ရုန်းထွက်ပါ

အပြောင်းအလဲကို စတင်ဖို့အတွက် အရင်ဆုံး လုပ်ရမှာက ကိုယ့်တာဝန် ကိုယ် စယူဖို့ပဲ ။

 ပိုပြီး ကောင်းမွန်တဲ့ ဘဝတစ်ခုကို ရဖို့အတွက်က ကြိုးစားအားထုတ်မှုတွေ လုပ်ရတယ် ။

အဲဒီအားထုတ်မှုတွေကို လုပ်နိုင်လျက်သားနဲ့ မလုပ်ဘူးဆိုရင် ကိုယ့်မှာ အပြစ်ရှိသလို ခံစားရတယ်။

ဒီတော့ ကိုယ့်ရဲ့ လက်ရှိဖြစ်တည်မှုနဲ့ ပတ်သက်လို့ ကိုယ်တိုင်က လွဲလို့ တခြားသူတွေ အကုန်လုံးမှာ တာဝန်ရှိသလို ပုံချထားလိုက်တယ် ။

ကိုယ့်မိဘတွေကြောင့် ၊ ကိုယ့်အသိုင်းအဝိုင်းကြောင့် ၊ အရင်က အဖြစ်အပျက်တွေကြောင့် ၊ အထက်အရာရှိကြောင့် ၊

အသက်ကြီးလာတာကြောင့် စသဖြင့် ဘာကြောင့် ညာကြောင့်တွေကြောင့် ငါ့ဘဝ ဒီလိုဖြစ်နေရတာပါဆိုပြီး ပစ်ထားလိုက်တယ် ။

ငါ့ဘဝရဲ့ ဖြစ်တည်မှုတွေဟာ ငါ့ကြောင့် ဖြစ်လာရတာ ၊ ငါ့ရဲ့ ရွေးချယ်မှုတွေနဲ့ လုပ်ရပ်တွေကြောင့်ပါလို့ ကိုယ့်ကိုယ်ကိုယ် တာဝန်စပြီး မယူဘူးဆိုရင် အပြောင်းအလဲဆိုတာ ဖြစ်လာမှာမဟုတ်ဘူး ။

ကိုယ့်ဘဝရဲ့ ရွေးချယ်မှုတွေနဲ့ ကိုယ့်ရဲ့ လက်ရှိအနေအထားအတွက် တာဝန်စယူပါ ။

ဆင်းဆင်းရဲရဲမွေးလာတာ ကိုယ့်အပြစ်မဟုတ်ဘူးဆိုတာ မှန်တယ် ။ ဒါပေမယ့် အဲဒါကိုပဲ တစ်သက်လုံးအပြစ်တင်ရင်း သေဆုံးသွားရရင်တော့ ကိုယ့်အပြစ်ပဲ ။ သာမန်ဘဝလောက်မှာပဲ မကျေနပ်နဲ့

ဒါကို ရောင့်ရဲတာလို့ အဓိပ္ပာယ်ဖွင့်ကြတာလည်း ရှိတယ် ။ တကယ်က Comfort Zone ထဲမှာ ပျော်မွေ့နေတာပါ ။

ဆက်ပြီး အားထုတ်မှုတွေ မလုပ်ချင်တော့ဘူး၊ မကြိုးစားချင်တော့ဘူး ။ မရုန်းကန်ချင် တော့ဘူး ။ ဒီတော့ အခုလောက်လေးလည်း မဆိုးပါဘူးလေဆိုပြီး ဖြေသိမ့်တယ် ။

လူတိုင်း ဒီလိုစိတ်ထားရမယ်လို့တော့ မဆိုလိုပါဘူး နောက်ဆုံးမှာ ကိုယ့်ရဲ့ပျော်ရွှင်မှုက အရေးအကြီးဆုံးပဲ မဟုတ်လား ။

