ဘဝပတ်ဝန်းကျင်

တစ်ပြားမှ မရှိချိန်မှာ သည်းခံနိုင်တဲ့လူကို ကျွန်တော် သတိပြုမိတတ်သလို အကုန်ရှိနေခ်ျိန်မှာ မောက်မာတဲ့သူကိုလည်း ကျွန်တော့် အနေနဲ့ သတိပြုမိတတ်တယ်။
ငွေရှိတိုင်း ကျွန်တော် အထင် မကြီး တတ်ပါဘူး။ ရှိတဲ့ငွေကို လိုအပ်မှထုတ်သုံးပြီး နှိမ့်ချစွာ နေထိုင်နိုင်သူ ကိုတော့ ကျွန်တော် အထင်ကြီးတယ်။
ဒီလိုပဲ ရာထူးကြီးမားနေတဲ့လူတစ်ယောက်ကို ရိုကျိုးစရာလို့ မမြင်ခဲ့ဖူးဘူး။ သို့သော် သဘောထားကြီးတဲ့ လူသားတိုင်းကို ကျွန်တော်ရိုကျိုးမိတယ်။
ပညာမတတ်ပေမယ့် ရိုးသားတဲ့ လူတစ်ယောက်ကို ပညာတတ်ပြီး ကောက်ကျစ်တဲ့ လူတစ်ယောက် ထက် ပို မြတ်နိုးတတ်တယ်။
ဟုတ်ပြီ။ ရိုးသားတဲ့ လူတစ်ယောက် ဖြစ်ချင်တယ်။ ဘာတွေ လိုအပ်သလဲ။
ကျွန်တော့် အယူအဆအရ လောကမှာ လုပ်သင့်တဲ့ "လုပ်ဖို့ခက်တဲ့အလုပ်" ဆိုတာရယ်၊ မလုပ်သင့်တဲ့ "လုပ်ဖို့လွယ်တာရယ်" ဆိုပြီးတော့ အလုပ် ၂ မျိုး ရှိတယ်။
ဒီ အလုပ် ၂ မျိုးကို စတင်ပြီးတော့ အလေ့အကျင့်လုပ်ရင်းနဲ့ ရိုးသားတဲ့ ဘဝခြေလှမ်းကို ခင်ဗျားတို့ စလို့ ရပါတယ်။
[လုပ်ဖို့ခက်တဲ့အလုပ်]
ကျွန်တော်တို့ဟာ အတ္တသမားတွေပါ။ ကိုယ့်ထက် တော်သူကိုအားကျဖို့ ခက်ပါတယ်။ မတတ်ရင် သင်ယူဖို့ လေးပင်တတ်ကြပါတယ်။
သိနေတဲ့အရာကိုလည်း ပြန်သင်ပေးဖို့ ခက်ခဲ တတ်ကြ ပါသေး တယ်။
အစွမ်းအစရှိသူကို ယုံကြည်ဖို့ ခက်တတ်ကြသလိုပဲ လုပ်နိုင်မယ့်လူကို လုပ်ပိုင်ခွင့်ပေးဖို့လည်း တော်ရုံ မရဲကြပါဘူး။
ဒါပေမယ့် ဒါတွေဟာ လုပ်သင့်တဲ့ အရာတွေ ဖြစ်တယ်လို့ မြင်မိပါတယ်။
[လုပ်ဖို့လွယ်တဲ့အလုပ်]
နောက် အခြားတစ်ဖက်မှာတော့ လုပ်ဖို့လွယ်ပေမယ့် မလုပ်သင့်တာတွေဆိုတာ ရှိပါသေးတယ်။
အဲဒါတွေကတော့ အလိုမကျညည်းငြူနေခြင်းတို့ ဟန်ဆောင်ပန်ဆောင် လုပ်ခြင်းတို့ အပြစ်တွေကို သူများ လွှဲချခြင်းတို့ တမင်အချိန်ဆွဲနေခြင်းတို့ မနာလိုမရှုစိမ့်ဖြစ်ခြင်းတို့ပဲ ဖြစ်ကြပါတယ်။
ဒါတွေဟာ လုပ်ဖို့လွယ်တယ်။ သို့သော် မလုပ်အပ်တဲ့ အရာတွေလို့ ကျွန်တော် မြင်တယ်။
[လိုက်ရှာရန်နှင့် စွန့်ခွာရန်]
ရိုးသားပြီးပြီ ဆိုရင် ရှေ့ဆက် ဘာလုပ်ရမလဲ ဆိုတော့ လူလုပ်တတ်ဖို့ပဲ လိုတော့တယ်။
လူရယ်လို့ ဖြစ်လာပြီဆိုရင် ကျွန်တော်တို့ဟာ လိုက်ရှာဖို့နဲ့ စွန့်ခွာဖို့ ဆိုတာတွေ ရှိလာကြပါတယ်။
လိုက်ရှာရမှာ တွေက ပျော်ရွှင်မှု၊ ဗဟုသုတ၊ ချစ်ခြင်းမေတ္တာ၊ အကျိုးရှိတဲ့အလုပ်နဲ့ အကူအညီ လိုအပ်သူများ တို့ပဲ ဖြစ်ကြပါတယ်။
ဒါတွေကို တစ်ဆင့်စီရှာသွားရမှာ ဖြစ်ပြီးတော့ တခြားတစ်ဖက်မှာ ငွေ၊ ရာထူး၊ မိမိအားမြှောက်ပင့် သူများ၊ ဖြတ်လမ်း၊ သူများကို လိုက်အတုခိုးခြင်း စတာတွေ ကိုတော့ ဖြည်းဖြည်းစီ စွန့်ခွာလာနိုင်ရင် အကောင်းဆုံးပေါ့ဗျာ။
