အရှင်လတ်လတ် အရေခွံခွာခံရပြီး ဓမ္မအာဇာနည်ဖြစ်ခဲ့သူ ယေဇူးသခင်၏ တပည့်တော်ကြီး စိန့် ဘာသိုလိုမယ်

အရှင်လတ်လတ် အရေခွံခွာခံရပြီး ဓမ္မအာဇာနည်ဖြစ်ခဲ့သူ ယေဇူးသခင်၏ တပည့်တော်ကြီး

စိန့် ဘာသိုလိုမယ်

တပည့်တော်ကြီး ဘာသိုလိုမယ်က ယေဇူးသခင်ရဲ့ နောက်လိုက် တပည့်တော်ကြီး ၁၂ ပါးမှာ ပါဝင်တဲ့ တပည့်တော်ကြီး တစ်ပါး ဖြစ်တယ်။ သူဟာ အာမေးနီးယား ဘုရင် Polymius ပိုလီမီးယပ်စ်ကို ခရစ်ယာန် ဘာသာအဖြစ် ကူးပြောင်းနိုင်ခဲ့လို့ သတ်ဖြတ်ခြင်း ခံခဲ့ရတယ်။ တပည့်တော်ကြီး ဘာသိုလိုမယ်ဟာ အာမေးနီးယားကို သာသနာပြုခဲ့တယ်လို့ ဆိုကြတယ်။ သူဟာ ခရစ်ယာန် ယုံကြည်ခြင်း ပြန့်ပွားရေး အတွက် တရားဟောပြောခြင်းကို ပြုခဲ့လို့ တရားတော် အတွက် အသက်သေခံခဲ့တယ်။ သူ့ကို ကွပ်မျက်သူများက သူ့ရဲ့ အရေခွံကို အရှင်လတ်လတ် ခွာခဲ့ပြီး သူကို ခေါင်းဖြတ်ခဲ့ကာ ကားတိုင်တင်ထားခဲ့တယ်။

စိန့် ဘာသိုလိုမယ်ဟာ အရေခွံ အရှင်လတ်လတ် ခွာပြီး စီရင်ခြင်း ခံခဲ့ရတာကြောင့် သူ့ရဲ့ ဆင်းတု၊ ပန်းချီများမှာ သူဟာ အရေခွံ မရှိတဲ့ ပုံကို မြင်တွေ့ရမှာ ဖြစ်တယ်။

သူဟာ သားရေနဲ့ အသက်မွေး ဝမ်းကြောင်းပြုသူ၊ ဖိနပ်ချုပ်သမားများ အတွက် စံပြရဟန္တာ ဖြစ်တယ်။

တန်ခိုးလက္ခဏာများ

တပည့်တော်ကြီး ဘာသိုလိုမယ်ဟာ မကွယ်လွန်မီနဲ့ ကွယ်လွန်ပြီး အချိန်များမှာလည်း တန်ခိုးလက္ခဏာများ ပြသတယ်လို့ ယုံကြည်ကြတယ်။

အထူးသဖြင့် အီတလီ နိုင်ငံရဲ့ လီပါရီ Lipari ကျွန်းရဲ့ မြို့သားများဟာ စိန့် ဘာသိုလိုမယ် ပွဲနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပကြတယ်။ ထုံးတမ်း အစဉ်အလာ အရ ယခင်က လီပါရီ ကျွန်းသားများဟာ စိန့် ဘာလိုသိုမယ် ကာသီဒြယ်ကနေ ပွဲနေ့အချိန်အခါဆိုရင် ဘာသိုလိုမယ် ငွေဆင်းတု၊ ရွှေဆင်းတုများကို ထမ်းပြီး မြို့တွင်း ဒေသစာရီလှည့်ကြတယ်။ မြို့တွင်း တနေရာ ရောက်တဲ့အခါမှာ ဆင်းတုကြီးဟာ အလွန် လေးကျသွားပြီး မြို့သားတွေက ဆင်းတုကို မြေမှာ ချထားရတယ်။ ဒုတိယ တစ်ကြိ်မ် မြို့သားများက အားယူပြီး အလွန် လေးလာတာကြောင့် ပြန်ချထားရပြန်တယ်။ တတိယအကြိမ် မပေမယ့်လည်း ဆင်းတုက လေးလွန်းတာကြောင့် မ မရပြန်ဘူး။ သိပ်မကြာခင်မှာပဲ ဆင်းတု သွားမယ့် ကုန်းဆင်းတောင်စောင်း တစ်ခုလုံးဟာ ပြိုကျသွားတာ တွေ့ရတယ်။ အကယ်၍ ဘာသိိုလိုမယ် ဆင်းတုကို မခွင့် ရလို့ မြို့နေ လူထု တစ်ရပ်လုံးက ကုန်းဆင်း လမ်းကို ဆက်လျှောက်သွားမယ် ဆိုရင် မြို့သူမြို့သား အကုန်လုံးနီးပါး မြေပြိုခံရပြီး အသက်ဆုံးရှုံးမှာ ဖြစ်တယ်။ Lipari ဒေသခံများကို ကယ်တင်ဖို့ အတွက် စိန့် ဘာသိုလိုမယ် ပြသတဲ့ တန်ခိုးလက္ခဏာ အဖြစ် မှတ်ယူကြတယ်။

