မျက်စိအာရုံချို့တဲ့သူတွေ အားကိုးရတဲ့ ရဟန္တာမလေး "စိန့် လူစီ (St. Lucy)"

မျက်စိအာရုံချို့တဲ့သူတွေ အားကိုးရတဲ့ ရဟန္တာမလေး "စိန့် လူစီ (St. Lucy)"

ဟိုး.....လွန်ခဲ့တဲ့ ၂၈၃ ခုနှစ်က "စစ္စလီ (Sicily)" ကျွန်းမှာရှိတဲ့ "စီးရာခီအူးစ် (Syracuse)" လို့ခေါ်တဲ့ မြို့လေးတစ်မြို့မှာ ချမ်းသာကြွယ်ဝတဲ့ဇနီးမောင်နှံရှိခဲ့တယ်။ သူတို့မှာ နောင်တစ်ချိန်မှာ "စစ္စလီ (Sicily)" ရဲ့အထင်ကရ ရဟန္တာဖြစ်လာမယ့် သမီးလေးရှိတယ်။ နာမည်က "လူစီ (Lucy)" တဲ့။ "လူစီ (Lucy)" ဆိုတဲ့ အဓိပ္ပါယ်က "အလင်း (Light)" တဲ့။ ဒီသမီးလေးဟာ သူမကိုပေးတဲ့နာမည်နဲ့လိုက်အောင် အနာဂါတ်မှာ ဘာတွေလုပ်ခဲ့သလဲဆိုတာ ဖတ်ကြည့်ကြရအောင်နော်။

"လူစီ (Lucy)" ရဲ့ အဖေဟာ ရောမအနွယ်ဝင် ပုဂ္ဂိုလ်မြတ်ဖြစ်သလို သူမအမေဟာလည်း သူဌေးအနွယ်ဝင်ထဲက တစ်ယောက်ပေါ့။ "လူစီ (Lucy)" ရဲ့ မိဘနှစ်ပါးဟာ ချမ်းသာကြွယ်ဝကြပြီး မြင့်မြတ်သော မိဘများဖြစ်ကြတယ်။ ဒါပေမဲ့ "လူစီ (Lucy)" အသက်ငါးနှစ်မှာ မိသားစုအားကိုးအားထားရတဲ့ အဖေ ကွယ်လွန်သွားခဲ့တာပေါ့။ ဒါပေမဲ့ သူမကံကောင်းခဲ့တယ်လို့ ဆိုရမလား?? အဖေဖြစ်သူ မသေခင်မှာ သူမအိမ်ထောင်ဘက်ပြုတဲ့အခါ သူမမျက်နှာမငယ်ရလေအောင် ဒေါင်ရီအပြည့်အဝ ချန်ထားပေးခဲ့တယ်။

ဒီလိုနဲ့ မုဆိုးမဖြစ်တဲ့ သူမရဲ့အမေ "ယူနီချီးယား (Eutychia)" က "လူစီ (Lucy)" အတွက် ချမ်းသာကြွယ်ဝတဲ့ အိမ်ထောင်ဘက်ကို ရှာပေးခဲ့ပါတယ်။ အဲဒီအချိန်အခါက ရောမဘုရင် "ဒိုင်အိုကလဲရှန်း (Diocletian)" အုပ်ချုပ်ခဲ့တဲ့အချိန်ပေါ့။

"ဒိုင်အိုကလဲရှန်း (Diocletian)" လို့ အသံထွက်လိုက်တာနဲ့ မျက်စိထဲမှာ သူ့လက်ချက်နဲ့ ခရစ်ယာန်တွေ သွေးသံရဲရဲကြား နှိပ်စက်ခံရတဲ့ မြင်ကွင်းကို တွေ့နိုင်ပါတယ်။ ဘာလို့လဲဆို ဒီဘုရင်ဟာ ခရစ်ယာန်တွေကို နှိပ်စက်တဲ့သူတွေထဲမှာ အရက်စက်ဆုံးလို့ နာမည်ကြီးတဲ့ ဘုရင်လေ။

