သန်ရှင်းဖြူစင်သော "မာရီယား" အား ဘုရားကျောင်းတော်သို့ အပ်နှံခြင်းပွဲ

 

သန်ရှင်းဖြူစင်သော "မာရီယား" အား ဘုရားကျောင်းတော်သို့ အပ်နှံခြင်းပွဲ

ပွဲနေ့- နိုဝင်ဘာလ၊ ၂၁ ရက်နေ့

 

ဒီပွဲတော်နေ့ကြီးကို အမိကက်သလစ်သာသနာကြီးက နှစ်စဉ် နို၀င်ဘာလ ၂၁ ရက်နေ့မှာ ကျင်းပ လေ့ရှိပါတယ်။ နောင်တစ်ချိန်မှာ ဘုရား၏ မယ်တော်ဖြစ်လာမဲ့ သုံးနှစ်အရွယ် "မာရီယား" သူငယ်မလေးကို မိဘများဖြစ်ကြတဲ့ "ဂျောကိမ်းနှင့် အာနား" တို့က "ဂျေရုဆလင်မြို့"ရဲ့၊ ဘုရားကျောင်းတော်ကြီးထဲမှာ အပ်နှံပူဇော်ကြခြင်းဖြစ်ပါတယ်။

 

အဲဒီအချိန်က ကလေးမရနိုင်ခြင်းကို ဘုရားရဲ့ ကျေးဇူးတော်မခံရဘူးလို့ သတ်မှတ်ကြတာကြောင့်မို့ "ဂျော်ကိမ်းနှင့် အာနား" တို့ ဇနီးမောင်နှံဟာ မျက်နှာငယ်ရတာပေါ့။ ဒါကြောင့်မို့ သူတို့ နှစ်ဦးလုံး ဘုရားရှင်ရဲ့ မျက်မှောက်တော်မှာ မျက်နှာသာကဖို့ အမြဲဆုတောင်းလေ့ရှိပြီး ကလေးရဖို့အခွင့်ပေးခဲ့ရင်လဲ "ဘုရားကို ပူဇော်အပ်နှံပါမည်" ဆိုတဲ့ ကတိကဝတ်ကို ပြုခဲ့ကြတာပေါ့။

 

များမကြာခင်မှာ "ဂျော်ကိမ်းနှင့် အာနား" ဟာ ကလေးရမယ်ဆိုတာ ကောင်းကင်တမာန်မှတစ်ဆင့် သတင်းစကားကိုလက်ခံရရှိခဲ့ကြတယ်။ ဒီမိဘနှစ်ပါးဟာ ဘုရားရှင်ပေးတဲ့ သမီးငယ်လေး မွေးနေ့ပွဲရောက်တိုင်းလဲ သမီးငယ်လေး မာရီယားကို ဘုရားကျောင်းဗီမာန်တွေမှာ ခေါ်ပြီး ယဇ်ပရောဟိတ်တွေကို ကောင်းကြီးပေးခိုင်းလေ့ရှိတယ်။

 

မာရီးယားအသက် နှစ်နှစ်ပြည့်တဲ့ မွေးနေ့ပွဲမှာ ထင်ထင်ရှားရှား ယဇ်ပရောဟိတ်တွေပေးခဲ့တဲ့ ကောင်းကြီးက " ဤသူငယ်အား ကမ္ဘာအဆက်ဆက် တည်မြဲသော မြင့်မြတ်သော အမည်နာမကို ပေးသနားတော်မူပါ။ တစ်ကမ္ဘာလုံးမှ ခေါ်ဆိုမည့် သန့်ရှင်းမြင့်မြတ်သောအမည်ကို ပေးတော်မူပါ။" ဆိုပြီး ကောင်းကြီး‌ပေးခဲ့ ကြတာ ယနေ့အချိန်မှာ ကက်သလစ်ဘာသာဝင် များက မယ်တော်ကို ခေါ်ဝေါ်ကြတဲ့ အမည်နာမများထဲက သိကြားမင်း ဂါဗြီအဲလ်ကိုယ်တိုင် ခေါ်ဝေါသမုတ်တဲ့ ဂုဏ်နာမတစ်ခုဖြစ်တဲ့ "ဂုဏ်ကျေးဇူးအပေါင်းနှင့်ပြည့်စုံသော မယ်တော်သခင်မ" လို့ ခေါ်ဝေါကြပါတယ်။

 

သက်ကြီးခါမှ သမီးလေး "မာရီယား" မွေးဖွားခြင်းအတွက် ဘုရားသခင်ပေးတဲ့ ဆုကျေးဇူးတော်ကို ကျေးဇူးဆပ်တင်တဲ့အနေနှင့် "ဂျောကိမ်းနှင့် အာနား" ဟာ တစ်ဦးတည်းသော သမီးငယ်လေးဖြစ်တဲ့ သုံးနှစ်သားအရွယ် သမီးလေးမာရီယားကို သခင်ဘုရားထံ ဆက်ကပ်အပ်နှံဖို့ ဗိမာန်တော်သို့ခေါ်ဆောင်သွားခဲ့ကြတယ်။

 

ဒီပွဲတော်ကို "ဘီစီဇင်တိုင်း ကက်သလစ်အသင်းတော်(Byzintine Catholic)" က ၁၁ ရာစုတွင်ပထမဆုံးမှတ်တမ်းတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ၁၅ရာစုမှာ ပုပ်ရဟန်းမင်းကြီး "ဂရီဂေါ်ရီ (၁၁)" မှ ရိုမင်ကက်သလစ်အသင်းတော်မှာ စတင်မိတ်ဆက်ပေးခဲ့ပြီး ၁၆ ရာစုအလယ်ပိုင်း‌ ရောက်တော့ ပုပ်ရဟန်းမင်းကြီး "ပိုင်းယားစ် (၅) (Pius V)" က အသင်းတော်ရဲ့ ပြက္ခဒိန်ထဲကနေ ပယ်ချခဲ့ပါတယ်။

 

၁၅၈၅ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး "ဆစ်စတူးစ် (၅) Sixtus (V)" မှ ဒီပွဲကိုပြန်လည်ကျင်းပစေခဲ့ပြီး မယ်တော်ရဲ့ မိဘနှစ်ပါးများဖြစ်ကြတဲ့ ဂျော်ကိမ်းနှင့် အာနားတို့ရဲ့ ယုံကြည်ခြင်းကို သတိတရ အောက်မေ့ရင်း မယ်တော့်ရဲ့ ဖြူစင်ခြင်းကို ယနေ့ထိတိုင်ကျင်းပကြပါတယ်။

# # # # # # # # # # # # # # # # #

ကြယ်စင်လေး (SJA)

Ref: CNA

 

Add new comment

5 + 5 =