"ယုံကြည်ခြင်းနှင့် ဥာဏ်ပညာ"

"ယုံကြည်ခြင်းနှင့် ဥာဏ်ပညာ"

သခင်ယေဇူးက သူ့ရဲ့ အသင်းတော်ကြီးကို တည်ဆောက်ရာမှာ ထာ၀ရတည်မြဲစေဖို့ရာ ယုံကြည်ခြင်း (Faith) နဲ့ ဥာဏ်ပညာ (Wisdom) ဆိုတဲ့ မဏ္ဏိုင်ကြီးနှစ်ခုကို အခြေပြုခဲ့ပါတယ်။ တပည့်တာ်ကြီး သံပေရူးနဲ့ သံပေါလူးတို့ဟာ ယုံကြည်ခြင်းနဲ့ ဥာဏ်ပညာကို ကိုယ်စားပြုတဲ့ အသင်တော်ရဲ့ မဏ္ဏိုင်ကြီးနှစ်ခုဖြစ်ပါတယ်။ သခင်ယေဇူးက သူ့ရဲ့ အသင်းတော်ကြီးကို ယုံကြည်ခြင်းပြင်းပြတဲ့ သံပေရူး၊ ဉာဏ်ပညာကြီးမားတဲ့ သံပေါလူးတို့နဲ့ ဘယ္လို တည်ဆောက်ခဲ့သလဲ ဆိုတာ လေ့လာကြည့်ကြပါစို့။

#သံပေရူး

သူဟာ ဂါလီလဲနယ်က စာပေမတတ်တဲ့ တံငါသည် တစ်ဦးပါ။ သူ့ရဲ့ ညီအင်ဒရူးက ခေါ်လာလို့ သခင်ယေဇူးနဲ့ သိခွင့်ရတာဆိုပေမယ့် သူ့ရဲ့ ယုံကြည်ခြင်းကြောင့် သခင်ယေဇူးက သူ့ကို သွားလေရာ ခေါ်သွားတတ်ပါတယ်။ "လူအများတို့သည် ငါအား အဘယ္သူဟု ထင်ကြသနည်း" (လုကား၉း၁၈)ဆိုတဲ့ သခင် ယေဇူးရဲ့မေးခွန်းကို တပည့်တော်ကြီးတွေက အမျိုးမျိုးဖြေကြပါတယ်။ သံပေရူးကတော့ "ကိုယ်တော်သည် အသက်ရှင်တော်မှု သောဘုရား၏ သားတော် ခရစ္စတူးသခင် ဖြစ်ပါ၏" (လုကား ၉း၂၀)လို့ အမှန်ဆုံး အဖြေကိုပေးခဲ့ပါတယ်။ ယုံကြည်ခြင်းရဲ့ အနှစ်ချုပ်ဖြစ်တဲ့ ဒီအဖြေကို ခမည်းတော်ဘုရား ကိုယ်တော်တိုင် ဖော်ပြတော်မူတယ်လို့ သခင်ယေဇူးက ချီးကျူးခဲ့ပါတယ်။ ဒီအဖြေကြောင့် သူ့ကို အသင်းတော်ရဲ့ အုတ်မြစ်အဖြစ် ရွေးချယ်လိုက်ပြီး ကောင်းကင်နိုင်ငံတော်ရဲ့ တံခါးသော့နဲ့ တကြ ၀င်ခွင့်ပြုမပြု ဆိုတဲ့ အာဏာကိုပါ ပေးအပ်တော်မူခဲ့ပါတယ် (မာတေဦး ၁၆း၁၇-၁၉)။ တောင်ပေါ်မှာ သခင်ဘုရားအဆင်း သဏ္ဍန်ပြောင်းလဲတဲ့ အချိန် ခမည်းတော်ဘုရားရဲ့ သက်သေခံချက်ကို ကြားရပြီးတဲ့ နောက် သံပေရူးရဲ့ ယုံကြည်ခြင်း ပိုမိုခိုင်မြဲ လာပါတယ် (မာတေဦး ၁၇း၁-၈)။

#သံပေါလူး

သူဟာ တာရှုမြို့က ရာဘီဘွဲ့ရ ကျမ်းတတ်ဆရာ ဖာရီရှဲတစ်ဦး ဖြစ်ပါတယ်။ သူ့ခေတ်အခါမှာ ပညာအတတ်ဆုံး သူတစ်ဦးပါပဲ။ တပည့်တော်ကြီးတွေရဲ့ လက်ထောက်ဦးပဇင်းကြီး စတီးဗင်းကို သခင်ယေဇူးအကြောင်း ဟောလို့ ကျောက်ခဲနဲ့ ပေါက်သတ်ကြတုံးက သူဟာ ကလေး ဘ၀နဲ့ တတ်အားသမျှ ပါ၀င်ခဲ့ပါတယ် (တမန် ၇း၅၈)။ အဲဒီလို ခိုင်မာခဲ့တဲ့ ခရစ်ယာန် မုန်းတီးစိတ်ကို လူကြီးဖြစ် လာတဲ့အခါမှာ ဆက်ပြီး အကောင်အထည် ဖော်ခဲ့ပါတယ်။ ခရစ်ယာန်တွေကို ဖမ်းပြီး ထောင်ထဲ ပို့ခဲ့ပါတယ်။ တစ်နေ့ ခရစ်ယာန်တွေကို ဖမ်းဆီးဖို့ ဒါမာစကူးမြို့ကို အသွားလမ်းမှာ သခင်ဘုရားက တန်ခိုးထင်ရှားပြပြီး တပည့်တော်ကြီး အဖြစ် တိုက်ရိုက် ရွေးချယ် အသုံးပြုခဲ့ပါတယ် (တမန် ၉း၁-၃၀)။ သူနောင်တရပြီး သခင် ယေဇူးကို ပြန်တောင်းပန်ခဲ့ပါတယ်။ ဖာရီရှဲစောလုဘ၀ကနေ တပည့်တော်ကြီး ပေါလုဖြစ်လာပြီး ကျန်ရှိနေတဲ့ ဘ၀သက္တာမှာ သူ့ရဲ့ပညာစွမ်းနဲ့ လူမျိုးကွဲ ဘာသာခြားတွေကို သခင်ယေဇူးအကြောင်း ဟောပြောသက်သေခံတဲ့ တမန်တော်ကြီး ဖြစ်လာခဲ့ပါတယ်။ သူဟာ ကျမ်းတတ် ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အတွက် ဖာရီရှဲတွေနဲ့ ယှဉ်ပြိုင်ပြီး တရားဆွေးနွေးနိုင်သလို ရောမနိုင်ငံသား ခံယူထားတဲ့အတွက် အုပ်ချုပ်သူအာဏာပိုင်တွေကိုလည်း တရား ဟောခွင့်ကြုံခဲ့ရပါတယ်။ သူရဲ့ ဓမ္မသင်္ဂြိုလ် ကျွမ်းကျင်ပိုင်နိုင်မှုကို သူရေးသားခဲ့တဲ့ သြဝါဒစာ (၁၄)စောင်က သက်သေ ပြနေပါတယ်။

#တူညီချက်

တစ်မျိုး ဆီအားသာတဲ့ ဒီတပည့် တော်ကြီးနှစ်ပါးမှာတူညီတဲ့ အဓိက အရေးကြီးဆုံး အချက်ကတော့ "သခင်ယေဇူး ကိုချစ်ခြင်း" ပဲဖြစ်ပါတယ်။