ကိုယ့်ပျော်ရွှင်မှုအစစ်အမှန်က အေးအေးချမ်းချမ်း နေသွားချင်တာဆိုရင်လည်း ရတာပါပဲ ။

ဒါပေမယ့် ကိုယ့်လုပ်ရပ်က နောက်အနှစ် ၂၀ ၊ ၃ဝ လောက်မှာ ကိုယ့်ကိုယ်ကိုယ် မမုန်းနေဖို့တော့ လိုတယ် ။

ထိပ်ပိုင်းကို မရောက်နိုင်တာရဲ့ မကောင်းတဲ့အချက်ကတော့ သူများ သနားမှ ချမ်းသာရာရမယ့် ဘဝမှာ နေရတာပဲ ။

ရုံးတစ်ရုံးမှာ ဘယ်နေရာမှ မထူးချွန်တဲ့ မဖြစ်ထွန်းတဲ့သူတွေက အထက်အရာရှိကို အဖားရဆုံးပဲ ။

အလုပ်ပြုတ်သွားမှာ အကြောက်ရဆုံးပဲ ။ ကိုယ့်ကိုယ်ကိုယ် အဲဒီအနေအထားကို မတွန်းပို့ပါနဲ့ ။  ကိုယ့်ရဲ့ အားသာချက်တွေကို ရှာပါ ။

သိထားဖို့အချက်က ကိုယ်က နေရာတိုင်းမှာတော့ ဆရာကြီး ဖြစ်မနေနိုင်ဘူးဆိုတာပဲ ။

နေရာတိုင်းမှာ တော်နေတဲ့သူဆိုတာ မရှိဘူး ။ အဲဒီလို နေရာတိုင်း တော်နေချင်ပြီး ဘယ်နေရာမှာမဆို ကိုယ်ပဲ ဆရာကြီးဖြစ်ချင်နေလို့ မရဘူး ။ ဒါကြောင့် ကိုယ့်ရဲ့

အားသာချက်က ဘယ်နေရာမှာ ရှိတာလဲဆိုတာကို ရှာပါ။

စကားပြောတဲ့နေရာလား ၊ စာရေးတဲ့နေရာလား ၊ ဆန်းသစ်တီထွင်မှုတွေလုပ်တဲ့ နေရာမှာလား ။ အဲဒါကို သိအောင်လုပ်ပါ ။

 ကိုယ့်ရဲ့ အားသာချက်တွေကို အသုံးချပြီး သွားလို့ရနိုင်မယ့် ပန်းတိုင် သတ်မှတ်ပါ ။

လူတော်တော်များများက သူတို့ကိုယ်တိုင် ဘာဖြစ်ချင်မှန်း မသိကြဘူး ။

ဘယ်နေရာရောက်လို့ ဘာတွေလုပ်နေမှန်းကိုလည်း မသိဘူး ။ ဒီတော့ လုပ်ချင်ရာလုပ်ပြီး ရောက်ချင်တဲ့နေရာ ရောက်နေကြတာ ။

ဒီလိုမဖြစ်အောင်ဆိုရင် ကိုယ့်ရဲ့အားသာချက်တွေကို အသုံးချပြီး ကိုယ်ဘယ်ကို သွားချင်တာလဲ ။ ဘာဖြစ်ချင်တာလဲ ။

အချိန်ဘယ်လောက်အတွင်း ဖြစ်ချင်တာလဲဆိုတာကို သိမှရမယ် ။

အဲဒါမှ နေ့ရက်တိုင်းမှာ ၊ လတိုင်း ၊ နှစ်တိုင်းမှာ ကိုယ်က ပန်းတိုင်နဲ့ နီးရာကို သွားနေလား ဝေးသွားလားဆိုတာကို ဆန်းစစ်နိုင်လိမ့်မယ် ။ စည်းကမ်းရှိပါ။

အပြောင်းအလဲရဲ့ အရေးအကြီးဆုံးအပိုင်းကတော့ စည်းကမ်းပဲ ။ လူတွေမှာ ဖြစ်ချင်တာတွေရှိတယ် ။ ဒါပေမယ့် စည်းကမ်းတော့မရှိဘူး။

