မျက်လုံးနှစ်လုံးပဲရှိပေမယ့်မျက်လုံးအများနဲ့ကြည့်

ဒီကနေ့မှာတော့ မျက်လုံးနှစ်လုံးပဲရှိပေမဲ့မျက်လုံးအများနဲ့ကြည့်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးထားပါတယ်။
ကိစ္စမြားမြောင်လူတို့ဘောင်၌ဆိုသလိုလူ့လောကထဲမှာရှင်သန်ရုန်းကန်နေကြရတဲ့ကျွန်မတို့ဟာကောင်းမှု၊ဆိုးမှုဆိုတဲ့ကိစ္စတွေကိုနေ့စဉ်နဲ့အမျှအနည်းနဲ့အများဆိုသလိုကြုံတွေ့ရတတ်တာဟာဓမ္မတာပါ။ဒီလိုမလွှဲမရှောင်သာကြုံတွေ့ရတဲ့အခါအဲဒီဖြစ်ပေါ်လာခဲ့တဲ့ကောင်းမှု၊ဆိုးမှုတွေကိုမိမိတစ်ဦးတည်းရဲ့အသိအမြင်တစ်ခုတည်းနဲ့ဆုံးဖြတ်လုပ်ကိုင်တာမျိုးမဟုတ်ဘဲအများစုရဲ့အမြင်၊အများစုရဲ့အကြံဉာဏ်ကိုရယူပြီးမှဆုံးဖြတ်လုပ်ကိုင်တာဟာအမှားနည်းနိုင်ပါတယ်။ကိုယ့်မှာရှိတဲ့မျက်လုံးနှစ်လုံးတည်းနဲ့ကြည့်ရူဆုံးဖြတ်တာမျိုးဟာတစ်ခါတစ်ခါမှာပြည့်စုံမှုမရှိနိုင်ပါဘူး။အတ္တတိမ်တောင်တွေမည်းမှောင်လေလေအမှန်တရားနဲ့ကင်းဝေးလေလေဖြစ်သွားတတ်ပါတယ်။အဲဒီလိုအချိန်မျိုးမှာအမှန်ထက်အမှားဘက်ကိုဦးတည်သွားဖို့ကပိုပြီးများပါလိမ့်မယ်။ဒီတော့သူတစ်ပါးရဲ့မျက်လုံးအကူအညီကိုရယူပြီးလုပ်ကိုင်ဆောင်ရွက်ကြတာဟာအမှားနည်းနိုင်ပါတယ်။ကျောက်မျက်လောကမှာ မျက်လုံးငှားတဲ့သူဆိုတာရှိပါတယ်။သူဟာဘဝအတွေ့အကြုံအရကျောက်မျက်လောကထဲမှာငယ်ငယ်ကတည်းကကျင်လည်ကျက်စားလာခဲ့တဲ့သူမျိုးပါ။သူဌေးမဖြစ်ပေမဲ့သူ့မှာကြွယ်ဝတဲ့ကျောက်အကဲခေတ်ပညာနဲ့ကျောက်မျက်လောကမှာဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေအများအပြားရှိတတ်ပါတယ်။ဒီတော့ကျောက်ဝယ်မယ့်သူဟာ
အဲဒီလိုမျက်စိစိုက်တဲ့သူ၊မျက်လုံးငှားတဲ့သူကိုတန်ရာတန်ကြေးပေးပြီးပင့်ဖိတ်ခေါ်ယူရပါတယ်။ဝယ့်မဲ့ပစ္စည်းကို
သူ့ရဲ့ကြွယ်ဝတဲ့အတွေ့အကြုံများနဲ့လေ့လာအကဲဖြတ်ခိုင်းရပါတယ်။အဲလိုမျက်လုံးစိုက်သူ၊မျက်လုံးငှားသူများဟာကျောက်ပညာနည်းပါးတဲ့ငွေရှင်များကိုကူညီတတ်ကြပါတယ်။ကျောက်ရဲ့အပြစ်အနာအဆာ၊အကောင်းအဆိုးမှန်သမျှကိုပြောပြပြီးဘယ်စျေးဖွင့်၊ဘယ်လောက်စရန်ချ၊ဘယ်လိုချိတ်စီးစသည်ဖြင့်အကြံကောင်းဉာဏ်ကောင်းတွေပေးတတ်ပါတယ်။ဒီတော့အဝယ်သမားငွေရှင်ဟာဝယ်ယူရာမှာအမှားအယွင်းနည်းရုံသာမကသူကတစ်ဆင့်ပြန်ရောင်းရာမှာလည်းအကျိုးရှိတန်သလောက်အကျိုးရှိတတ်ပါတယ်။ဒါဟာပစ္စည်းဝယ်ယူသူငွေရှင်အနေနဲ့သူ့ရဲ့မျက်လုံးနှစ်လုံးတည်းနဲ့ပစ္စည်းကိုကြည့်ရူဝယ်ယူတာမဟုတ်ဘဲမျက်စိစိုက်သူရဲ့မျက်လုံးအပါအဝင်မျက်လုံးအများစုနဲ့ကြည့်ရူဝယ်ယူခဲ့လို့ရရှိခဲ့တဲ့အကျိုးအမြတ်ပဲဖြစ်ပါတယ်။တကယ်ပါပဲလူ့ဘဝမှာလူမှုရေး၊စီးပွားရေး၊နိုင်ငံရေးစသည်ဖြင့်အထွေထွေ၊အပြားပြားသောလုပ်ငန်းများစွာရှိပါတယ်။ဘယ်သူမဆိုရှောင်လွဲလို့လဲရနိုင်မယ်မထင်ပါဘူး။ရှောင်လွဲလို့မရတဲ့အခါရင်ဆိုင်ရမှာဓမ္မတာပါ။ဒီတော့ယှဥ်ပြိုင်မှုမှာဘယ်လိုအောင်ပွဲရအောင်လုပ်ကြမလဲ။ကိုယ်ရဲ့အားနည်းချက်၊အားသာချက်တွေကိုကိုယ်နဲ့ယှဥ်ပြိုင်ရင်ဆိုင်နေရတဲ့သူ့ရဲ့အားနည်းချက်၊အားသာချက်တွေကိုပါသိရှိနိုင်ဖို့ပထမဆုံးကြိုးစားရပါလိမ့်မယ်။ဒါတွေကိုသိမှသာကိုယ့်အားနည်းချက်ကိုပြင်၊ကိုယ့်အားသာချက်ကိုထွန်းကားအောင်လုပ်ပြီးကိုယ်နဲ့ယှဥ်ပြိုင်ရတဲ့တစ်ဖက်သူရဲ့ပျော့ကွက်ကိုရှာဖွေပြီးအနိုင်ရအောင်ဆောင်ရွက်နိုင်မှာပါ။ဒီတော့အဲဒီကိစ္စတွေကိုဘယ်လိုဆောင်ရွက်ကြမလဲ၊ကိုယ့်အသိအမြင်၊ကိုယ့်မျက်လုံးနှစ်လုံးတည်းနဲ့ကိုယ့်ရဲ့ယှဥ်ပြိုင်ဘက်ကိုမကြည့်ပဲမိမိအကူအညီပေးမယ့်သူများရဲ့မျက်လုံးများရဲ့အကူအညီကိုယူပြီးဆောင်ရွက်ရမှာပါ။ဒါမှသာအောင်ပွဲကိုမလွဲမသွေရနိုင်မှာဖြစ်ပါတယ်။ဒီလိုမဟုတ်ပဲကိုယ်သိ၊ကိုယ်တတ်စိတ်ဓာတ်မျိုးနဲ့ကိုယ့်ရဲ့ပြိုင်ဘက်ကိုယှဉ်ပြိုင်မယ်ဆိုရင်ဖြင့်အောင်မြင်ဖို့ဆိုတာမသေချာလှပါဘူး။အောင်မြင်သည်ထား အချိန်အများကြီးပေးရရုံသာမကသေးသေးမွှားမွှားအောင်မြင်မှုလောက်ကိုပဲရရှိကြမှာပါ။ဒီတော့မျက်လုံးနှစ်လုံးပဲရှိပေမယ့်မျက်လုံးအများစုနဲ့ကြည့်တတ်တဲ့အလေ့အကျင့်ကိုပျိုးထောင်ယူဖို့လိုပါလိမ့်မယ်။ကလော့ရင့်သောမတ်စ်ဆိုတဲ့တွေးခေါ်ရှင်တစ်ဦးကတော့ဉာဏ်ပညာကြီးသူတွေဖွင့်မရတဲ့တံခါးတွေကိုတောင်အမူအကျင့်ကောင်းတွေကဖွင့်နိုင်ပါသတဲ့။သတိပြုစရာပါ။ဟုတ်တော့ဟုတ်ပါတယ် ကောင်းတဲ့အမူအကျင့်ပဲဖြစ်ဖြစ်မကောင်းတဲ့အမူအကျင့်ပဲဖြစ်