ရဟန္တာ အလွိုက်ရှက် ဂွန်ဇာဂါ

စိန့်အလွိုင်ရှပ်စ်ဂွန်ဇာဂါသည် လူငယ်များ၊ ကျောင်းသူ/သားများနှင့် ရောဂါသည်များကို စောင့်ရှောက်သည့် ရဟန္တာဖြစ်သည်။ သူသည် ၁၅၆၈ခုနှစ်၊ အီတလီနိုင်ငံမြောက်ပိုင်းရှိ မင်းမျိုးမင်းနွယ် မိသားစုမှ မွေးဖွားခဲ့သည်။ သူ၏ငယ်နာမည်မှာ လွီဂျီဖြစ်သည်။ ဖခင်စစ်ဗိုလ်ကြီး၏ အလိုအရ (၅)နှစ် အရွယ်ကပင် စစ်ပညာကို စတင်သင်ယူ ခဲ့ရပြီး စစ်သားများ၏ ကြမ်းတမ်းသည့် စရိုက်ကို အတုယူ လိုက်လုပ်ခဲ့သော်လည်း ဘုရားတရား ကြည်ညိုကိုင်းရှိုင်းသည့် မိခင်ကြောင့် ဖြူစင်သည့် ဘ၀ကို အလွိုင်ရှပ်စ် ပိုမြတ်နိူး လာခဲ့သည်။ ထို့ကြောင့် အစာရှောင် ဆုတောင်းခြင်း၊ ခြိုးခြံခြင်းများ ပြုလုပ်ကာ သူ့အသက် (၉)နှစ်အရွယ်၌ ဖြူစင်ခြင်းပါရမီကို အမြဲစောင့်ထိန်းမည်ဟု မယ်တော်သခင်မထံ တိတ်တဆိတ် ကတိသစ္စာ ဆိုခဲ့သည်။
ထိုအချိန်တွင် အာရှဒေသ၊ အိန္ဒိယနိုင်ငံတွင် သာသနာပြု နေကြသည့် ဂျက်ဇွစ် (ယေဇူးအသင်းသား)များဖြစ်သည့် စိန်ဖရန်စစ်ဇေးဗီးယားနှင့် အဖွဲ့သားများ၏ အတွေ့အကြုံများအကြောင်း စာအုပ် စာပေဖတ်ရှု လေ့လာပြီးနောက် ဂျက်ဇွစ်အသင်းသို့ ဝင်ရန် ဆုံးဖြတ်ခဲ့သည်။ စစ်သူကြီး ဖြစ်ခိုင်းချင်သည့် သူ၏ ဖခင်အား…
“ကမ္ဘာတစ်ခုလုံး၏ ဘုရင်ဖြစ်ခြင်းထက် ဘုရားသခင်၏ ကလေးတစ်ဦး ဖြစ်ခြင်းသာ ပို၍ကောင်းသည်” ဟု အလွိုင်ရှပ်စ် ပြန်ဖြေ ခဲ့သည်။
“It is better to be a child of God than the king of the whole world”
ဖခင်က သူ့ကို အမျိုးမျိုးကြိုးစား တားမြစ်၍ မရသည့်အဆုံးတွင် ခွင့်ပြုလိုက်ရ၏။ အလွိုင်ရှပ်စ်သည် သူ၏ ရပိုင်ခွင့်နှင့် မိသားစုအမွေအားလုံးကို ညီဖြစ်သူအား လွှဲအပ်ပြီး ၁၅၈၅ခုနှစ်တွင် ရောမမြို့ရှိ Society of Jesus (Jesuit Order) ဂျက်ဇွစ်အသင်းဂိုဏ်း ထဲသို့ ဝင်ခဲ့သည်။
အလွိုင်ရှပ်စ် ကိုရင်ဘ၀ဖြင့် သီအိုလောဂျီ (ဓမ္မပညာရပ်) သင်ယူနေစဉ် ၁၅၉၁ခုနှစ်တွင် ရောမမြို့၌ (ယခု ကိုလိုနာ ဗိုင်းရပ်စ်ကဲ့သို့) ဆိုးဝါးသည့် ပလိပ်ရောဂါ ကျရောက် ခဲ့သည်။ ထိုအခါ လူနာများအတွက် ဂျက်ဇွစ်များဖွင့် ထားသည့်ဆေးရုံတွင် အလွိုင်ရှပ်စ် ဝင်ရောက်ကူညီခဲ့ပြီး သူကိုယ်တိုင်လည်း ပလိပ်ရောဂါ ကူးစက်ခံခဲ့ရကာ ပျံလွန်သွားခဲ့သည်။ အလွိုင်ရှပ်စ်၏ အတုယူဖွယ် ပါရမီနှင့် သမိုင်းသည် ကိုလိုနာဗိုင်းရပ်စ် လူနာများကို ကူညီစောင့်ရှောက် ကုသပေးရင်း အသက်ပေး ခဲ့ကြသည့် ဆေးဆရာ/မများနှင့် စေတနာဝန်ထမ်းများနှင့် တူသည်။ အသက်ဘေး ကြုံရမည်ကို သိလျက်နှင့် လူသားချင်းစာနာစိတ်ဖြင့် တခြားသူများ ပြန်လည်ကျန်းမားလာစေရန် အသက်ပေးဆပ် ကြသူများကို အမြဲလေးစား စံပြုထိုက်သူများ ဖြစ်ပေသည်။
စိန့်အလွိုင်ရှပ်စ် ဂွန်ဇာဂါသည် ဘုရားတရား ကြည်ညို ကိုင်းရှိုင်းခြင်း၊ သန့်ရှင်းဖြူစင်ခြင်း သို့မဟုတ် စင်ကြယ်ခြင်း၊ ဘုရားသခင် နောက်သို့လိုက်ရန် လောကအရာများ၌ အလွန်အကျွံ တွယ်ကပ်မနေဘဲ လွတ်လပ်သည့် စိတ်ထားရှိခြင်း၊ ဆင်းရဲသားများနှင့် ရောဂါသည်လူနာများကို "မားဂျစ်(စ်)" စိတ်ဓာတ်နှင့် ပိုချစ်ခြင်းအားဖြင့် အစေခံခြင်း စသည့် ပါရမီများကို ခရစ်ယာန်တိုင်း အတုယူ သင့်ပေသည်။
စိန့်အလွိုင်ရှပ်စ် ဂွန်ဇာဂါ၊
ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးမူပါ။

Add new comment

3 + 7 =