သခင်ယေဇူး ရှင်ပြန်ထမြောက် ပြီးတဲ့နောက် သံပေရူးကို ထင်ရှားပြပြီး "သင်သည် ငါ့ကို ချစ်သလော" လို့ သုံးကြိမ် တိုင်တိုင် မေးတော်မူခဲ့ပါတယ်။ သံပေရူးက ချစ်ကြောင်း၀န်ခံတဲ့ အခါ "ငါ၏သိုးတို့ကို ကျွေးမွေးလော့"လို့ တာ၀န်ပေးခဲ့ပါတယ်။ သခင်ဘုရားပေးတဲ့ တာ၀န္ကို သံပေရူး ကျေပြွန်အောင် ထမ်းဆောင်ခဲ့ပါတယ်။ သခင်ယေဇူး အကြောင်း ဟောပြော သက်သေခံတဲ့ အတွက် အဖမ်းခံခဲ့ရပါတယ် (တမန် ၁၂း၁-၁၁)။ ရောမ အာဏာပိုင်တွေက တစ်ဖက် ဂျူးလူမျိုး ဘာသာရေး ခေါင်းဆောင်တွေက တစ်ဖက် ၀ိုင်းပြီးနှိပ်စက်လို့ ပြေးလွှားနေရတဲ့ကြားထဲက သြဝါဒစာ (၂) စောင်ရေးခဲ့ပါသေးတယ်။ နောက်ဆုံးရောမမြို့က စိန်ပီတာကျောင်းတော်ကြီး နေရာမှာ လက်ဝါးကားတိုင်း ဇောက်ထိုးတင်ပြီး အသတ္ခံ ခဲ့ရပါတယ်။

သံပေါလူးကတော့ သခင်ယေဇူး အကြောင်း လှည့်လည်ဟောပြောဖို့ ကုန်းတတန်၊ ရေတတန်နဲ့ သာသနာပြုခရီး (၃)ကြိမ် ထွက်ခဲ့ပါတယ်။ ဒီအတောအတွင်း ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေကို ဒု-ကောရိန္တု ၁၁း၂၃-၂၇ မှာ အသေးစိပ်မှတ်တမ်းတင် ထားပါတယ်။ နောက်ဆုံးသူလည်းပဲ ရောမမြို့မှာ ခေါင်းဖြတ်ပြီး ကွပ်မျက်ခံခဲ့ ရပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် သခင်ဘုရားကို ချစ်တဲ့သူတို့နှစ်ဦးရဲ့ မေတ္တာတရားဘယ်လောက်ကြီးမားတယ် ဆိုတာ သိနိုင်ပါတယ်။

#နိဂုံး

ကျွန်တော်တို့ တစ်တွေ သံပေရူးနဲ့ သံပေါလူးတို့ကို ဂုဏ်ပြုဖို့ရာ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ရဲရဲဝံ့ဝံ့ ၀န်ခံဖို့ လိုအပ်သလို ယုံကြည်ခြင်းကို ပျံ့နှံစေဖို့လည်း ကြိုးစားရမှာ ဖြစ်ပါတယ်။ ကျွန်တော်မှာ သံပေရူး လောက် ယုံကြည်ခြင်းနဲ့သံပေါလူးလောက် ပညာပါရမီ မရှိသေးပေမယ့် သခင်ယေဇူး အပေါ်ထားရှိတဲ့သူတို့ နှစ်ဦးရဲ့ ချစ်ခြင်း မေတ္တာမျိုးပေးသနားတော်မူပါလို့ ဆုတောင်းပြီး ကျွန်တော်တို့ ယုံကြည်ရာကို ကျွန်တော်တို့ တတ်တဲ့ပညာနဲ့ သက်သေခံ နိုင်ဖို့ ကြိုးစားသွားကြပါစို့။

ခံပွင့်

Crd!

