အလိုတူအလိုပါမဖြစ်ပါစေနဲ့

၁၉၈၀-၉၀ ဝန်းကျင်က ကိုလံဘီယာနိုင်ငံမှာ ပါဘလိုအက်စ်ကိုဘာ (Pablo Escobar) ဆိုတဲ့

နာမည်ကြီး မူးယစ်ရာဇာ တယောက် ရှိခဲ့တယ်။ အမေရိကန်ကို မူးယစ်ဆေးတွေ ပို့ရင်း တအားချမ်းသာလာတယ်။

မူးယစ်ဆေးရောင်းလို့ရတဲ့ ငွေတွေက များလွန်းလို့ မြေကြီးထဲမှာ မြုပ်ထားရတဲ့အထိပဲ။

ဇာတ်သိမ်းတော့ မလှပါဘူး။ နောက်ဆုံးတော့ အသက် ၄၄နှစ်မှာ ဝရမ်းပြေးအဖြစ်နဲ့ ဘဝဆုံးသွားတယ်။

. သူ့အကြောင်းကို ရေးထားတဲ့စာအုပ်၊ ရိုက်ထားတဲ့ ရုပ်ရှင်၊ တီဗီဇာတ်လမ်း တွေ အများကြီး ရှိတယ်။

အဲဒီထဲမှာ Narcos ဆိုတဲ့ ဇာတ်လမ်းတွဲကတော့ သူ့ဘဝအကြောင်း အသေးစိတ် ရိုက်ထားတယ်။

တကယ့်အဖြစ်အပျက်တွေကို ဒရမ်မာ ထည့်ထားတာပေါ့။ သူ့အကြောင်းတင် မကဘူး၊ သူ့အနားက လူတွေအကြောင်းရောပေါ့။ .

အက်စ်ဘိုဘာက ငယ်ငယ်က ဆင်းရဲတယ်။ အဖေက လယ်သမား။ ရိုးရိုးသားသား လုပ်ကိုင်စားချင်တယ်။

သူ့အမေနဲ့ သူ ကတော့ အဲလို မဟုတ်ဘူး။ ဆင်းရဲတွင်းကနေ ထွက်ရဖို့ ဘယ်လုပ်ရလုပ်ရပေါ့။

ငယ်ငယ်က ဖိနပ်အစုတ်နဲ့ ကျောင်းသွားတာ အနောက်ခံရလို့ အမေလုပ်သူက သားအတွက် ဖိနပ်အသစ်တရံကို ဆိုင်ကနေ ခိုးပေးခဲ့တယ်။

အက်စ်ကိုဘာ ကြီးလာလို့ ဒုစရိုက်မူတွေ စလုပ်တော့လည်း အမေက တက်တက်ကြွကြွ ကူညီတယ်။

အဖေလုပ်သူကလည်း တားမရလို့ နောက်ဆုံးတော့ ဒီသားအမိနဲ့ ဆက်နေလို့ မဖြစ်တော့လို့ သူ့ဘာသာ နေတယ်။

သူမသေခင်အထိ သူ့အဖေနဲ့ တကြိမ်ပဲ ပြန်တွေ့တယ်။ .

အက်စ်ကိုဘာက သူ့မိန်းမကို ယူတော့ သူက ၂၆နှစ်၊ ဟိုက ၁၅နှစ်ပဲ ရှိသေးတယ်။

အဲဒီကတည်းက အက်စ်ကိုဘာက သူ့မြို့မှာ အတော်နာမည်ကြီးနေပြီ။

မိန်းမလုပ်သူကလည်း သူဘာလုပ်လုပ် အားပေးတယ်။ အပြစ်မမြင်ဘူးပေါ့။

ဒီတော့ သူ့မှာ လုပ်ချင်ရာလုပ် ထောက်ခံမယ့် အမေနဲ့ မိန်းမ ရှိတယ်လို့ ပြောရမယ်။

. အက်စ်ကိုဘာက အမေရိကန်ကို ကိုကင်း တွေပို့ရင်း သိပ်ချမ်းသာလာတော့ သူ့အင်ပါယာကို ချဲ့ထွင်ချင်လာတယ်။

ချမ်းသာရုံနဲ့ မနေချင်တော့ဘူး။ ကိုလံဘီယာနိုင်ငံရဲ့ သမ္မတ ဖြစ်ချင်လာတယ်။

သူ့ငွေတွေ၊ သူ့နောက်လိုက် လက်နက်ကိုင် တပည့်တွေသုံးပြီး မဲဆွယ်တယ်။

ကိုလံဘီယာကလည်း အတော့်ကို ဆင်းရဲပြီး အဂတိလိုက်စားမှု အတော်များတယ်။ .