"လူစီ (Lucy)" ဟာ ဒီလိုအခြေအနေတွေကြားထဲ ကြီးပြင်းလာခဲ့တဲ့အချိန်မှာ သူမမိခင်ကိုယ်တိုင်က ခရစ်ယာန်ကျင့်စဉ်ကို လိုက်ကျင့်တဲ့သူ မဟုတ်ခဲ့ဘူး။ "လူစီ (Lucy)" ကိုလဲ ခရစ်ယာန်တရားတော်မြတ်ကို သွန်သင်ပေးတာတွေ မရှိခဲ့ဘူး။ ဒါပေမဲ့ လူစီတစ်ယောက် ထူးဆန်းစွာနဲ့ သူမနည်း သူမဟန်နဲ့ ဘုရားတရားကို ကျင့်ကြံအားထုတ်ခဲ့တယ်။ "လူစီ (Lucy)" ဟာ သူမကြားသိခဲ့ရတဲ့ ခရစ်ယာန်တွေခံရတဲ့ နှိပ်စက်မှုတွေအတွက် ခရစ်ယာန်တွေကို အရမ်းစိတ်ဝင်စားခဲ့ပြီး သူတို့တွေကို အရမ်းလဲသနားတယ်။

အထူးသဖြင့် ရဟန္တာမလေး "စိန့် အဂါသား (St. Agatha)" အကြောင်းကို သူမ ပိုပြီးစိတ်ဝင်စားတာ‌ပေါ့။ "စိန့် အဂါသား (St. Agatha)" ကို သူမသိပ်သဘောကျပြီး အမြဲသူမဆီ ဆုတောင်းခဲ့တယ်။ သူမရဲ့ သတ္တိအတွက် ဂုဏ်လည်း ဂုဏ်ယူတာပေါ့။ တစ်နေ့ကျရင် "လူစီ (Lucy)"လဲ သူတို့လို ကိုယ့်ဘဝကို ဘုရားထံမှာ ဖြူစင်စွာအပ်နှံမယ်လို့ သူမဆုံးဖြတ်ခဲ့တယ်။ သခင်ခရစ်တော်သွန်သင်ထားတဲ့ "အငယ်ဆုံးသောညီအစ်ကို ကို သင်ပြုသမျှသည် ငါ့အားပြု၏။" ဆိုတဲ့ ကျမ်းချက်ကလေးက "လူစီ (Lucy)" ရဲ့ နှလုံးသားထဲမှာ အမြဲထင်ကျန်ခဲ့သလို "လူစီ (Lucy)" ဟာ ဆင်းရဲသားတွေအပေါ် သူမတတ်အားသမျှ အကူအညီပေးခဲ့တယ်။ အကူအညီလိုတဲ့သူတွေအတွက် မတောင်းခင် ကူညီပေးတတ်တဲ့ နှလုံးလှ ပိုင်ရှင်မလေးပေါ့။

နာမကျန်းဖြစ်နေတဲ့ မိခင်ကို ပြုစုစောင့်ရှောက်ရင်း "လူစီ (Lucy)" တစ်ယောက် အိမ်မှာ အမြဲဘုရားရှိခိုးလေ့ရှိတယ်။ အဲဒီအချိန်မှာ "စိန့် အဂါသား (St. Agatha)" ဟာ လူတွေတော်တော်များများကို တန်ခိုးလက္ခဏာတွေပြပြီး သူ့ဆီကို ဆုတောင်းရင် ရောဂါပေါင်းစုံ ပျောက်ကင်းတယ်လို့ သတင်းရတော့ "လူစီ (Lucy)" တစ်ယောက် သူမရဲ့မိခင်ကို "စိန့် အဂါသား (St. Agatha)" အုတ်ဂူမှာ‌ ဆုလာတောင်းဖို့ အကြိမ်ကြိမ်နှိုးဆော်ခဲ့ပါတယ်။

တစ်နေ့မှာပေါ့..."လူစီ (Lucy)" က သူမရဲ့ အမေကို....

"အမေ...ဒီတစ်ခါတော့ သမီးကိုမငြင်းပါနဲ့ သမီးနဲ့ "စိန့် အဂါသား (St. Agatha)" အုတ်ဂူမှာ လာဆုတောင်းနော်.…"

သမီးဆန္ဒကို မငြင်းရက်တဲ့မိခင်က....