#ဇွန် (၂၉) ရက်

#St. Peter & St. Paul (Apostles)

#တပည့်တော်ကြီးသံပေထရူးနှင့်သံပေါလူးပွဲနေ့

Mt 16 : 13 - 19

သံပေထရူးသည် ဂါလိလေအာနယ်မှတံငါသည်တစ်ဦးဖြစ်ပြီး၊ ယောန၏သားစီမုန်ဟူ၍လည်းခေါ်ပါသည်။ သခင်ယေဇူးအကြောင်းကို သံယောဟန်ဗတ္တိစတားထံမှ ကြားဖူးနားဝရှိလေရာ သူ၏ညီအန္ဒရူးမှသခင်ယေဇူးနှင့် မိတ်ဆက်ပေးခဲ့သည်။ သခင်ယေဇူး၏ခေါ်သံကြားသည်နှင့် မိသားစု၊ သား၊ မယားနှင့် ပိုင်ဆိုင်ရာဥစ္စာပစ္စည်းများကိုထားခဲ့ပြီး၊ ကိုယ်တော်နောက်သို့လိုက်ခဲ့သည်။ သခင်ယေဇူးသည် သူ၏အမည်ကို ပေတရူး(ကျောက်ဆောင်)ဟုပြောင်းပေးပြီး၊ ရှင်ပြန်ထမြောက်ပြီးသောအခါ၊ ဤကျောက်ဆောင်၌ အသင်းတော်ကိုတည်ထောင်ခဲ့ပါသည်။ တပည့်တော်ကြီးများ၏ ခေါင်းဆောင်တင်မြောက်ပြီး ပထမဦးဆုံးအသင်းတော်၏ ခေါင်းဆောင် ရဟန်းမင်းကြီး ဖြစ်သည်။

သမ္မာကျမ်းစာထဲတွင် သံပေထရူးအကြောင်း အခါပေါင်းများစွာ ဖေါ်ပြထားသည်။ သံပေတရူး၏ ယုံကြည်ခြင်းခိုင်မြဲစေရန် သခင်ဘုရားသည် အခါပေါင်းများစွာ တန်ခိုးပြပေးတော်မူခဲ့သည်။ သခင်ဘုရားကိုယ်တော်တိုင် သံပေထရူးအိမ်၌ဝင်ထွက်ခဲ့သည်။ သံပေတရူး၏ လှေပေါ်မှာတရားဒေသနာဟောပြောခဲ့သည်။ သခင်ယေဇူးရှင်ပြန်သည့်အကြောင်း သံပေထရူးကိုဦးဆုံး သိမြင်စေခဲ့သည်။ တပည့်တော်ကြီးများကိုယ်စား မကြာခဏ စကားထပြောခဲ့သည်။

သခင်ဘုရားက သူ၏ချို့တဲ့ခြင်းများကို ဖေါ်ပြပေးခဲ့သည်။ ဒေါသကြီးခြင်း၊ ယုံကြည်မှုမခိုင်ဘဲ၊ သံသယ ဖြစ်ခြင်း၊ သုံးကြိမ်တိုင်တိုင်သခင်ဘုရားကို ငြင်းပယ်ခြင်း၊ စသည်တို့ကိုဖေါ်ပြခဲ့သည်။ သခင်ဘုရား၏ ချစ်ခြင်းမေတ္တာကို နားလည်ခံစားပြီးနောက် လုံးဝပြောင်းလဲသွားသည်။ သခင်ယေဇူးကောင်းကင်ဘုံသို့တက်ကြွပြီးနောက်တွင်၊ အသင်းတော်၏ ခေါင်းဆောင်အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သည်။ ယုဒအီစကာရုဒ်အစား မာတီးယားကိုရွေးချယ်စဉ်၌ ဦးဆောင်ခဲ့သည်။ ပထမဦးဆုံး ခြေလက်မသန်သူကိုကုသ ပျောက်ကင်းစေပြီး ပရိတ်သတ်ကြီးကိုထင်ရှားပွင့်လင်းစွာ တရားဟောခဲ့သည်။ ဘာသာကွဲများကို ဘာသာထဲလက်ခံခဲ့သည်။ သံယောဟန်၏နောင်တော် သံဃာကုတ် အသတ်ခံရပြီးနောက်၊ သံပေတရူးသည် အံ့ဘွယ်ရာတန်ခိုးတော်ဖြင့်၊ ထောင်ထဲမှလွတ် မြောက်လာခဲ့သည်။ သက္ကရာဇ်(၅ဝ)ခုနှစ်တွင် ဂျေရုစလင်မြို့၌၊ ပထမဦးဆုံးတပည့်တော်တို့၏ သာသနာ့ညီလာခံအစည်းဝေးကြီးကို ဦးဆောင်ကျင်းပခဲ့ပါသည်။ ဤအစည်းအဝေးကြီး၏ဆုံး ဖြတ်ချက်အရ ဘာသာကွဲများခရစ်ယာန်ဘာသာထဲဝင်လာသောအခါ၊ ဂျူးတို့၏ထုံးစံအတိုင်း၊ အရေပြားလှီးမင်္ဂလာခံရန် မလိုတော့ကြောင်းဆုံးဖြတ်ကြသည်။ ထိုနောက်အန်တီအော့ခ်မြို့သို့ ပြန်သွားပြီး၊ ဂျူးလူမျိုးပင်ဖြစ်သော်လည်း မိုးဇယ်၏ပညတ်တော်ကို မလိုက်မနေရ မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

