မေဒေးအလုပ်သမားများနေ့

မေဒေးအလုပ်သမားများနေ့

***********************

မေလ(၁)ရက်နေ့ဟာ ကက်သလစ်အသင်းတော်မှာ #စိန့်ဂျိုးဇက် (သံဇူဇယ်) အလုပ်သမားနေ့ ဖြစ်သလို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကမ္ဘာအလုပ်သမားများနေ့ကို ကျင်းပကြပါတယ်။ စိန့်ဂျိုးဇက်ဟာ အမိမယ်တော် မာရီယားနဲ့ သူငယ်တော် ယေဇူးကို ကြည့်ရှုစောင့်ရှောက်ရာမှာ ရိုးသားဖြောင့်မတ် ကြိုးစားသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မျှမျှတတ လုပ်ဆောင်တတ်သူ၊ ဘုရားတရား ကြည်ညှိုသူနဲ့ နှိမ့်ချခြင်း ပါရမိရှင်အဖြစ် လူသိများပါတယ်။ လူတိုင်းအတု လိုက်ကျင့်ထိုက်တဲ့ ပါရမိတွေ ဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း မေလ(၁)ရက်နေ့ကို International Workers' Day! နိုင်ငံတကာအလုပ်သမားများနေ့ အဖြစ် ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျင်းပ ကြပါတယ်။ ဘာအလုပ်ပဲ လုပ်လုပ် ကောင်းမွန်ပြီး လူတွေကို အကျိုးပြုတဲ့ အလုပ် မှန်သမျှဟာ ဂုဏ်ရှိတာကြောင့် #အလုပ်ဟူသမျှ_ဂုဏ်ရှိစွ" လို့ပြောစမှတ်ပြုကြတယ်။ အလုပ်လုပ်သူမှန်သမျှ ဂုဏ်ယူသင့်တဲ့ နေ့ရက်လေးပဲ မဟုတ်ပါလား။ ဒါပေမဲ့ သန်းပေါင်းများစွာသော အလုပ်သမားများဟာ ဒီနေ့လိုမျိုး အားလပ်ရက်ကို မရရှိကြပါဘူး။ ကမ္ဘာမှာ လူကုန်ကူးခံနေရတဲ့ သားကောင်များ (၂၁)သန်း လောက် ရှိမယ်လို့ခန့်မှန်းထားကြပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ''သင်တို့ အဲဒီလို ဒုက္ခသည်တွေ လူကုန်ကူး ခံနေရတဲ့ သားကောင်တွေကို တွေ့ဖို့အတွက် အစွန်အဖျားအထိ သွားရှာနေဖို့ မလိုပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ ကျွန်ုပ်တို့ရဲ့အမြင်အာရုံကနေ ဖုံးကွယ်နေတာ ဖြစ်တယ်။ သူတို့တွေက အစားအသောက် ကုန်ပစ္စည်းတွေကို ထုပ်ပိုးခြင်း၊ စျေးပေါတဲ့ အ၀တ်အစားတွေကို ရက်လုပ်ခြင်း၊ အဖိုးအဖွား မိဘများနဲ့ သားသမီးများကို ထိန်းကျောင်းပေးနေရခြင်းနဲ့ လမ်းမများပေါ် မှာ အလုပ်လက်မဲ့ လျှောက်သွားနေကြပြီး ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းအထဲ အနီးအနားမှာ ရှိနေကြပါတယ်။'' လို့မိန့်ကြားခဲ့ပါတယ်။

ဗာတီကန်မှာရှိတဲ့ အမေရိကန်သံရုံးရဲ့ အကူအညီနဲ့ COATNET — "Christian Organizations Against Trafficking in Human Beings" လို့ခေါ်တဲ့ လူကုန်ကူးမှုကို ဆန့်ကျင်တိုက်ဖျက်သည့် ခရစ်ယာန် အဖွဲ့အစည်းကနေ လူကုန်ကူးမှုအကြောင်း သူတို့တွေ သိရှိထားသမျှ အချက်အလက်တွေကို (၂၀၁၅)တုန်းက ဗီဒီယိုမှတ်တမ်းတို ပြုလုပ်ပြီး တစ်ကမ္ဘာလုံးကို သတိပေးထားပါတယ်။