"အေးပါသမီးရေ... သမီးအလိုလိုက်ပေးပါ့မယ်"

နောက်တစ်နေ့ "လူစီ (Lucy)" တို့ သားအမိ "စိန့် အဂါသား (St. Agatha)" ရဲ့ အုတ်ဂူကိုသွားပြီး ဆုတောင်းကြတယ်။ ညလဲနက်ပြီမို့ သူတို့သားအမိဟာ အုတ်ဂူဘေးမှာ ဖျာလေးခင်းပြီး အိပ်နေကြတာ "လူစီ (Lucy)" အိမ်မက်ထဲမှာ "စိန့် အဂါသား (St. Agatha)" က ""လူစီ (Lucy)"...မင်းအမေခုကျန်းမာပါပြီ။ "လူစီ (Lucy)"... မင်းဟာ နောင်များမကြာခင်မှာ "စီးရာခီအူးစ် (Syracuse)" မြို့အတွက် ဂုဏ်ယူရတဲ့သူတစ်ယောက် ဖြစ်လာလိမ့်မယ်။"

ဒီလိုသတင်းစကားကြောင့် "လူစီ (Lucy)" တစ်ယောက် နိုးလာပြီး အိမ်မက်လား။ တကယ့်အဖြစ်အပျက်လား ဆိုတာ ဝေခွဲမရ ဖြစ်နေတာမို့ ဘေးမှာအိပ်မောကျနေတဲ့ အမေဖြစ်သူကို..

" အမေ‌.. အမေ.. ထပါဦး.."

"သမီးလေး "လူစီ (Lucy)"... သမီးဘာဖြစ်တာလဲ?"

"အမေ.. သမီးပြောရင် အမေယုံမှာမဟုတ်ဘူး။ "စိန့် အဂါသား (St. Agatha)" သမီးကို ရူပါရုံပြပြီး အမေ့ရောဂါ ပျောက်ကင်းသွားပြီလို့ ပြောတယ်။"

"ဟင်....အင်း... အမေ့အကိုက်ခဲတွေ မရှိတော့ဘူး..ဟေး..ဒါ ထူးဆန်းတဲ့ တန်ခိုးတော်ပဲ"

"ဟုတ်တယ်အမေ... "စိန့် အဂါသား (St. Agatha)" က ကူညီပေးမယ်လို့ သမီးပြောခဲ့တာ.. အခုယုံပြီမဟုတ်လား..?"

"အေးပါသမီးရေ...သမီးရဲ့ နေပုံထိုင်ပုံက လေးလေးနက်နက်ပြီး မှန်မှန်ကန်ကန်ရှိနေခဲ့တာ သမီးပြောတာတွေ မှန်ကန်နေခဲ့တာ အမေသိပါတယ်။"

ဒီလိုနဲ့ "လူစီ (Lucy)" ရဲ့ အမေဟာ ဘုရားကိုကျေးဇူးတင်ချီးမွမ်းနေခဲ့တယ်။ အဲဒီအချိန်ကနေစပြီး "လူစီ (Lucy)" ရဲ့ အမေဟာ စိတ်ပြောင်းလဲလာပြီး ခရစ်ယာန်ဘာသာတရားကို သက်ဝင်ယုံကြည်လာခဲ့တယ်။

သူတို့သားအမိ အိမ်ကိုရောက်လာတဲ့အခါ "လူစီ (Lucy)" က "အမေ...သမီးတို့ပိုင်တဲ့ ပစ္စည်းတွေ ဆင်းရဲသားတွေကို မျှပေးရင် မကောင်းဘူးလား?"....

"သမီးရေ.. သမီးရဲ့ဆုံးဖြတ်ချက်က အင်မတန်မှ မွန်မြတ်ပါတယ်။ ဒါပေမဲ့ အမေ စိုးရိမ်တာက နောင်တစ်ချိန်မှာ သမီးလေး ဘယ်လိုအသက်ရှင်ရမလဲဆိုတာ တွေးပူမိတာပါ သမီးရေ..."

"အမေ...စစ်မှန်တဲ့ ပေးကမ်းစွန့်ကြဲခြင်းဆိုတာ ကိုယ်အသက်ရှင်ချိန်မှာ ကိုယ့်မှာရှိသမျှအကုန် ပေးကမ်းခြင်းလေ.. ကိုယ်သေသွားမှ ကိုယ်သုံးလို့မရတဲ့အချိန်မှ ပေးကမ်းလိုက်တာမျိုး မဟုတ်ဘူး မေမေရဲ့..."