သံပေတရူးသည် ရောမမြို့သို့ပြန်သွား၍(၂၅) နှစ်တိုင်၊ ရောမမြို့၏ပထမဦးဆုံးဆရာတော်၊ အသင်းတော်၏ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။ သက္ကရာဇ် ၆၇ ခုနှစ်၊ နေရိုးဘုရင် လက်ထက်တွင်၊ အသတ်ခံခဲ့ရပါသည်။ သူကိုယ်တိုင်၏တောင်းဆိုချက်အတိုင်း လက်ဝါးကားတိုင်ပေါ် အသေသတ်ရာတွင် သခင်ဘုရားကိုသတ်သကဲ့သို့ သေရန်မထိုက်တန်သောကြောင့်၊ ဇောက်ထိုး ဦးခေါင်း အောက်စိုက်ပြီး အသတ်ခံရန် တောင်းဆိုခဲ့ပါသည်။ သံပေတရူး၏လုပ်ဆောင်ချက်နှင့်၊ ဆုံးမစာ(၂) စောင် မှာအလွန်အသက်ဝင်လှပါသည်။ သံမာရ်ကူးခရစ်ဝင်ကျမ်းသည်၊ တစ်နည်းအားဖြင့် သံပေတရူး၏သမ္မာကျမ်းစာ ဟုပင်ဆိုနိုင်ပါသည်။ အကြောင်းမှာသံပေတရူးဟောပြော ဆုံးမသက်သေခံသမျှ တပည့်ရင်းသံမာရ်ကူးသည် ပြန်လည်ပြုစုရေးသားထားခြင်းဖြစ်သည်။

သံပေါလုသည် ယုဒဘာသာဝင်အရင်းခံတစ်ဦးဖြစ်ပြီး ဓမာစကူးမြို့သို့သွားသောလမ်း၌ အကျင့်တရား ပြောင်းလဲသွားခဲ့သည်။ ပြုပြင်ပြောင်းလဲသွားသော သူ၏ဘဝအသက်တာတစ်လျှောက်လုံး၊ ဘာသာကွဲများတွင် သခင်ခရစ်တော်ကိုယုံကြည်လာရန်၊ အစွမ်းကုန်ကြိုးစားခဲ့သောကြောင့်၊ ဘာသာကွဲများ၏တမန်တော်ကြီးဟုပင် ထင်ပေါ်ခဲ့ပါသည်။

