လူတွေကိုယ့်အပေါ်တန်ဖိုးထားအောင်

 တစ်ခါတစ်လေ ကိုယ့်ဘက်က ဘယ်လောက်ပဲ ကောင်းပြနေပါစေ၊ ဘယ်လောက်ပဲ အလိုက်သိနေပါစေ ကိုယ့်ဆိုရင် ဘယ်တော့မှ တန်ဖိုးမထားချင်တဲ့ လူတစ်ချို့ ကြုံဖူးကြမှာပါ။

ကိုယ်ကလည်း အားနာတတ်တယ်။ ပြောဖို့လည်း ခက်နေတယ်။ မပေါင်းမဖြစ်လည်း ပေါင်းနေရအုံးမယ်ဆိုရင် ဒီနည်းလေးတွေကို သုံးကြည့်ပါ။

၁ - မလျော့မတင်း ဆက်ဆံကြည့်ပါ။

အရမ်းကြီး ပေါရင်လည်း ကိုယ့်ကို ငပေါလို့ မြင်တတ်သလို အရမ်းကြီးတည်တည်တန့်တန့်ကြီး နေရင်လည်း မာနကြီးတယ်၊ ဆက်ဆံရေးကျဲတယ်လို့ မြင်တတ်ပါတယ်။

လူတွေနဲ့ ပေါင်းရတာ တကယ်မလွယ်တဲ့အလုပ်ပါ။

ဒီတော့ ပတ်ဝန်းကျင်နဲ့ အလိုက်အထိုက်ပေါင်းသင်းပါ။

လူအမျိုးမျိုးရှိတဲ့အတွက် ကိုယ်ပေါင်းရတဲ့ လူတွေရဲ့ပုံစံပေါ်လိုက်ပြီး နေထိုင်တတ်ဖို့လိုပါတယ်။

အခြေအနေအရ တစ်ချို့လူတွေနဲ့ မပေါင်းချင်လည်း ပေါင်းနေရမှာပါ။

ဒါ့ကြောင့် မလျော့မတင်းလေး ဆက်ဆံတတ်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။

တစ်ခါတစ်လေ ပေါပေါတောတောနဲ့ ပျော်ပျော် နေပေးလိုက်ပါ။

တစ်ခါတစ်လေတော့လည်း သင့်မှာ တန်ဖိုးရှိတယ်ဆိုတာကို သိအောင် ခပ်တင်းတင်းလေး နေပေးလိုက်ပါ။

၂ - သူများအတင်းကိုပြောပေးပါ။ နည်းနည်းတော့ ရယ်စရာကောင်းနေပါလိမ့်မယ်။ သူများအတင်းပြောရမယ်ဆိုတော့လေ။

တကယ်တော့ လိုအပ်ပါတယ်။ သူများအတင်းကို သွားပုတ်လေလွင့် အပြောခိုင်းနေတယ်လို့တော့ မထင်စေချင်ပါဘူး။

အဓိကပြောချင်တာက သင်မကြိုက်တာတွေ၊ သင့်အပေါ်မပြုမူစေချင်တာတွေကို သူများကို အသုံးချပြီး သွယ်ဝိုက်ပြီး ပြောစေချင်တာပါ။

ဥပမာ - အလိုက်မသိတတ်တဲ့သူတွေကို သင်က မကြိုက်ဘူးဆိုပါစို့။ သင်နဲ့ပေါင်းသင်းနေတဲ့ သူတွေကြားမှာ ဒီလိုအတင်း ပြောပါ။

“အဲ့ကောင်ကတော့ကွာ သူများအိပ်နေတာကို နားမလည်ဘူး ထင်ပါရဲ့။ သီချင်းတွေ အကျယ်ကြီးအော်ဆိုနေတာ။ အလိုက်ကို မသိဘူး။

တကယ် စိတ်ပျက်ဖို့ ကောင်းတယ်။ ငါ့ကို အဲ့လိုလာမလုပ်နဲ့ ငါမကြိုက်ဘူး”ဆိုတာမျိုးပေါ့။

အဲ့ဒီလို သွယ်ဝိုက်ပြီးပြောချင်းဟာ တကယ်ထိရောက်ပါတယ်။

သင့်ရဲ့အတင်းစကားကို ကြားမိတဲ့သူတွေက သင် အိပ်နေတဲ့အခါ သီချင်းတွေအော်ဆိုဖို့ မပြောနဲ့ စကားတောင် အကျယ်ကြီး မပြောရဲတော့ပါဘူး။

