အိပ်ပျော်နေသော ဂျိုးဇက်

အိပ်ပျော်နေသော ဂျိုးဇက်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ အားကိုးအားထားပြုရတဲ့ ရဟန္တာ သူတော်သူမြတ်တွေ အများကြီး ရှိပါတယ်။ အဲ့ဒီအထဲမှာ ထိပ်ဆုံးက ပါဝင်နေတဲ့သူက စိန့်ဂျိုးဇက်ပါ။ အရှင်သူမြတ်က စိန့်ဂျိုးဇက် ဆင်းထု တော်ကို သူ့ရဲ့ အခန်းထဲမှာ ထားပြီး သဒ္ဓါကြည်ညို အားကိုးပါတယ်။ ဒါပေမဲ့ ဒီ စိန့်ဂျိုးဇက်က ရိုးရိုး ဂျိုးဇက် မဟုတ်ဘူး။ မြင်တွေ့နေကျ လက်သမား ပစ္စည်းတွေနဲ့ ဂျိုးဇက်မဟုတ်ဘူး။ လီလီပန်းပွင့်နေတဲ့ နှင်တံလေးကို ကိုင်ထားတဲ့ ဆင်းထုလည်း မဟုတ်ပြန်ဘူး။ အဲ့ဂျိုးဇက်က အိပ်ပျော်နေတာ။ အိပ်နေတဲ့ ဂျိုးဇက်။

ဘာကြောင့် အိပ်ပျော်နေတဲ့ ဂျိုးဇက်ကို သဒ္ဓါကြည်ညိုပြီး အားကိုးဆုတောင်းရလဲဆိုတဲ့အကြောင်းကို ၂၀၁၅ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံသို့ ဒေသစာရီ ကြွချီတော်မူတဲ့အခါမှာ ပုပ်ရဟန်းမင်းကြီးက ယခုလို ရှင်းပြခဲ့ပါတယ်။ "စိန့်ဂျိုးဇက်ကို ကျွန်ုပ် ပြင်းပြထက်သန်စွာ ချစ်မြတ်နိုးပြီး သဒ္ဓါကြည်ညိုပါတယ်။ ဘာလို့လဲဆိုတော့ သူက စကားနည်းပြီး တိတ်ဆိတ်တဲ့သူ၊ ခွန်အားရှိတဲ့သူ ဖြစ်လို့ပါ။ ကျွန်ုပ်အခန်းထဲက စားပွဲပေါ်မှာ အိပ်ပျော်နေတဲ့ စိန့်ဂျိုးဇက် ဆင်းထုလေး ရှိတယ်။ သူက အိပ်မောကျနေရင်းနဲ့ အသင်းတော်ကြီးကို ကာစောင့်စောင့်ရှောက်နေတဲ့သူပါ။ ကျွန်ုပ်မှာ အခက်ခဲ ပြသနာလေးတွေရှိလာပြီဆိုရင် အခက်ခဲကို စာလေးရေးပြီး ဒီဆင်းထုလေး အောက်မှာ ထားပြီး ဆုတောင်းတယ်။ စိန့်ဂျိုးဇက်က ကျွန်ုပ်ရဲ့အခက်ခဲတွေကို အိပ်မက်ထဲမှာ မြင်မက်ပေးခဲ့တယ်။ တနည်းအားဖြင့် ပြောရရင်တော့ ကျွန်ုပ်ရဲ့ ပြသနာအတွက် စိန့်ဂျိုးဇက်ကို ခေါင်းကျိန်းအောင် အကူညီတောင်းလိုက်တာပဲ" ။