သံပေါလူးသည် ဆေးကြောခြင်းခံပြီးနောက် ရက်အနည်းငယ်၊ ဓမားစကူးမြို့၌ဆက်နေခဲ့သည်။ ထို့နောက် သူ၏အနာဂါတ် တမန်တော်လုပ်ငန်းအတွက်ပြင်ဆင်ရန် အာရေဗီယကျွန်းသို့သွားပြီး၂နှစ်ခန့်ဆုတောင်းခြိုးခြံကာ ဘဝကို ပြင်ဆင်နေသည်။ ထို့နောက်ဓမာစကူးမြို့ သို့ပြန်လာပြီး၊ တရားဇရပ်၌ သခင်ခရစ်တော်သည် ဘုရား၏သားတော် အစစ်အမှန်ဖြစ်ကြောင်း၊ ရဲဝံ့စွာဟောကြားတော်မူခဲ့သည်။ ဤဟောချက်ကြောင့် ဂျူးလူမျိုးတို့၊ အမျက်ဒေါသထွက်ပြီး၊ အသက်အန္တရယ်ရှာလာသောကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့နောက်ဂျေရုစလင်မြို့မှာရှိသော သံပေတရူးထံ သွားပြီး၊ ခေါင်းဆောင်တစ်ဦးအဖြစ်၊ ရိုသေဂါရဝလာပြုသည်။ တမန်တော်လုပ်ငန်းအကြောင်း၊ လာရောက်ဆွေးနွေးသည်။

ထိုနောက်သူ၏မွေးရပ်ဌာနီ တာစူးစ်မြို့သို့ပြန်သွားပြီး သူ့လူမျိုးများကြားတရားဟောကြားခဲ့ရာ၊ ဘာနာဘတ်အား အန်တီအော့ခ်မြို့သို့ပြန်လာရန်ခေါ်သည့်အချိန်အထိမရပ် မနားတရားဟောခဲ့ လေသည်။ နောက်တစ်နှစ်ကြာ သောအခါ၊ အစာငတ်မွတ်ခေါင်းပါးခြင်း ရောက်လာသဖြင့် သံပေါလူးနှင့် ဘာနဘတ်တို့သည် လူများတို့အားဝေငှပေးရန် သံပေထရူးသည် ပစ္စည်းအစုံပေးလိုက်ပြီး၊ ဂျေရုစလင်မြို့ရှိ ဆင်းရဲသားဘာသာသူများကို ကြည့်ရှုရန် စေလွတ်လိုက်သည်။ ထိုလုပ်ငန်းပြီးပြည့်စုံ သောအခါ အန်တီအော့ခ်မြို့သို့ ပြန်လာခဲ့သည်။

အေဒီ၄၄ မှ ၅ဝ အထိ သံပေါလူးနှင့် ဘာနဘတ်တို့သည် ဆိုပ်ပရပ်စ်ကျွန်း၊ ပမ်းပီလီယာကျွန်း နှင့်လီကာအို နီယာကျွန်း၊ စသည့်အာရှမိုင်းနားတခွင်၌ တရားဒေသနာ ဟောပြောခဲ့သည်။ ပီစီဒီယာ၊ အန်တီအော့ခ်၊ အိုင်ကော်နီအူ၊ လီစ္စတရာ၊ ဒေဘီတို့၌ ဘာသာတူအဖွဲ့အစည်းများဖွဲ့ထားပြီး အသင်းတော်ကို ခိုင်ခန့်စေခဲ့သည်။

ဂျေရုစလင်မြို့၌ ကျင်းပသောတပည့်တော်တို့၏ ညီလာခံအစည်းဝေးကြီးပြီးနောက် သံပေါလူး၏တပည့်တော် စီးလားစ်၊ တီမောတေနှင့် လုကားတို့သည် အေဒီ ၅၀-၅၃ အထိတရား ဒေသနာတော်ဟောကြားပြီး၊ ဘာသာထဲသို့ လူများကိုဝင်စေခဲ့ကြသည်။ အာရှမိုင်းနားတလျှောက် ဧဝံဂေလိတရား ဟောကြားပြီးနောက်၊ ဥရောပတခွင် ဖိလစ်ပိ၊ ကော်ရင်တူး၊ သက်သာလောနိ၊ ဂရိတ်နိုင်ငံတစ်လျောက်လည်း ဘာသာထဲကို ဝင်စေနိုင်ခဲ့သည်။