ကိုယ်အလေးချိန်ချချင်တယ် ။ အင်္ဂလိပ်စာတတ်ချင်တယ် ။ ဝင်ငွေ ကောင်းချင်တယ် ။

ပညာတတ်ချင်တယ် ။ ဒါပေမယ့် အဲဒါတွေ အကုန်လုံးကို အလကားလိုချင်တာ ။ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ရမယ့် စည်းကမ်းတော့ မရှိဘူး ။

မေးခွန်းက ဘယ်လိုလုပ်ရမှာလဲဆိုတာ မဟုတ်ဘူး။ လုပ်မှာလား မလုပ်ဘူးလား ဆိုတာပဲ ။

ဥပမာ ကိုယ်အလေးချိန် ဘယ်လိုချရမလဲမသိဘူးလား၊ အင်္ဂလိပ်စာ ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူးလား။

သိတယ် မလုပ်တာ ။ ကြိုးစားအားထုတ်မှုကို စည်းကမ်းမရှိနိုင်တာ ။ ကိုယ့်မှာ ဆုံးဖြတ်ချက်ရှိတယ်ဆိုရင် စည်းကမ်းရှိပါ ။

မဟုတ်ရင်တော့ ဘယ်မှမရောက်နိုင်ဘူး ။ ပန်းတိုင်ကိုရောက်ဖို့ လမ်းကိုပဲမြင်အောင်ကြည့် ။

အခက်အခဲတွေကြောင့် စိတ်ပျက်မသွားနဲ့ ။ မတွန့်သွားနဲ့ ။ တောင်တက်ရတာ ဘယ်တော့မှ သက်သောင့်သက်သာ မရှိဘူး ။

ဒါပေမယ့် တောင်ထိပ်ပေါ်က မြင်ကွင်းကို တောင်တက်ခဲ့သူတွေပဲ မြင်ရနိုင်တယ် ။ အရာရာကို ဂရုလိုက်စိုက်မနေနဲ့ ။

ကိုယ့်အတွက် အဓိကကျတဲ့ အရာတွေနဲ့ သာမည ဗလုံးဗထွေးတွေနဲ့ကို ခွဲခြားသိမှ ဖြစ်မယ် ။

စကားပုံတစ်ခုအတိုင်းပဲ ပြောရရင် “ လမ်းမှာ ဟောင်သမျှ ခွေးတိုင်းကို ခဲနဲ့ထုနေရရင် ကိုယ်သွားချင်တဲ့လမ်းကို ရောက်မှာမဟုတ်တော့ဘူးတဲ့ ။

အရေးလုပ်သင့်တာတွေပဲ အရေးလုပ်ပါ ။ သူများတွေရဲ့ထင်မြင်ယူဆချက်တွေက ကိုယ့်အတွက် ဘာကြောင့် အရေးကြီးနေရမှာလဲ ။

ဝေဖန်တာတွေ ၊ ငြင်းပယ်ခံရတာတွေ ၊ အဆိပ်အတောက်များတဲ့ လူတွေ ၊ ဖိအားတွေကို ဂရုစိုက်နေရရင် ဘယ်မှသွားနိုင်မှာမဟုတ်ဘူး ။ သေချာစဉ်းစားကြည့် ၊ ကိုယ့်ကိုအကောင်းမြင်တဲ့သူအတွက် အရာရာက ကောင်းတယ် ။

ကိုယ့်ကို အဆိုးမြင်တဲ့သူအတွက်လည်း ကိုယ် ဘာတွေပဲ ကောင်းတာလုပ်လုပ် သူ့အမြင်မှာ ဆိုးနေမှာပဲ ။ ဒီတော့ ဘာကြောင့် ဂရုစိုက်နေတော့မှာလဲ ။  လူရွေးပေါင်းပါ။

အဆင့်အတန်း ခွဲခြားခိုင်းတာ မဟုတ်ဘူး ။ ချမ်းသာတဲ့သူတွေနဲ့ပဲ ပေါင်းခိုင်းနေတာ မဟုတ်ဘူး ။ ကိုယ့်အတွက် သင့်တော်တဲ့သူတွေကို ရွေးပေါင်းခိုင်းတာပါ ။