ဖြစ်ပေါ်ပေါက်လာဖို့ဆိုတာလွယ်ပါတယ်။လေ့ကျင့်ပျိုးထောင်တတ်ဖို့၊တစ်ဆိုက်မတ်မတ်ဆောင်ရွက်ဖို့ပဲလိုပါတယ်။ဒါကြောင့်ကောင်းတဲ့အမူအကျင့်ဖြစ်တဲ့ကိုယ့်ကိုယ်ကိုပဲဖြစ်ဖြစ်၊ကိုယ့်အလုပ်ကိုပဲဖြစ်ဖြစ်၊ကိုယ့်ရဲ့ရှေ့ရည်မှန်းချက်တွေကိုပဲဖြစ်ဖြစ်မျက်လုံးအများစုနဲ့ကြည့်တတ်တဲ့အကျင့်ကိုပြုစုပျိုးထောင်တတ်ဖို့လိုပါလိမ့်မယ်။ဒီလိုအလေ့အကျင့်ကောင်းမျိုးကိုသာထူထောင်နိုင်ခဲ့မယ်ဆိုရင်ဘဝရဲ့အောင်မြင်မှုတွေကိုမလွဲမသေရရှိသွားမှာအမှန်ပဲဖြစ်ပါလိမ့်မယ်။မျက်လုံးနှစ်လုံးပဲရှိပေမယ့်မျက်လုံးအများစုနဲ့ကြည့်တတ်တဲ့အမူအကျင့်ဟာကိုယ့်ရဲ့အနာအဆာကိုရှင်းရှင်းလင်းလင်းပိုပြီးမြင်နိုင်သလိုမိမိသွားရာလမ်းကိုလည်းရှင်းလင်းပြတ်သားစွာမြင်နိုင်ပါလိမ့်မယ်။ဒီအယူအဆဟာမိမိကိုယ်ကိုသူတစ်ပါး၏မျက်လုံးများနှင့်ကြည့်ရူ့ဝေဖန်ကြ၊အမှားအမှန်၊အားနည်းချက်၊အားသာချက်တွေကိုရှာဖွေကြ၊ကောင်းတာမှန်တာတွေလုပ်၊မကောင်းတာမှားတာတွေကိုရှောင်။ဒါဆိုရင်ဆုံးရှုံးနစ်နာစရာကိစ္စရယ်လို့ဘယ်မှာမှတွေ့နိုင်တော့မှဦမဟုတ်ပါဘူး။အင်္ဂလိပ်ဆိုးရိုးစကားတစ်ခုရှိတယ်။အလေ့အကျင့်ဆိုတာနောက်မှရောက်လာတဲ့သဘာဝတရားပါလို့ဆိုထားပါတယ်။ဟုတ်တော့လဲဟုတ်ပါတယ်။ဘယ်အရာမဆိုအလေ့အကျင့်မရခင်မှာအမှန်တကယ်ပဲကြိုးစားလုပ်ကိုင်ရပါတယ်။အဲဒီအမူအကျင့်ကိုအနည်ထိုင်အောင်ကြိုးစားရပါတယ်။နေ့စဥ်ရက်ဆက်လုပ်သွားတဲ့အခါအဲဒီအမူအကျင့်ဟာလေ့ကျင့်စရာမလိုတော့ပဲနောက်ပိုင်းမှာအလိုလိုလုပ်သွားတတ်တယ်မဟုတ်လား။အကျင့်တစ်ခုဟာလူတစ်ဦးတစ်ယောက်ရဲ့နေထိုင်မှုဘဝထဲကိုရောက်လာတဲ့အခါအထူးတလည်ကြိုးစားအားထုတ်စရာမလိုတော့ဘဲအလိုအလျောက်ပြုမှုကျင့်ကြံတတ်တဲ့ကိစ္စမျိုးဖြစ်သွားတတ်ပါတယ်။အခုတင်ဆက်ခဲ့တဲ့မျက်လုံးနှစ်လုံးတည်းနဲ့မကြည့်ဘဲမျက်လုံးအများစုနဲ့ကြည့်ဖို့ပြောရတာကလဲအနာဂတ်မှာကောင်းတဲ့အမူအကျင့်တွေနဲ့ဘဝလမ်းကြောင်းတွေအပေါ်ချီတက်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။ကောင်းတာတွေကတစ်ဆင့်ကောင်းမွန်တဲ့ရလဒ်တွေရနိုင်ကြောင်းတင်ဆက်ပေးလိုက်ပါတယ်။

Add new comment

3 + 0 =