စိတ်ထားမြင့်မြတ်လွန်းတဲ့ သမီးဖြစ်သူရဲ့ဆန္ဒကို မဆန့်ကျင်ရက်တဲ့အဆုံး သမီးလေးရဲ့ ဆန္ဒအတိုင်းသာ ပိုင်ဆိုင်သမျှကို အသုံးပြုဖို့ အခွင့်ပေးခဲ့ရပါတယ်။ ဒီလိုနဲ့ သူတို့သားအမိ တွေ့သမျှ ဆင်းရဲသားနှင့် အကူအညီလိုအပ်နေသူတွေကို ကူညီပေးရင်း နောက်ဆုံး သူမ အိမ်ထောင်ပြုတဲ့အချိန် အသုံးပြုဖို့ ချန်ထားတဲ့ ဒေါင်ရီကိုပါ အကုန်ပေးလိုက်ပါတော့တယ်။

"လူစီ (Lucy)" နဲ့ စေ့စပ်ထားပြီဖြစ်တဲ့ သတို့သားလောင်းဟာ ဒီသီတင်းကိုကြားသိရတော့ အင်မတန်မှ ဒေါပွပြီး၊ "စီးရာခီအူးစ် (Syracuse)" မြို့ရဲ့ အုပ်ချုပ်ရေးမှုး "ပါစ်ကားစီးယူးစ် (Paschasius)" လို့ခေါ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့သူဆီကို သွားပြီး၊ "လူစီ (Lucy)" ဟာ ခရစ်‌ယာန်တစ်ယောက်ဖြစ်ပြီး သူမပိုင်တဲ့ ပစ္စည်းတွေကို ဆင်းရဲသား ခရစ်ယာန်တွေကို ဝေမျှပေးကမ်းနေကြောင်း တိုင်ကြားလိုက်တယ်။

ခရစ်ယာန်တွေကို မျက်မုန်းကျိုးနေတဲ့ "ပါစ်ကားစီးယူးစ် (Paschasius)" ဟာ အင်မတန်ဒေါသထွက်ခဲ့ပြီး...

"ဒီ "လူစီ (Lucy)" ဆိုတဲ့ မိန်းကလေး ငါ့ရှေ့ကို ချက်ချင်းခေါ်ခဲ့..." လို့ အမိန့်ထုတ်ခဲ့တယ်။

နဲနဲမျှပင်ကြောက်စိတ်မရှိတဲ့ "လူစီ (Lucy)" ဟာ "ပါစ်ကားစီးယူးစ်( Paschasius)" ရှေ့မှာ ရောက်လာခဲ့ပါတယ်။

"ဒီမှာ မိန်းကလေး..မင်းက ခရစ်ယာန်တစ်ယောက်ဖြစ်တယ်ဆိုတာ ငါကြားသိခဲ့ရတယ်။ ခရစ်ယာန်ဖြစ်တယ်ဆိုတာ ကြီးမားတဲ့ပြစ်မှုတစ်ခုဆိုတာ မင်းမသိဘူးလား? မင်းဘာပြောချင်သေးလဲ....?"

"ဟုတ်.. ကျွန်မက ကျွန်မယုံကြည်တဲ့အရာကို မှန်ကန်တယ်လို့ ယူဆတာကြောင့် အာဏာရှင်ကြီး ကျွန်မရဲ့ ခန္ဓာကို ကြိုက်သလို နှိပ်စက်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ဝိညာဉ်ကို မထိခိုက်နိုင်ပါဘူး..."

"မင်း ငါ့ကို ဘယ်လိုပြောရဲတာလဲ..? တခြားသူတွေလို ပြစ်ဒဏ်ခံချင်တာလား...? နောက်ဆုံးမင်းကို အခွင့်အရေးပေးမယ်။ မင်းရဲ့ ယုံကြည်ခြင်းကို စွန့်လွှတ်ပြီး ရုပ်ထုတွေကို ကိုးကွယ်လိုက်စမ်းပါ... ဒီရုပ်ထုတွေဟာ စစ်မှန်တဲ့ ဘုရားတွေ...ဒါဆိုရင် ငါ မင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်...?

