ယုံကြည်စွမ်းအားတံဆိပ်ရထား

ယုံကြည်စွမ်းအားတံဆိပ်ရထား

"ဒီရွှေတံဆိပ်ဆုက သခင်ယေဇူးနဲ့ အမိမယ်တော်ကို ယုံခြင်းရဲ့ သင်္ကေတ တစ်ခု ဖြစ်ပါတယ်။ " လို့ ဒီနှစ် (၂၀၂၁) ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ အိုလံပစ် အားကစားပွဲတော်မှာ ရွှေတံဆိပ် ဆွတ်ခူးတဲ့ ဖိလိပိုင်နိုင်ငံက အားကစားမယ် Hidilyn Diaz က ဂုဏ်ယူ ပြောဆိုရင်း ကက်သလစ် ယုံကြည်ခြင်းကို သက်သေပြ ခဲ့ပါတယ်။ "Faith is not just believe, but play (work)!" ယုံကြည်ခြင်းက ယုံနေရုံနဲ့ ဘာမှ ဖြစ်မလာဘူး။ ယုံကြည်တဲ့အတိုင်း လက်တွေ့ အလုပ်နဲ့ ကျင့်ကြံမှသာ အစွမ်းထက် ဆိုတာကို သိနိုင်တာပါ။

သူမဆု ယူတဲ့အချိန် အိုလံပစ်မှာ အနိုင်ရခဲ့တဲ့ ရွှေတံဆိပ်ကို ဆွဲကိုင်ထားသလို မယ်တော် မာရိယားကို ချစ်မြတ်နိုးကြောင်းနဲ့ သခင်ယေဇူး ဘုရားရှင်အား ယုံကြည်ခြင်းကို ကိုယ်စားပြုတဲ့ အခြား ဆုတံဆိပ် တစ်ခုကိုလည်း သူမနဲ့အတူ အမြဲဆွဲ (လွယ်)ထားပါတယ်။ တကယ်တော့ သူမဟာ ကိုဗစ်ကပ်ရောဂါဆိုးကြောင့် အိုလံပစ် အားကစားပွဲတော် ကျင်းပဖို့ မသေချာ ပေမဲ့ စိတ်ဓာတ်မကျဘဲ ယုံကြည်ခြင်းနဲ့ အမျိုးမျိုး အချိန်အကြာကြီး လေ့ကျင့် သင်ကြားခဲ့ရပါတယ်။ သူမရဲ့ဘဝကနေ အခက်အခဲတွေကို လက်တွေ့ ရင်ဆိုင် ဖြေရှင်းနေရတဲ့ ခရစ်ယာန်တွေအတွက် ကောင်းချီး မင်္ဂလာနဲ့ ကျေးဇူးတော်ဟာလည်း ယုံကြည်ခြင်းနဲ့အတူ တွဲပါလာတယ် ဆိုတာကို ပြနေတယ်။

ကျမ်းစာထဲမှာတော့ သခင်ယေဇူးကို ယုံကြည်ပြီး သူ့ရဲ့ အနောက်ကနေ အတင်းလိုက်တို့တဲ့ ၁၂နှစ်ပတ်လုံး သွေးသွန်နာစွဲသူ အမျိုးသမီးကို "သမီး၊ သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ။ ငြိမ်သက် ခြင်းဖြင့် သွားလော့။ သင်၏ ရောဂါ ပျောက်ကင်းစေ" လို့ သခင်ယေဇူး မိန့်ကြား ခဲ့ပါတယ်၊ ( မာကု ၅း၃၄) ။သူမယုံကြည်တဲ့ အတိုင်း သခင်ယေဇူးကို မရ ရအောင် တို့ထိခဲ့လို့ ရောဂါပျောက်ကင်း အသက်ရွှင်လန်းတဲ့ ဘဝကို ပြန်ရခဲ့ပါတယ်။ ဆရာဝန်တွေ ကုသမရနိုင်တဲ့ ကပ်ရောဂါကို ကုသနိုင်တာ ဘုရားရှင်ပါ။ ယုံကြည်ခြင်းနဲ့ ဘုရားသခင်ကို တို့ထိ ဆုတောင်းရင်း မိမိကိုယ်ကို သာမက နေမကောင်းသူများကိုလည်း အတတ်နိုင်ဆုံး ပြုစု စောင့်ရှောက် နိုင်ပါတယ်။

ဒါနဲ့ ဒီနေရာမှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အတွေ့အကြုံလည်း ဝေမျှ ချင်ပါတယ်။ ဟိုးအရင်တုန်းက တရုတ်နယ်စပ်မှာ အလုပ် လုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် ကက်သလစ် တစ်ဦးဖြစ်ကြောင်း ယုံကြည်ခြင်းကို အလုပ်နဲ့ ပြသဖို့ "ခရူစူးကားတိုင်" ကို အမြဲဆွဲ ထားသလို ကျွန်တော်ရဲ့ ကားမှန်ပေါ်မှာလည်း "Jesus, Mary & Joseph" လို့ စတိတ်ကာ တပ်ခဲ့ပါတယ်။ ကားအထဲမှာလည်း စိပ်ပုတီး ချိတ်ထားတယ်။ ပိုက်ဆံရှာရင်း စီးပွားရေး လုပ်နေခဲ့ပေမဲ့ မိမိတို့အသက်တာကို ဘုရားသခင်ဆီမှာ ဆက်ကပ်ပြီး သာသနာ့အမှုတော်ကို ထမ်းဆောင် နေကြတဲ့ ဘုန်းကြီး၊ သီလရှင်၊ ကိုရင်နဲ့ ဓမ္မဆရာတွေကို ကားခမယူဘဲ ပို့ဆောင် ပေးတဲ့အပြင် လမ်းခရီးမှာ သူတို့ရဲ့ နေ့လယ်စာကို ကျွန်တော့်အိတ်ထဲ ပိုက်ဆံနဲ့ ရှင်းပြီး ပြုစုခဲ့ပါတယ်။ အဲဒါကြောင့် အခက်အခဲ အတားအဆီးတွေများစွာကို ယုံကြည်ခြင်း၊ ဝိညာဉ်ခွန်အားနဲ့ လုပ်ဆောင်ခဲ့လို့ ကောင်းချီးခံစား ရတဲ့အချိန် ပိုများပါတယ်။

