းနှင့်မိန်းမများကို အိမ်ထောင်ပြုခွင့် တားမြစ်သောအခါ ထို Valentine ဟာ အိမ်ထောင်ပြုခြင်းဟာ ဘုရားသခင်၏ အလိုတော်ပဲ ဖြစ်တယ်ဆိုပြီး တိတ်တိတ်လေးနှင့် လက်ထပ်ပေးခဲ့သည်။ ထို့ကြောင့် ဘုရင်တွေက ထိုအရာကို သိကြသောအခါ သတ်ဖြတ်ခဲ့ကြသည်။ ထို့ကြောင့် ကက်သလစ်အသင်းတော်က ကောင်းကင် ရောက်သော သူတော်သူမြတ် (Saint) အဖြစ်သတ်မှတ်ကာ (St. Valentine) ဟုခေါ်ကာ ဖေဖော်ဝါရီ (၁၄) ရက်တွင် သူ့ကိုအထူးသတိရ အောက်မေ့သည်။ အဲလိုမူရင်းအနက်အဓိပါယ်နှင့် လွဲလာပြီး ခုခေတ်မှာ Valentine's Day ဆိုတာ “ချစ်သူများနေ့” ဆိုပြီး ချစ်သူတွေ အတူပျော်ပါးရမယ့်နေ့ လိုလိုဖြစ်လာ တော့သည်။ အဲလို အမှားတွေကိုပြန်ပြုပြင်ဖို့လိုသည်။

နိဂုံးချုပ် အနေဖြင့် "Halloween" ကလည်း ကက်သလစ်အသင်းတော်၏ "All Saints' Day" ကိုသာရည်ညွှန်းသည်။ ကောင်းကင်ရောက်သော သန့်ရှင်းသူ ခရစ်ယာန်များကို အောက်မေ့ရသော နေ့ထူးဖြစ်သည်။ သူတို့သည် ဖြောင့်မတ်သောသူများဖြစ်သည်။ ကျမ်းစာကလည်း “ဖြောင့်မတ်သော သူသည် အစဉ်အမြဲအောက်မေ့ဘို့ရာဖြစ်လိမ့်မည်”ဟု ဖော်ပြထားသဖြင့် ကက်သလစ်အသင်းတော်က သူတို့ကို အောက်မေ့ရခြင်းဖြစ်သည်။ ကောင်းကင်ရောက်သောသူများဟာ ဘုရားသခင်ရှေ့မှောက်မှာ ဖြောင့်မတ်သောသူများဖြစ်တယ်ဆိုတာလည်း ယုံကြည်လက်ခံကြသည်။ ကက်သလစ် အသင်းတော် ကတော့ လောကမှာ အသက်ရှင်တုန်းက ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောခဲ့ကြသော တမန်တော်ကြီးများကို အခုချိန်ထိအောက်မေ့ကြသည်။ သူတို့သည် ခရစ် ယာန်များကို အုပ်သောသူများဖြစ်ခဲ့ကြသည်။ ဘာကြောင့်လဲဆိုရင် ကျမ်းစာက “ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍၊ သင်တို့ကို အုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ ကျင့်ကြံပြုမူ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကို မှီအောင်လိုက်ကြလော့... သင်တို့ကို အုပ်သောသူတို့၏စကားကို နားထောက်၍ နှိမ့်ချလျက်နေကြလော့။ သူတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကို ခံရသောသူကဲ့သို့၊ သင်တို့စိတ်ဝိညာဉ်၏ အကျိုးအလိုငှါ စောင့်နေကြ၏။ သင်တို့အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်း မရှိ၊ ဝမ်းမြောက်ခြင်း ရှိ၍၊ သူတို့သည် စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့”ဟု ပြောသောကြောင့်ဖြစ်သည် (ဟေဗြဲ ၁၃းရ၊၁၇)။ ဤကျမ်းချက်အရ တမန်တော်ကြီးများ၏ ယုံကြည်ခြင်းကို မီအောင်လိုက်နေကြသည်။ လောကကြီးမှာ သူတို့ အသက်ရှင်ခဲ့တုန်းက သူတို့စကားကို ခုထိသူတို့စာပေများအားဖြင့်ကြားနာကြပြီး လိုက်နာကြသည်။ သူတို့ကောင်းကင်ရောက်ကြပြီ ဖြစ်သည့်အတွက် သူတို့ကို ကောင်းကင်ရောက်ခရစ်ယာန်များ(All Saints) အဖြစ် အထူး ကြည်ညိုကြသည်။ ကက်သလစ်အသင်းတော်အတွက် သူတို့ဟာ လောကအမြင်အရ ကွယ်လွန် သွားကြသော်လည်း ဘုရားသခင်၏နိုင်ငံတော်မှာ အသက်ရှင်နေကြတာကို ယုံကြည်ကြ သည်မှာ ကျမ်းစာနှင့် ကိုက်ညီလှပေသည်။

ထို့ကြောင့် တစ်ခြားသောပြင်ပလောကသားတွေ၏ မူရင်း "Halloween" အနက်ကို လွဲချော်အောင်ပြုမူကြသည်ကို သတိထားရှောင်ရှားပြီး ခရစ်တော်နောက်လိုက်သူပီပီ ကက်သလစ် ခရစ်ယာန် အနေဖြင့် "Halloween" ၏ မူရင်းအနက်အဓိပါယ်အတိုင်း ပြုမူသွားကြဖို့ လိုအပ် သည်။ ထို့ကြောင့် “All Hallows` Day or All Saints` Day” ဟာ ကောင်းကင် ရောက်သော သန့်ရှင်းသူခရစ်ယာန်များထံ လောကရှိခရစ်ယာန်များအနေဖြင့် အထူးဆုတောင်းခံရမယ့်နေ့ထူး လည်းဖြစ်သည်။

(All Saints, Pray for us. Amen. (ကောင်းကင်ရောက်သော သန့်ရှင်းသူအပေါင်းတို့၊ ကျွန်တော်တို့ အတွက် ဘုရားသခင်ဆီဆုတောင်းပေးတော်မူကြပါ၊ အာမင်)

ရေးသားသူ - ဒီကင်မာတင်းမနားလိန်

(အမေရိကန်ပြည်ထောင်စု)

 

Add new comment

4 + 4 =