မေလ (၂၆): #ရဟန္တာ_ဖိလစ်နေရီ ပွဲနေ့ (Philip Neri)

မေလ (၂၆): #ရဟန္တာ_ဖိလစ်နေရီ ပွဲနေ့ (Philip Neri)

*ဖိလစ်နေရီကို ပျော်ရွှင်ပြီး ဟာသပြောတတ်သူ၊ သန့်ရှင်းဖြူစင်ပြီးတရားဟောကောင်းမွန်သူနှင့် အာပတ်ဖြေနားထောင်ရာ၌ စံထားအပ်သူအဖြစ် လူသိများခဲ့သည်။ သူသည် "အီတလီနိုင်ငံ၏ တမန်တော်" သို့မဟုတ် "အီတလီနိုင်ငံကို စောင့်ရှောက်သည့် ရဟန္တာ"လည်း ဖြစ်သည်။

*စိန့်ဖိလစ်သည် ၁၅၁၅ ခုနှစ်၊ အီတလီနိုင်ငံ၊ ဖလောရန့် ဒေသတွင် ဆင်းရဲသည့်မိသားစုမှ မွေးဖွားခဲ့၏။ ဒေါမိနစ်ကင်အသင်းဂိုဏ်းမှ ဖွင့်လှစ်သည့် ကျောင်းတွင် သူ့ကို ဘုရားတရား ကိုင်းရှိုင်းသည့်လူငယ်အဖြစ် လူသိများခဲ့သည်။ သူ့အသက် ၁၈ နှစ်တွင် စီးပွားရေး (ချမ်းသာသည့် ကုန်သည်)လုပ်ငန်းပိုင်ရှင်၊ သူ၏ ဦးလေး ရိုမိုလို ကူညီစေရန် စန်ဂျမာနိုသို့ စေလွှတ်ခြင်းခံခဲ့ရသည်။ ထိုဒေသတွင် သူ့ဦးလေး၏ ယုံကြည်စိတ်ချမှုနှင့် ချစ်ခင်မှုကိုရရှိခဲ့သော်လည်း (ရိုးမမြို့သို့ သွားရမည်ဟု ရူပါရုံရပြီး) ဘာသာရေးတွင် ပိုစိတ်အားထက်သန်လာခဲ့၏။ ထိုကြောင့် စီးပွားရေးတွင် စိတ်မဝင်စားတော့ဘဲ ၁၅၃၃ခုနှစ်တွင် သူ၏ဦးလေးကို နှုတ်ဆက်ကာ ငွေအသပြာ တစ်ပြားတစ်ချပ်မျှမပါဘဲ ဘုရားသခင်ကိုသာ အားကိုးကာ ရောမမြို့သို့ ထွက်ခွာလာခဲ့သည်။

*ရောမတွင်ရှိစဉ် သြဂတ်စတင်းရသေ့ကျောင်းမှ ဒဿနိကဗေဒ (အတွေးအခေါ်ပညာ) နှင့် သီသြလော်ဂျီ (ဘာသာရေးပညာ)ကို လေ့လာခဲ့ပြီး အခြားယောက်ျားလေးများကိုု ပညာပြန်သင်ကြားပေးခဲ့သည်။ သူသည် ဂျက်ဇွစ်အသင်းတည်ထောင်သည့် လိုယိုလာမြို့မှ ရဟန္တာ အီဂနေးရှပ်စ်၏ သူငယ်ချင်းလည်းဖြစ်ခဲ့ပြီး အီဂနေးရှပ်စ်က သူ့ကို "လူအများကို ဘုရားဆီသို့ခေါ်သည့် ခေါင်းလောင်းဖိလစ်" ဟု နာမည်ပေးခဲ့သည်။ ဖိလစ်သည် နောက်ပိုင်းတွင် ပညာရေးသင်ကြားခြင်း၌ ငြီးငွေ့လာသဖြင့် သူစာသင်ခြင်းမှ ရရှိသည့်ငွေအပြင် သူ၏စာအုပ်များအားလုံးကိုရောင်းပြီး ဆင်းရဲသားများကို ပေးခဲ့သည်။ တစ်နေ့တွင် သူဆုတောင်းနေချိန်၌ ဝိညာဥ်တော်၏ မီးအလင်းတန် သူ့ရင်ဘတ်ထဲသို့ ဝင်ရောက်သဖြင့် သူအလွန်ဝမ်းသာပီတိ ဖြစ်ခဲ့သည် ဟုလည်းဆိုကြသည်။