"ဘာလို့ ဆက်မလုပ်တာလဲ" လို့ သူငယ်ချင်း တချို့က မေးကြပါတယ်။ ဟုတ်ပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပြည့်စုံတယ် ဆိုတဲ့ ကျွန်တော့်ရဲ့ မှားယွင်းတဲ့အတွေးကို တဖြည်းဖြည်း သတိထားမိလာ ခဲ့လို့ဖြစ်တယ်။ တစ်ခါတလေ အတွေးမှားကြောင့်ပဲ လူတွေဟာ အတ္တရှေ့ထား၊ လူမဆန်တဲ့ အပြုအမူနဲ့ ပိုက်ဆံရရင် ပြီးရောဆိုတဲ့စိတ်က အချင်းချင်း ခေါင်းပုံဖြတ်တာ၊ အနိုင်ကျင့်ဗိုလ်ကျ၊ အဓမ္မ ဖမ်းဆီး၊ ထောင်ချ သတ်ဖြတ်တာတွေ လုပ်ဆောင်လာတာ တွေ့ရတတ်ပါတယ်။ ဒါကြောင့် "တံငါနားနီးတံငါ" ဖြစ်အောင် တရားသဘောနဲ့ မေတ္တာရှေ့ထား အချစ်ပွားတဲ့ ဘုရားသခင်ရဲ့ တရားတော်မြတ်ကို လိုက်ကျင့်ပြီး အများအတွက် ဘဝပုံအပ် ပေဆပ်အစေခံတဲ့ လမ်းကို ဘုရားသခင် လမ်းပြပေးခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဘဝကို အများအတွက် ပေးဆပ်ရင်း ကျွန်တော် မှန်းထားတဲ့ ထာဝရ ဆုတံဆိပ်က သေပြီးမှရတဲ့ ကောင်းကင်နိုင်ငံပါ။ မြေကြီးပေါ်မှာတော့ လူအများကောင်းကျိုးနဲ့ ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်အတွက် အမြဲကြိုးစား လုပ်ဆောင် ရမှာပါ။ ခရစ်ယာန် "ခေါ်တော်မူခြင်း" မှာ ဘယ်လမ်းကိုပဲ ရွေးရွေး ကိုယ်ရွေးတဲ့ လမ်းမှာ ကျေးဇူးတော်ကို အကောင်းဆုံး ကြိုးစား အသုံးချတဲ့ ဖိလိပိုင်က အားကစားမယ်ရဲ့ သတင်း စကားနဲ့အတူ ဝိညာဉ်အာဟာရ ခွန်အား ယူကြပါစို့။

ဖိလိပိုင်နိုင်ငံမှာတော့ ဒီလို မယ်တော်သခင်မရဲ့ တံဆိပ် "The Miraculous Medal" ကို လယ်ပင်းမှာ ကြည်ညိုစွာ ဆွဲထားတတ် ကြပါတယ်။ အထူးသဖြင့် မယ်တော်ကို ကြည်ညိုတဲ့ လတစ်လဖြစ်တဲ့ အောက်တိုဘာလမှာ "October Medal" အောက်တိုဘာ တံဆိပ် လို့လည်း ခေါ်ဆိုကြပါတယ်။ အမိမယ်တော် မာရိယား အပေါ်ထားရှိတဲ့ ကျွန်ုပ်တို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကြည်ညိုလေးစားခြင်းအားဖြင့်အောက်တိုဘာ တံဆိပ် ကိုအပြာရောင်နဲ့ တံဆိပ်ခတ်ထားကြပါတယ်။

အထူးလေးစား ဂုဏ်ယူပါတယ် ယုံကြည်စွမ်းအားနဲ့ ရွှေတံဆိပ်ရထားတဲ့ Hidilyn! ဘုရားသခင်ဟာ သင့်ကိုသာမက ချစ်ခြင်းမေတ္တာရှင် ထာဝရ ဘုရားသခင်ကို ယုံကြည်ပြီး မယ်တော်သခင်မကို ကိုးစားသူများ အားလုံးကို ဝိညာဉ်တော်ရဲ့ ကောင်းချီး မင်္ဂလာအဖြာဖြာ ပေးသနား တော်မူပါစေ။ အာမင်။

ထန်းဟာ, SJ (27.7.2021)

#MiraculousMedal #OctoberMedal #HidilynDiaz #Olympics #HIDILYN #Jesuits #PHJesuits #JesuitCommunications #Jescom

Source- @hidilyndiaz | Instagram

Add new comment

2 + 2 =