ဘုရားသခင်က ဂျိုးဇက်ကို ထူးထူးခြားခြား ဆက်သွယ်ခဲ့ပါတယ်။ သူက စကားနည်းတဲ့သူ ဖြစ်တာမို့ ကျမ်းစာထဲမှာ သူ ပြောတဲ့စကား တစ်ခွန်းမှတောင် မဖော်ပြထားပါဘူး။ စကားနည်းတဲ့သူက အိပ်နေရင် ပိုလို့တောင် တိတ်ဆိတ်နေဦးမှာ။ အဲ့ဒီတိတ်ဆိတ်တဲ့ အိပ်စက်ချိန်မှာ အိပ်မက်ရူပါရုံနဲ့ ဗျာဒိတ်ပေးဆက်သွယ်ခဲ့ တယ်။ အိပ်မက်ထဲမှာပဲ မယ်တော်သခင်မကို မိမိ အကြင်မယားအဖြစ် စောင့်ရှောက်ထိန်းသိမ်းဖို့၊ သူငယ်တော်လေးကို သတ်ချင်တဲ့ ဟေရုဒ် မင်းကြီးရဲ့ လက်က လွတ်အောင် အီဂျစ်ပြည်ကို ထွက်ပြေးဖို့၊ ဟေရုဒ်မင်းကြီး အနိစ္စရောက်မှ နာဇရက်မြို့ကို ပြန်လာဖို့ မှာကြားတာတွေ အကုန်လုံးက အိပ်မက်ထဲမှာပဲ ပြောခဲ့တာပါ။ အဲ့ဒီတော့ ဂျိုးဇက် အိပ်နေတာဟာ အလကား မဟုတ်ဘူး။ ဘုရားနဲ့ဆက်သွယ်နေတာ။ သူအိပ်စက်တဲ့အချိန်မှာပဲ ဘုရားသခင်က ဆောင်ရွက်ရမယ့် အမှုကိစ္စတွေကို မှာကြားတယ်။ သူ့ရဲ့ အိပ်စက် ခြင်းက ဘုရားရဲ့ စကားကို နားစွင့်တဲ့အချိန်ပဲ။ ဘုရားစကားသံကို ကြားတာနဲ့ သူက အိပ်မနေတော့ဘဲ ချက်ချင်း ထပြီး လိုက်နာ ဖြည့်ဆည်းခဲ့တယ်။

ကျနော်တို့ ဘ၀တွေမှာလည်း စိန့်ဂျိုးဇက်လို ဘုရားရဲ့ စကားသံကို ကြားဖို့ လောကရဲ့ အရှုပ်အထွေး တာဝန် အလုပ်တွေကနေ အနားယူတတ်ဖို့လိုတယ်။ တိတ်ဆိတ်တဲ့ နှလုံးသားရပ်ဝန်းမှာ ဘုရားရဲ့ စကားသံကို ကြည်လင်ပြတ်သားစွာ ကြားရတယ်။ ဆူညံနေရင် တော့ ဘာမှ ကြားနိုင်မှာ မဟုတ်ဘူး။ တခါတလေမှာ ဘုရားသခင်က ကျနော်တို့ကို တိုက်ရိုက်ကြီး စကားပြောမလာပေမဲ့ ကျနော်တို့ဖက်က အတွင်းစိတ်ရော၊ အပြင်ပိုင်းရော ငြိမ်သက်ခြင်းရှိတဲ့အခါမှာ ဘုရားရဲ့ အသံကို ကြားရတတ်တယ်။ ကြားရရင်လည်း ဆက်အိပ်မနေဘဲ လုပ်စရာရှိတာကို ဘုရားသခင် ညွှန်ပြတဲ့အတိုင်း လိုက်နာ လျှောက်လှမ်းကြဖို့လည်း လိုပါတယ်။ စိန့်ဂျိုးဇက်ရဲ့ အိပ်မက် ၃ ခုလုံးကို ကြည့်ကြည့်ပါ။ အိပ်မက်ကနေ နိုးလာတာနဲ့ ချက်ချင်း အကောင်ထည်ဖော် ဆောင်ရွက်တော့တာပဲ။ ပြောရတာတော့ လွယ်တယ်။ လက်တွေ့က ခက်တယ်။ ဒါပေမဲ့ အပြောနဲ့ မဟုတ်၊ လက်တွေ့လုပ်နိုင်ခဲ့တဲ့ စိန့်ဂျိုးဇက်ကို အားကိုးကြရမယ်။

ပုပ်ရဟန်းမင်းကြီး အားကိုးသလို ကျနော်တို့လည်း အိပ်ပျော်နေတဲ့ စိန့်ဂျိုးဇက်လေးကို အားကိုးကြည့်ရအောင်။ ကြုံတွေ့နေတဲ့ အခက်ခဲ ပြသနာတွေကို စိန့်ဂျိုးဇက်ထံ ယုံကြည်ပုံအပ်ပြီး အားကိုးဆုတောင်းမယ်ဆိုရင် စိန့်ဂျိုးဇက်ရဲ့ ကူညီစောင့်ရှောက်မှု ခံစားကြရမှာပါ။

သီကိုရှင်း

Add new comment

4 + 3 =