*နောက်ပိုင်းတွင် အိုးအိမ်မဲ့သူများနှင့် ဆင်းရဲသားများကို ကူညီရန်အတွက် (the Confraternity of the Most Holy Trinity) အသန့်ရှင်းဆုံးသောပုဂ္ဂိုလ်သုံးပါး တစ်ဆူ၏ မိတ်သဟာယအသင်းဂိုဏ်းကို ပူးတွဲတည်ထောင်ခဲ့၏။ ထိုအသင်းဂိုဏ်းသည် သာမန်ဘာသာသူများဖြင့် အဓိကဖွဲ့စည်းထားပြီး အသင်းတော်၏ ကရုဏာရေး ကိစ္စအဝဝကို ကူညီ အစေခံကြသည်။ သူကိုယ်တိုင်လည်း စတင် တရားဟောပြောခဲ့သဖြင့် လူများစွာသည် ဖိလစ်၏ တရားဟောပြောခြင်းနှင့်ပုံသက်သေကြောင်း ပြောင်းလဲလာခဲ့ကြသည်။ ဖိလစ်သည် ၁၅၅၁ ခုနှစ်၊ မေလ ၂၃ရက်တွင် ရဟန်းသိက္ခာခံယူခဲ့သည်။

*ထိုအချိန်တွင် မစ္ဆားတရားမရှိဘဲ ပေါ့လျော့နေသည့် ယုံကြည်သူများကို "ဒီနေ့ ကောင်းမှုတစ်ခုခုလုပ်ဖို့ အဆင်သင့်ရှိလားခင်ဗျား" ဟု သူတွေ့သူများကို ဆွဲဆောင်ကာ ခွန်အားအသစ် ဖြစ်စေခဲ့သဖြင့် လူအများတို့သည် သူ့ထံသို့ အာပတ်ဖြေရန် စုရုံးရောက်ရှိလာ ခဲ့ကြ၏။ ထူးခြားချက်မှာ သူ့ထံအာပတ်မဖြေမသွားမီကပင် အာပတ်ဖြေမည့်သူများ၏ အပြစ်ကို ကြိုသိထားသည်ဟု ဆိုသည်။ ၁၆ ကြိမ်မြောက် ပုပ်ရဟန်းမင်းကြီးဂရေဂိုရီက ဖိလစ်ကို ကာဒီနယ်လ် ဖြစ်စေလိုသော်လည်း ထိုရာထူးကို သူငြင်းပယ်ခဲ့သည်။ ဘုန်းတော်ကြီး ဖိလစ်သည် (the Congregation of Oratory, C.O/Orat) အသင်းဂိုဏ်းကိုလည်း တည်ထောင်ခဲ့ပြီး ထိုအသင်းသည် တရားဒေသနာ ဟောကြားခြင်းနှင့် သင်ကြားပို့ချပေးလျက် ယနေ့တိုင် တည်ရှိနေဆဲဖြစ်သည်။

သူသည် ၁၅၉၅ ခုနှစ်၊ မေလ ၂၇ ရက်တွင်ကွယ်လွန် သွားခဲ့ပြီး ၁၆၂၂ ခုနှစ်တွင် ၁၅-ကြိမ်မြောက် ပုပ်ရဟန်းမင်းကြီးဂရေဂိုရီက သူ့ကို အီတလီနိုင်ငံနှင့် အမေရိကန်အထူးတပ်ဖွဲ U.S. Army Special Force ကိုစောင့်ရှောက်သူအဖြစ် ရဟန္တာ တင်မြှောက်ခဲ့လေသည်။
*Saint Philip Neri, Pray for us. Amen.

✍️ထန်းဟာ,SJ
#KyeseMyanmar #AMDG #Catholic #Saint #StPhilipNeri #Priest
Ref: Catholic News Angency, Francis Media, CatholicSaint.Info, Catholic Online & sanctoral.com (Lives of the Saints)

 

Add new comment

9 + 3 =