"ဆောရီးပါ...ကျွန်မက ကျွန်မရဲ့ သခင်ခရစ်တော်အပြင် ဘယ်ဘုရားကိုမှ မကိုးကွယ်ပါဘူး..."

"မင်းရူးနေလား.. ဟေ့..ဒီမိန်းကလေးကို ချက်ချင်း ပရိတ်သတ်ရှေ့ကိုခေါ်ပြီး နှိပ်စက်ကြစမ်း..."

"လူစီ (Lucy)" ကို ဖမ်းမည့် စစ်သည်ရောက်လာတော့ "လူစီ (Lucy)" က...

"ငါ့ရဲ့ ကိုယ်ခန္ဓာကို ဘယ်လိုပဲလုပ်လုပ် ကိစ္စမရှိဘူး။ ကျွန်မရဲ့ စိတ်ဝိညာဉ်က သန့်ရှင်းဖြူစင်နေမှာ..."

ကြားရတဲ့စစ်သားက ဒေါသထွက်ပြီး "လူစီ (Lucy)" ကို ရိုက်ချလိုက်တာ အားနွဲ့တဲ့ "လူစီ (Lucy)" တစ်ယောက် ကြမ်းပြင်ပေါ်မှာ ပက်လက်လဲကျခဲ့တယ်။

"ထ.....ခုချက်ချင်းထလို့ ငါပြောနေတယ်.." စစ်သားက "လူစီ (Lucy)" ကို အမိန့်ပေးခဲ့တယ်။ "လူစီ (Lucy)" တစ်ယောက် မထနိုင်ခဲ့ဘူး။

အာဏာရှင်က

"ငါ့အချိန်ကို မဖြုန်းနဲ့။ မြန်မြန်ပရိတ်သတ်ရှေ့ကို ဆွဲခေါ်သွား..." အာဏာရှင်က အမိန့်ပေးခဲ့တယ်။

"လူစီ (Lucy)" ကို ရိုက်ချလိုက်တဲ့ စစ်သူကြီးဟာ "လူစီ (Lucy)" လက်ကနေ ဆွဲခေါ်ခဲ့ပေမဲ့ အားမနိုင်တာကြောင့် ဘေးက စစ်သားတွေကိုပါ အကူအညီ တောင်းခဲ့ရတယ်။ စစ်သားတွေဟာ "လူစီ (Lucy)" ရဲ့ ခန္ဓာကိုယ်ကို ဆွဲခဲ့ကြပေမဲ့ မနိုင်ကြတော့ ဘုရားရှင်ရဲ့ ခွန်အားတန်ခိုး "လူစီ (Lucy)" ဆီမှာ ကိန်းဝပ်နေတယ်ဆိုတာ အနည်းငယ် ရိပ်မိကြပါတော့တယ်။ အခြားစစ်သားအမြောက်အများကို ခေါ်ခဲ့ပေမယ့် သူတို့ အားလုံးပေါင်းပြီးတော့ "လူစီ (Lucy)" ခန္ဓာကိုယ်ကို မဆွဲနိုင်ခဲ့ကြပါဘူး။

နောက်ဆုံး ကျွဲနွားတွေနဲ့ပါ ဆွဲခေါ်ခဲ့ပေမယ့် မရခဲ့ပါဘူး။ အံ့အားသင့်တဲ့ အာဏာရှင်ဟာ ...

"ဟေး..မိန်းကလေး...မင်းက ဘာကြောင့် ဒီလောက်အားရှိရတာလဲ?"

"ကျွန်မပြောပြရင်လဲ ယုံမှာ မဟုတ်ကြဘူး။ ကျွန်မရဲ့ ခွန်အားဟာ ကျွန်မရဲ့ သခင်ဘုရား၊ သခင်ခရစ်တော်ဆီကနေ လာတာလေ..."

"ကောင်းပြီ...တွေ့ကြသေးတာပေါ့... ဟေ့ စစ်သည်‌တွေ..ဒီကလေးမလေးကို မီးရှို့စမ်း..သူမရဲ့ဘုရားက ကယ်သလားလို့ ကြည့်ကြည့်ရအောင်...."