လူကုန်ကူးမှုအကြောင်း (၁၀) ခုထဲမှာ အဓိကအချက်တစ်ချို့ကတော့ လူကုန်ကူးမှုရဲ့ အခြားနာမည် နောက်တစ်ခုကတော့ "ခေတ်သစ်ကျေးကျွန်စနစ်" ဖြစ်ပါတယ်။ မတရားဖိနှိပ်မှု ပုံစံအမျိုးမျိုးတွေ အသုံးပြုကြတယ်။ အဲဒီလို မတရားဖိနှိပ်မှုများမှာ အိမ်တွင်းအလုပ်များနှင့် အခြားအလုပ်များတွင် အတင်းအကြပ်အလုပ်ခိုင်းခြင်း၊ ပြည်တန်ဆာအဖြစ် သိမ်းသွင်းခြင်း၊ ပြန်ပေးဆွဲခြင်း၊ အယုံသွင်းခေါ်သွားကာ လူကိုသတ်ပြီး ကိုယ်အင်္ဂါအပိုင်းများကို ထုတ်ယူခြင်း (သို့) အလုပ်သမားတွေရဲ့ အရေးကြီး စာရွက်စာတမ်းများကို သိမ်းယူထားခြင်းဖြင့် ကျွန်ဘ၀မှ ထွက်ပြေးသော်လည်း စာရွက်စာတမ်းမရှိသဖြင့် အခြားနေရာတွင် ထပ်ပြီး ကျေးကျွန် ပြန်ဖြစ်ရတာတွေပါ။ အဲဒီအထဲမှာ မြန်မာနိုင်ငံကနေ ပွဲစားတွေနဲ့ မလေးရှား၊ စင်္ကာပူနဲ့ အခြားနိုင်ငံတွေမှာ အလုပ်လုပ်နေကြတယ် မြန်မာနိုင်ငံသားတွေ အများကြီး ရှိနေပါတယ်။

ဥပမာ - နိုင်ငံခြားကို သွားဖို့ ကုန်ကျစရိတ် မပေးနိုင်တာ၊ အသက်မပြည့်သေးတာနဲ့ နိုင်ငံခြား ဘာသာစကား မပြောနိုင်သေးတာတွေကြောင့် ပွဲစားနဲ့ အိမ်ရှင်တွေ ပူးပေါင်း ကြံစည်ပြီး သူတို့အတွက် အလုပ် ​(၆)လတိတိ ဘာလစာမှ မရဘဲ အလကား အလုပ်လုပ်ပေး ရပါတယ်။ ပြီးတော့ ခုနှစ်လမြောက်မှာ သူတို့ရတဲ့ လစားကလည်း အရမ်းနည်းပြီး ခေါင်းပုံဖြတ် အမြတ်ထုတ် "ခေတ်သစ်ကျေးကျွန်စနစ်" မှာ မတရား ခံနေရသူတွေ ဖြစ်ပါတယ်။ တစ်ချို့တွေကတော့ ပင်လယ်ပြင် ငါးဖမ်းသင်္ဘောပေါ်မှာ လပေါင်း၊ နှစ်ပေါင်းများစွာ ကျေးကျွန်ပြု ခံနေရသူတွေလည်း ရှိနေပါတယ်။

သုတေသန စစ်ချက်တွေအရ လူကုန်ကူးမှုဟာ ကမ္ဘာပေါ်မှာ တတိယအကြီးအကျယ်ဆုံး ရာဇ၀တ်လုပ်ငန်း ဖြစ်တယ်လို့ သိရပါတယ်။ လူကုန်ကူးမှု ခံရသူ မိန်းကလေးများမှာ ဆင်းရဲခြင်း၊ အသိပညာ ဗဟုသုတ နည်းပါးခြင်း(သို့) ပညာမတတ်ခြင်းတွေ​ကြောင့် မတရားဖိနှိပ်မှု ခံစားရခြင်းနှင့် ပြည်တန်ဆာများအဖြစ် အတင်း အဓမ္မသိမ်းသွင်း ခံရတာဖြစ်တယ်။

မေဒေးလို့ ခေါ်တဲ့ ကမ္ဘာ့အလုပ်သမားများနေ့မှာ လူကုန်ကူးမှုများကို အမြစ်ပါမကျန်အောင် ဝိုင်းဝန်းတိုက်ထုတ် အတူတကွ ချေမှုန်းပြီး ကမ္ဘာ့နေရာအသီးသီးမှာ အလုပ် လုပ်ကိုင်နေကြတဲ့ ကမ္ဘာ့အလုပ်သမားများနဲ့ လူသားအားလုံး တန်းတူ အခွင့်အရေး ရရှိကြပါစေ။ ယခုမြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စစ်အာဏာရူးများရဲ့ မတရား အတင်းအဓမ္မ အာဏာသိမ်း ညှဥ်းဆဲ လူသတ် ကာ လူသားမျိုးနွယ် တစ်ခုလုံးရဲ့ အခွင့်အရေးကို ချိုးဖောက် နေမှုများလည်း အမြန်ဆုံး ရပ်တန့်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ ဝိုင်းဝန်းကြိုးစားရင်း စိန့်ဂျိုးဇက် ကနေ တဆင့် ဆုတောင်း ကြပါစို့။

St. Joseph, The Worker!

Pray for us. Amen

ထန်းဟာ, SJ

Photo credit to original posts

ကမ္ဘာနဲ့ မြန်မာ အလုပ်သမားနေ့အကြောင်း နာဆင်းရန်

https://fb.watch/5clFuIus43/

Add new comment

11 + 9 =