မယုံရင် စမ်းကြည့်ပါ။ ဒါပေမယ့် ကိုယ်တိုင်ကလည်း ပတ်ဝန်းကျင်ကို အလိုက်သိဖို့၊ လေးစားဖို့ လိုပါတယ်။

ဘယ်လို ပြောပြော မရတော့ဘူးဆိုရင်။

၃ -ခဏလောက် လျစ်လျူရှုကြည့်ပါ။ ကိုယ်ချစ်တဲ့သူကိုတော့ ဘယ်သူမှ အကြာကြီး စကားသွားမပြောပဲ မနေနိုင်ပါဘူး။

ဒီတော့ ခဏလောက် အချိန်အတိုင်းအတာ တစ်ခုလောက် တည်တည်ငြိမ်ငြိမ် နှုတ်ဆိတ်ပြီး နေကြည့်ပါ။

မင်းတို့လည်း လုပ်ချင်ရာလုပ်တော့ ငါလည်း ဘာမှမပြောတော့ဘူးဆိုတဲ့ ပုံစံမျိုးပေါ့။

အရင်တုန်းကလို ရင်းရင်းနှီးနှီးပုံစံမျိုး မနေတော့ပဲနဲ့ ခပ်တည်တည်လေး နေကြည့်ပါ။

တစ်ခါတစ်လေ ဘာမှပြန်မပြောပဲ နှုတ်ဆိတ်စွာနေခြင်းဟာ အကောင်းဆုံးအဖြေတစ်ခုပါ။

လူတစ်ယောက်အပြစ်လုပ်တဲ့ အခါတိုင်း မင်းမှားတယ်လို့ ပြောလိုက်မိရင် အဲ့ဒီလူဟာ သူ့ကိုယ်သူ မှားမှန်းသိတာတောင် သူ့အမှားကို ဘယ်တော့မှ မမြင်နိုင်တော့ပဲ တစ်ချိန်လုံး သူမမှားကြောင်းကို သက်သေပြဖို့ ကြိုးစားတော့မှာပါ။

မရင့်ကျက်သေးတဲ့သူဆိုရင် သင့်ကို ရွဲ့တော့မှာပါ။

မဆူပါနဲ့ ပြောရင် ပိုဆူပါလိမ့်မယ်။ ကျွန်တော့်အထင်တော့ လူတစ်ယောက်ရဲ့ မာနကြောင့်လို့ ထင်ပါတယ်။

တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင် မှားမှန်းသိပေမယ့် တစ်ခြားတစ်ယောက်က ကိုယ့်ကို မင်းမှားတယ်လို့ လာပြောရင် မကြိုက်တဲ့သူက ပိုများပါတယ်။

ဒီတော့ မင်းမှားတယ်လို့ ပြောတာထက် နှုတ်ဆိတ်နေခြင်းက အကောင်းဆုံးအဖြေတစ်ခုပါ။

သင်နဲ့အရင်းနှီးဆုံးသူတစ်ယောက်က သင့်ကို ရှောင်နေတယ်လို့ ခံစားရတဲ့အခါ သင် ဘာတွေးမိလဲ။

ငါဘာများမှားလို့လဲ၊ သူမကြိုက်တာ ဘာလုပ်မိလို့လဲ ဆိုတာတွေကို တွေးမိမှာပါ။ ဒါဟာ အဖြေပါပဲ။

ဒါပေမယ့် သင်ကိုယ်တိုင်က တန်ဖိုးရှိအောင် မနေသ၍၊

သင်ကိုယ်တိုင်က တစ်ခြားလူတွေအပေါ် လေးလေးစားစား မဆက်ဆံသ၍ ဘယ်သူကမှလည်း သင့်ကို တန်ဖိုးထားမှာမဟုတ်သလို

ဘယ်သူကမှလည်း သင့်ကို လေးစားမှာ မဟုတ်ပါဘူး။

နောက်ထပ်သတိထားရမယ့်အချက်က သင့်ဘက်က ဘယ်လောက်ပဲ တန်ဖိုးရှိနေပါစေ

သင့်ကို လုံးဝအထင်မကြီးတဲ့ သူတွေလည်း ရှိကိုရှိနေမှာပါ။ဒီတော့ ကိုယ့်ကို မလေးမစားလုပ်ရကောင်းမလားဆိုပြီး ဘာမှ ဝမ်းနည်းနေစရာ၊

ဒေါသထွက်နေစရာ မလိုတော့တာပေါ့။

သင်ကိုယ်တိုင်က ခွင့်မပြုဘဲ ဘယ်သူကမှ သင့်ကိုစိတ်ဆင်းရဲအောင် ပြုလုပ်လို့မရဘူး။

Add new comment

8 + 7 =