နောက် တန်ခိုးလက္ခဏာက ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းမှာ ဖြစ်ပျက်ခဲ့တယ်။ ဖက်ဆစ်အစိုးရက သူတို့တွေ စစ်လက်နက် ထုတ်ဖို့ အတွက် ဘာသိုလိုမယ် ငွေသား ဆင်းတု ရုပ်တုတွေကို အရည်ကြိုဖို့ ဆုံးဖြတ်ခဲ့တယ်။ ဆင်းတုကို မထုတ်လာကြပြီး အလေးချိန်ကြည့်တဲ့ အခါမှာ ငွေသားဆင်းတု အလေးချိန်မှာ ဂရမ် အနည်းငယ်သာ တွေ့ရတာကြောင့် ဖက်ဆစ် အာဏာပိုင်များဟာ ဆင်းတုကို အရည်မကြိုဖို့ အတွက် ဆုံးဖြတ်လိုက်ကြတယ်။ Lipari ဒေသရှိ ကက်သီဒြယ်ကြီးထဲကို ဘာသိုလိုမယ် ငွေသားဆင်းတုကို ပြန်လည် ယူဆောင်လာခဲ့တယ်။ နောက်ပိုင်းမှာတော့ ဘာသိုလိုမယ် ငွေသားဆင်းတုဟာ ကီလိုဂရမ်ပေါင်းများစွာ အလေးချိန်ရှိတဲ့ ငွေသား ဆင်းတုမှန်း သိရှိရတယ်။ အရည်ကြို မခံရအောင် ပြသတဲ့ တန်ခိုးလက္ခဏာ အဖြစ် မှတ်ယူကြတယ်။

စိန့် ဘာသိုလိုမယ်ဟာ အလေးချိန်များနဲ့ ပတ်သက်တဲ့ တန်ခိုးလက္ခဏာပေါင်းများစွာ ပြသခဲ့ကြောင်း ယုံကြည်လက်ခံကြတယ်။

တပည့်တော်ကြီး ဖိလစ်က ယေဇူးသခင်ကို မိတ်ဆက်ပေးခဲ့တဲ့ အခန်းမှာ နသန်နီယယ် ဆိုတာဟာ တပည့်တော်ကြီး ဘာသိုလိုမယ် ဖြစ်တယ်လို့ ယူဆခဲ့ကြတယ်။ သူဟာ ပွင့်ပွင်းလင်းလင်း ဒဲ့ထိုးပြောတတ်တာကြောင့် ယေဇူးသခင်က သူ့အမူအကျင့်ဟာ “True Israelite” အစ္စရေးသား စစ်စစ်ပဲလို့ ခေါ်ဝေါ်ခဲ့တယ်။

ဒါပေမယ့် ခေတ်သစ် ကျမ်းစာပညာရှင်အချို့က နသန်နီယယ်နဲ့ ဘာသိုလိုမယ် တို့ဟာ အတူတူပဲ ဆိုတဲ့ အယူအဆကို ငြင်းပယ်ကြတယ်။

ကက်သလစ် အသင်းတော်နဲ့ အင်္ဂလိကန် အသင်းတော်မှာက သူ့ရဲ့ ပွဲနေ့ကို သြဂုတ်လ ၂၄ မှာ ကျင်းပကြပြီး အရှေ့တိုင်း အသင်းတော်မှာတော့ ဇွန်လ ၁၁ ရက်နေ့ အဖြစ် ဂုဏ်ပြု သတ်မှတ်ကြတယ်။ အလက်ဇင်းဒါး မြို့ရဲ့ ကော့ပ်တစ် သြသိုဒေ့ါ အသင်းတော် Coptic Orthodox Church ရဲ့ ထုံးတမ်းအရတော့ သူ့ပွဲတော်ကို စက်တင်ဘာလ ၁၁ ရက်နေ့မှာ သတ်မှတ်တယ်။

Lawrence Jangma Mung Song

 

Add new comment

12 + 5 =