[ပျော်ရွှင်မှုကို လိုက်ရှာခြင်း]
ပျော်ပျော်နေနိုင်သူတွေကို လေ့လာကြည့်မယ်ဆိုရင် များသောအားဖြင့် ကျေးဇူးသိတတ်သူတွေ ဖြစ်တယ်။ ဒါ့အပြင် တွေးခေါ်ဆင်ခြင် စပ်စုသူတွေ ဖြစ်တယ်။
အမြင်ပွင့်လင်းပြီး ဖော်ရွေကြင်နာတတ် ကြသူတွေလည်း ဖြစ်တယ်။ တကယ့်ကို အကောင်း မြင်တတ်သူတွေပဲ ဖြစ်တယ်။
ဒါ့ကြောင့် ပျော်ချင်သလား မိတ်ဆွေ။ လွယ်ပါတယ်။ သူများ တော်ရင် ထုတ်ဖော်ချီးမွမ်းပါ။ နောက်ပြီး တော့ ကိုယ့် ကိုယ်ကို ယုံကြည်မှုရှိပါ။ အလုပ်ကြိုးစားပါ။
တစ်ယောက်ထဲ မယူပါနဲ့။ အကျိုးရလဒ် တွေကို ဝေမျှပါ။ နောက်ဆုံးတစ်ချက်က အကောင်းမြင် စိတ်ထားပါ။ ဒါဆိုရင် ပျော်ရွှင်ဖို့ အတွက် ခင်ဗျား ကောင်းကောင်းကြီး လုပ်တတ်လာမှာ ဖြစ်တယ်။
[ဗဟုသုတကို လိုက်ရှာခြင်း]
ကျွန်တော်ခံယူထားတဲ့ ဗဟုသုတ နဲ့သင်ခန်းစာ ရှာနည်းက ကပ်လျက်ကို ကြည့်ခြင်းပဲ ဖြစ်ပါတယ်။
ကိုယ့်အနားမှာရှိတဲ့ ဘယ်စာအုပ်မဆို ရှုထောင့်မျိုးစုံ ကြည့်ပြီးတော့ သုတရော ရသပါ ဆွဲထုတ် ကြည့်ခြင်းပဲ ဖြစ်ပါတယ်။
ပြီးတော့ သင်ခန်းစာ ယူဖို့အတွက် ကျွန်တော် ဆောင်ပုဒ်လေးတစ်ခုကို အမြဲဆောင်ထားပါတယ်။
အဲဒါလေးကတော့ "နောက်ဆုံးအမှားဟာ အကောင်းဆုံးဆရာ။ အဲဒါကိုသိမှ လောကရဲ့ အတော်ဆုံးတပည့်။" ပါတဲ့။
[ချစ်ခြင်း မေတ္တာကို လိုက်ရှာခြင်း]
လူထုရဲ့ မေတ္တာကို ရချင်တဲ့အခါ ကိုယ်တိုင်က လူထုကို လိုလိုလားလား ချစ်ရပါတယ်။ ဒါလေးတွေကို လိုလိုလားလား လုပ်ကြည့်ကြစမ်းပါ။
(၁) "မင်္ဂလာပါ" တစ်ခွန်းကို အပြုံးနဲ့ တွဲဖက်ပါ။
(၂) "တောင်းပန်ပါတယ်" တစ်ခွန်းကို ဦးညွှတ်မှုနဲ့ တွဲဖက်ပါ။
(၃) "ကျေးဇူးတင်ပါတယ်" တစ်ခွန်းကို လိုလားမှုနဲ့ တွဲဖက်ပါ။
(၄) "ခင်ဗျားကိုယုံတယ်။" ဆိုတာကို ထုတ်ပြောတတ်ပါ။
(၅) "ခင်ဗျားရော ဘယ်လိုထင်သလဲ။" ဆိုတာကိုလည်း ထုတ်မေးတတ်ပါ။
(၆) "ကျွန်တော် ဘာအကူအညီပေးရမလဲ။" ဆိုတာကို အခက်တွေ့နေတဲ့လူတိုင်းကို မေးပါ။
(၇) "ခင်ဗျားအရမ်းတော်တယ်ဗျာ။" ဆိုတာကို ရဲရဲဝံ့ဝံ့ ချီးကျူးပစ်ပါ။
ဒါလေးတွေကို သေချာလုပ်ကြည့်ရင် ကိုယ့်ကို မုန်းတဲ့လူ မလိုတဲ့လူ နည်းသထက်နည်း လာပါလိမ့်မယ် ခင်ဗျ။
နိဂုံးချုပ်အနေနဲ့ လိုက်ရှာဖို့ ကျန်တဲ့ ၂ ချက် ဖြစ်တဲ့ အကျိုးရှိတဲ့အလုပ်ကို ရှာရန်နဲ့ အကူအညီ လိုအပ်သူတို့ကို ရှာရန်တို့ကို သေသေချာချာ လိုက်ရှာကြပါလို့ တိုက်တွန်းလိုပါတယ်။
ဒီ ၂ ချက် ပြည့်စုံတဲ့အခါ ခင်ဗျားရဲ့ ဘဝဟာ ပတ်ဝန်းကျင်မှာ အလှပဆုံး ဘဝဖြစ်လာစေရမယ်ဆိုတာကို ကျွန်တော် ကျိန်းသေ ပြောရဲတယ်။ ကျေးဇူးတင်ပါတယ်။
ဖတ်ပြီးရင်လည်း သွားတွေရှိစဉ် ပြုံးဖြစ်အောင် ပြုံးပါ။

Add new comment

11 + 0 =