အေဒီ ၅၃ မှ ၅၈ အတွင်း တတိယအကြိမ်သာသနာပြုခရီးပြန်ထွက်ခဲ့သည်။ ဒုတိယခရီးစဉ်၌ သွားခဲ့သော ဒေသသို့တဖန်ပြန်သွားခဲ့သည်။ ဤတစ်ကြိမ်၌ ဧဖက်စူးမြို့တွင် ၃-နှစ်ကြာနေခဲ့ပြီးဂျေရုလင်၊ ရောမ၊ စပိန်ပြည်သို့သာသနာပြုထွက်ရန် အစီအစဉ်ဆွဲခဲ့သည်။ သို့သော် ဂျူးလူမျိုးများ ညှင်းဆဲနှိပ်စက်ပြီး၊ နည်းလမ်းမျိုးစုံ တားမြစ်ပိတ်ပင်သောကြောင့် မအောင်မြင်ခဲ့ပေ။ နှစ်နှစ်ကြာမျှ စီဇာရီယာမြို့၌ အကျဉ်းထောင်ကျခံရပြီး ရောမသို့ပို့ ဆောင်ခံ ရသည်။ ရောမရောက်သောအခါ ၂နှစ်ပါတ်လုံးသံကြိုးနှင့် ချည်နှောင်ပြီး၊ အကျဉ်းထောင်ချခံရပြန်သည်။

၂ နှစ်ကြာအချုပ်ခံရပြီး သံပေါလူးသည် စပိန်ပြည်သို့ သာသနာပြုရန်သွားခဲ့သည်။ အရှေ့ပိုင်းနိုင်ငံများအထိတရား ဟောခဲ့သည်။ ထို့နောက်ရောမမြို့ သို့ပြန်ရောက်သွားသည်။ နောက်တစ်ကြိမ် ဖမ်းဆီးထောင်ချခံရပြန်သည်။ အေဒီ ၆၇ ခုနှစ်တွင်ခေါင်းဖြတ်သတ်ခံခဲ့ရသည်။

အသင်းတော်၏ဖခင်ကောင်းပီသလှသောသံပေါလူး ၏သာသနာပြုခရီးများသည် နောင်လာနောက်သားများအတွက် အကောင်းဆုံးတမန်တော်စိတ်အမွေအနှစ်၊ပေးခဲ့ပါသည်။ မလျော့သောဇွဲ မမောမပန်းနိုင်သော ချစ်ခြင်းမီးရှိန်ကြောင့်၊ သာသနာပြုခရီးထွက်ခဲ့ရာတစ်ပြိုင်နက် ဆုံးမစာ(၁၄) စောင်ပါရေး သားခဲ့ပါသည်။ သံပေါလူးသည် ဒုက္ခညှင်းဆဲခြင်း ကိုခံထမ်းခြင်း ဖြင့်၊ အသင်းတော်ကို အသစ်မွေးဖွားသန့်စင်စေခဲ့သည်။ အထူးသဖြင့် ဂျူးမဟုတ်သောလူမျိုးခြားများ၊ ခရစ်တော်အကြောင်း ကြားသိပြီး၊ ယုံကြည်သက်ဝင်ရန် အထူးစွမ်းဆောင်ခဲ့ပါသည်။ တပည့်တော်ကြီးသံပေတရူး နှင့်သံပေါလူး၏ဆုံးမသွန်သင်ခြင်းနှင့် ဘဝသက်သေခံခြင်းကို အတုယူလိုက်နာလိုသောခွန်အား သတ္တိကိုပေးသနားပါမည့် အကြောင်း ဆုတောင်းကြစို့။

 

Add new comment

5 + 3 =