သူကလည်း အစမှာတော့ ဆင်းရဲသားတွေကို အိမ်ဆောက်ပေးတယ်။ ဘုရားရှိခိုးကျောင်းတွေ ဆောက်ပေးတယ်။

ချမ်းသာသူတွေကဆီ ဓားပြတိုက်ပြီး ပြန်ဝေပေးတဲ့ 'ရော်ဘင်ဟု' လို့တောင် တင်စားကြတာ။

အဲလို လူကြိုက်များအောင် လုပ်နိုင်တော့ သူက အမတ်တောင် ဖြစ်လိုက်သေးတယ်။

ဒါပေမဲ့ မူးယစ်ရာဇာ ဖြစ်ကြောင်း သက်သေပြလိုက်နိုင်တော့ ပြုတ်သွားတယ်။

အဲလို သူရဲ့ သမ္မတ အိပ်မက် ပျက်သွားတဲ့နောက်တော့ သူက ပွဲကြမ်းတော့တယ်။ .

သမ္မတလောင်း၊ တရားသူကြီး တွေကို လုပ်ကြံတယ်။

တရားသူကြီးတွေဆို ကြောက်လို့ သူ့လူတွေ အမူစစ်တဲ့အခါ မျက်နှာဖုံးစွပ်ပြီး စစ်ရတယ်။

ကိုလံဘီယာက မူးယစ်ရာဇာတွေကို အမေရိကန်တရားရေး လက်ထဲ အပ်မယ် ဆိုတဲ့ သမ္မတလောင်း တယောက် စီးမယ့် လေယာဥ်ကို ဖောက်ခွဲဖို့ စီစဥ်တယ်။

သမ္မတလောင်းက အဲဒီခရီးစဥ် ဖျက်လိုက်ပေမဲ့ လေယာဥ်ပေါ်မှာ ပါသွားတဲ့ ရိုးရိုးခရီးသည် တရာကျော် အကုန် ဆုံးပါးသွားကြတယ်။

. ဒီသတင်းတွေ သတင်းစာထဲ ပါလာတော့ သူ့အမေက မယုံဘူး။ သူ့မိန်းမကို မေးတယ်။ "ငါ့သားက ဒီလောက်တော့ လုပ်မှာ မဟုတ်ပါဘူး။

နင်ယုံလား" တဲ့။ သူ့မိန်းမက "ယုံတာပေါ့။

ဒါပေမဲ့ သူဒီလို လုပ်တယ် ဆိုတာလည်း သူ့အကြောင်း ရှိလို့ သူလုပ်တာပေါ့"​လို့ ပြန်ဖြေတယ်။

. အဲဒီစကားပြောခန်းကို ကြည့်ပြီး နားလည်မိတာ တခုက ဒီလို လူမျိုးတွေ နားမှာ နေကြသူတွေဟာလည်း အလိုတူအလိုပါ တွေပဲ ဆိုတာပါ။

မျက်စိမှိတ်ပြီး မသိချင်ယောင်ဆောင် နေတာတောင် မဟုတ်ဘူး။

သိသိနဲ့ အားပေးနေကြသူတွေ၊ ဘာလုပ်လုပ် ထောက်ခံနေသူတွေပါ။

ဘယ်လောက် ဆိုးဝါးပါစေ၊ သူ့တို့လုပ်ရပ်က မှန်တယ် လို့ တွေးထားသူတွေပါ။

သူတို့ကိုယ်တိုင်တော့ ကာယကံမြောက် ဝင်လုပ်တာမျိုး ဖြစ်ချင်မှ ဖြစ်မယ်။

ဒါပေမဲ့ ဝဇီကံ၊မနောကံ နဲ့ ဒီလို ဒုစရိုက်မှုမျိုးတွေကို ဝိုင်းကျူးလွန်ပေးနေကြတာပါပဲ။

ဒီလို စိတ်တူကိုယ်တူမိသားစုတွေ ကမ္ဘာမြေတလွှား အများသားလား။

Add new comment

6 + 1 =