လူတစ်ရာမှာ ကိုးဆယ်က ဘာမှမဟုတ်တဲ့သူတွေဖြစ်မှာ ။

ကိုယ့်ရဲ့လုပ်ရပ်တွေ အတွေးအခေါ်တွေနဲ့ ကြိုးစားအားထုတ်မှုတွေက အများစုနဲ့ တူနေပြီဆိုရင်

ကိုယ့်ကိုယ်ကိုယ် ဘယ်နေရာရောက်နေလဲဆိုတာ သူများ သွားမေးနေစရာမလိုဘူး ။ ပတ်ဝန်းကျင်က အရမ်းစကားပြောတယ် ။

ကိုယ် အလေးချိန်ချနေတဲ့သူက အစားအသောက် သောင်းကြမ်းတဲ့သူတွေနဲ့ပဲ ပေါင်းသင်းနေရင် ဘယ်တော့မှ ကိုယ်အလေးချိန် ကျနိုင်မှာမဟုတ် ဘူး ။

အဲဒီလိုပဲ တိုးတက်ချင်တဲ့သူက ငပျင်းတွေနဲ့ ချည်းပေါင်းနေရင်တော့ သူလည်း ဘယ်တော့မှ အဲဒီ နွံထဲက ထွက်နိုင်မှာမဟုတ်ဘူး ။ စိတ်ရှည်ပါ။

ဆက်လက်သင်ယူမှုတွေ အမြဲလုပ်ပါ။

အပြောင်းအလဲက စိတ်ရှည်ရတယ် ။ ချက်ချင်းလက်ငင်း ရသွားနိုင်တာမျိုး မဟုတ်ဘူး ။

တစ်သက်လုံး အင်္ဂလိပ်စာမတတ်လာဘဲ တစ်ပတ်လောက်သင်ပြီး ဘာမှလည်းမထူးဘူး။

ဆက်မလုပ်ချင်တော့ဘူးဆိုရင်တော့ ဒီလောက် ဖွ-တ်ဖြစ်မယ့်ကောင် ကိုယ့်ကိုယ်ကိုယ် သ-တ်ေ-သဖို့သာ ကောင်းတော့တယ် ။

ပန်းသီးတစ်နေ့တစ်လုံးစားရင် ဆရာဝန်နဲ့ဝေးတယ်တဲ့။ဒါပေမယ့် တစ်ရက်တည်း ပန်းသီးခုနစ်လုံးစားရုံနဲ့တော့ လိုချင်တဲ့ရလဒ် မရနိုင်ဘူး ။

စိတ်ရှည်ပါ။ နောက်ထပ် အရေးကြီးတာ တစ်ခုကတော့ ဆက်လက်သင်ယူမှုတွေ လုပ်ပါ။

လူရဲ့တိုးတက်ဖွံ့ဖြိုးမှုက သင်ယူမှုကို ရပ်တန့်လိုက်တာနဲ့ ဆုံးခန်း တိုင်ပါတယ်။ကိုယ်က တစ်နေရာတည်း ရပ်နေချင်တဲ့သူမဟုတ်ဘူးဆိုရင် ဆက်လက်သင်ယူပါ ။

မညည်းနဲ့ ၊ အကြောင်းပြချက် မပေးနဲ့ ၊ လူတွေက ကိုယ့်ရဲ့နောက်ခံ အကြောင်းရင်းတွေကို စိတ်မဝင်စားဘူး။

နောက်ဆုံးမှာ သူတို့ စိတ်ဝင်စားတာ ကိုယ်က ဘာကောင်လဲ ၊ ဘယ်လိုလူလဲ ၊ ဘယ်လောက် အောင်မြင်မှုတွေ ရထားပြီးပြီလဲဆိုတာပဲ။

အရေးပါမှ အရာပေးပါတယ် ။ ကိုယ်က အရေးမပါတဲ့သူဆိုရင်တော့ အရေးမပါသလို ဆက်ဆံခံရမှာပဲ။ အဲဒါ ကိုယ့်အပြစ်ပဲ။

Add new comment

2 + 7 =