ထင်းတွေပုံထားတဲ့အလယ်မှာ "လူစီ (Lucy)" ကို ကြိုးနဲ့ချည်နှောင်ပြီး အာဏာရှင်က မီးရှိုဖို့ အမိန့်ပေးခဲ့တယ်။ အိုးးးးးအံ့ဩစရာ..လူတွေအားလုံးက "လူစီ (Lucy)" ပြာကျပြီလို့ထင်ခဲ့တာ။ ဘယ်ဟုတ်မလဲ ထင်းတွေ မီးလုံးဝမတောက်နိုင် ဖြစ်ခဲ့ရတယ်။

လူတော်တော်များများက ရင်သပ်ရှုမောပေါ့။ ဒီကြားထဲ အာဏာရှင်က ဒေါသပိုပိုထွက်လာတော့......

"ဟေ့.....ဒီမိန်းကလေးရဲ့ မျက်လုံးနှစ်ခုကို ဖောက်ထုတ်စမ်း..."

စစ်သူကြီးဟာ ဓားရှည်ကြီးနဲ့ "လူစီ (Lucy)" ရဲ့ မျက်လုံးနှစ်ခုကို ဖောက်ထုတ်လိုက်တယ်။ ပြင်းထန်တဲ့ ဒဏ်ရာကြောင့် "လူစီ (Lucy)" ဟာ အော်ဟစ်ခြင်းမပြုတဲ့အပြင် ပြုံးပြုံးလေးနဲ့ ဆုတောင်းမေတ္တာပြုနေခဲ့တယ်။ ပရိတ်သတ်ဘက်ကို လှည့်ပြီး

"ယုံကြည်သူတို့ စိတ်ဓာတ်မကျကြပါနဲ့။ ကျွန်မ သေပြီးတဲ့နောက်မှာ ယုတ်မာရက်စက်တဲ့ဘုရင် "ဒိုင်အိုကလဲရှန်း (Diocletian)" ရဲ့ အုပ်ချုပ်မှုလဲ ပြီးဆုံးပြီး ဒီအာဏာရှင် "ပါစ်ကားစီးယူးစ် (Paschasius)" လဲ သေဆုံးသွားတဲ့အချိန်၊ အသင်းတော်မှာ ငြိမ်းချမ်းသာယာခြင်းတွေ ပြန်ရှိလာမှာပါ..."

ဆိုပြီး ကြိုတင်နိမိတ်ပါ ဟောပြောနေခဲ့တယ်။

ဒီအဖြစ်အပျက်ကို ကြားနာပြီး၊ တွေ့မြင်ရတဲ့သူတော်တော်များများဟာ ခရစ်ယာန်ဘာသာကို ပိုမိုပြီး ယုံကြည်လာကြပါတော့‌တယ်။ အာဏာရှင် "ပါစ်ကားစီးယူးစ် (Paschasius)" ဟာ "လူစီ (Lucy)" ကို ဘယ်လို နှိပ်စက်ရမလဲဆိုတာ အကြံမရနိုင်တော့တဲ့အဆုံး "လူစီ (Lucy)" ကို ဓားနဲ့ အဆုံးစီရင်ဖို့ အမိန့်ချမှတ်ခဲ့ပါတော့တယ်။

နောက်ဆုံး "လူစီ (Lucy)" ဟာ သူမယုံကြည်ခဲ့တဲ့ ဘုရားရှင်ဆီကို ဒီလောကကြီးကနေ ထွက်ခွာသွားခဲ့ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်ကို သင်္ဂြိုလ်ဖို့ ပြင်ဆင်ကြတဲ့အချိန်မှာ ဖောက်ထွင်းခံရတဲ့ မျက်လုံးနှစ်ခုဟာ သူမမျက်စိနေရာမှာရှိနေတာ အံ့ဩစဖွယ် ပြန်တွေ့ခဲ့ကြရတာကြောင့် "လူစီ (Lucy)" ကို မျက်စိအာရုံမှာ အခက်အခဲတွေ့နေသူတို့ အားကိုးရတဲ့ ရဟန္တာအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

#To Be Human

 

#CNA_Daily_Saint

 

Add new comment

3 + 12 =