ဖာသာရ်ပီအိုရဲ့_သဘာဝလွန်ထိုးထွင်းသိမြင်နိုင်ခြင်း

ဖာသာရ်ပီအို

ဖာသာရ်ပီအိုရဲ့_သဘာဝလွန်ထိုးထွင်းသိမြင်နိုင်ခြင်း

********************************

ကက်သလစ်သနာတော်ကြီးရဲ့ များစွာသော ရဟန္တာများမှာ ဘုရားသခင်၏တန်ခိုးအာဏာကို ခံယူရရှိထားကြတာကြောင့် အခြားနေရာမှ အခြင်းအရာများ၊ အနာဂတ်ကာလ နှင့် အဝေးဒေသမှ ကိစ္စများကို ရူပါရုံမြင်နိုင်စွမ်းအားဖြင့်၎င်း ပင်ကိုယ်ဉာဏ်စွမ်းအားဖြင့်၎င်း သိရှိခံစားနိုင်ကြပါတယ်။ ဖာသာရ်ပီအိုမှာ သဘာဝလွန် ထိုးထွင်းသိမြင်နိုင်သော ဘုရားသခင်ရဲ့ တန်ခိုးအာဏာကို ပိုင်ဆိုင်ထားပါတယ်။ လူတဦးကို ကြည့်လိုက်ရုံဖြင့် ဝိညာဉ်ရဲ့ လျှို့ဝှက်ထားတဲ့ကိစ္စများကိုပါ ထိုးထွင်းမြင်နိုင်စွမ်းရှိပါတယ်။ များပြားလှသော သက်သေခံချက်များအရ ဒါဟာ ပါဒရေပီအိုရဲ့ ဘုရားပေးတဲ့ လက်ဆောင်မွန် ဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။

 

၁။ အီတလီနိုင်ငံ ဘိုလော့နာမှ အမျိုးသမီးတဦးက ပြောတာကတော့ တစ်ခါက ကျွန်မအမေဟာ သူ့မိတ်ဆွေတွေနဲ့ ဖာသာရ်ပီအိုထံ သွားရောက်ခဲ့ကြပါတယ်။ အမေဟာ ဆန် ဂျီအိုဗန်နီ ရိုတန်ဒိုကျောင်းတော်က ဘုရားဝတ်ပြုဆောင်မှာ ဖာသာရ်ပီအို ကြွလာတာနဲ့ တွေ့ရပါတယ်။ ပါဒရေပီအိုက အမေ့ကို "သမီးဘာလို့ ဒီမှာ ရှိနေတာလဲ၊ အိမ်ပြန်ဦး သမီးခင်ပွန်း နေမကောင်း ဖြစ်နေတယ်" လို့ မိန့်ပါတယ်။ အမေကလည်း သူထွက်လာတော့ သူခင်ပွန်းက အကောင်းပကတိရှိနေတာပါလို့ တွေးမိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမေဟာ ပထမဦးဆုံး ရထားတဲ့ အိမ်ပြန်ခဲ့လိုက်ပါတယ်။ အိမ်ကိုရောက်တယ်ဆိုရင်ပဲ ကျွန်မအဖေ နေကောင်းရဲ့လားဆိုတာကို မေးခဲ့ပါတယ်။ ဘာမှ ထွေထူးမရှိခဲ့ပါဘူး။ ဒါပေမယ့် ညဘက်ရောက် အဖေဟာ အသက်ရှူမဝဘဲ အင်မတန်ခက်ခဲတဲ့ ဝေဒနာကို ခံစားရပါတော့တယ်။ သူ့ရဲ့ လည်ပင်းကို တခုခုက ဖိနှိပ်ထားသလိုမျိုး ဖြစ်နေတာပါ။ အဲဒီနေ့ည ၁၁ နာရီမှာ အဖေ့ကို ဆေးရုံတင်ပြီး ခွဲစိပ်ခန်းဝင်လိုက်ရပါတယ်။ ခွဲစိပ်ဆရာဝန်က အဖေ့လည်ပင်းကို ခွဲစိပ်လိုက်တဲ့အခါ ပြည်ပုပ်တွေဟာ ဇလုံ ၂ လုံးစာလောက် ထွက်လာပါတယ်။ ဖာသာရ်ပီအိုဟာ အဆိုပါ အမျိုးသမီးရဲ့ ခင်ပွန်း ဘာဖြစ်မယ်ဆိုတာကို ကြိုမြင်ခဲ့သလို သူ့ရဲ့ ဆုတောင်းပေးခြင်းနှင့် အကြံပေးခြင်းတို့အားဖြင့် ဒီဖြစ်ရပ်ကို အောင်မြင်ပျော်ရွှင်စွာ ကျော်လွှားစေခဲ့ပါတယ်။

 

၂။ အမျိုးသမီးတဦးဟာ ညစဉ်အိပ်ရာမဝင်ခင်မှာ ပါဒရေပီအိုရဲ့ ပုံတော်ကားချပ်ရှေ့မှာ ဒူးထောက်ပြီး ကောင်းချီးခံစားရဖို့ တောင်းလေ့ရှိပါတယ်။ သူမရဲ့ ယောင်္ကျားဖြစ်သူက ကောင်းသော ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်ပေမယ့် ဒီအပြုအမူဟာ အကဲပိုလွန်းတယ်လို့ ထင်တာမို့ သူမ အဲဒီလိုလုပ်တိုင်းမှာ စနောက်ကျီစယ်ရင်း ဟာသလုပ်လေ့ရှိပါတယ်။ တစ်ရက်ကျတော့ သူတို့လင်မယားဟာ ပါဒရေပီအိုထံ သွားရောက်ကြစဉ်မှာ ယောင်္ကျားဖြစ်သူက သူ့မိန်းမရဲ့ အမူအကျင့်ကို ပါဒရေပီအိုကို ပြောပါတယ်။ "ညနေတိုင်းမှာ ကျွန်တော့် အမျိုးသမီးဟာ ကိုယ်တော့် ဓာတ်ပုံရှေ့မှာ ဒူးထောက်ပြီး ကိုယ်တော့်ရဲ့ ကောင်းချီးကို တောင်းခံလေ့ရှိပါတယ်" ဒါနဲ့ ပါဒရေပီအိုကလည်း "ကျွန်ုပ်သိပါတယ်၊ ကျွန်ုပ်သိတယ်.. ပြီးတော့ မင်းကလည်း ဟာသလုပ်ပြီး ရယ်နေတယ်မလား" လို့ ပြန်ဖြေလိုက်ပါတယ်။

 

၃။ အမျိုးသားတစ်ဦးက "ငါဆေးလိပ် မသောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ၊ ဒီခြိုးခြံခြင်းကို ပါဒရေပီအိုထံ ပူဇော်မယ်လို့ " တီးတိုးပြောဆိုနေပါတယ်။ အဲဒီကတည်းက ညနေတိုင်းမှာ ဆေးလိပ်တစ်ဗူးကို ကိုင်ပြီး ပါဒရေပီအိုရဲ့ ပုံတော်ကားချပ်ရှေ့မှာ "ဖာသာရ် ဒီနေ့ တဗူး ခြိုးခြံပါပြီ" ဒုတိယနေ့မှာလည်း "ပါဒရေ ဒီနေ့နဲ့ဆို ၂ ဗူး ခြိုးခြံပါပြီ" လို့ တဦးတည်း ပြောဆိုနေခဲ့ပါတယ်။ ၃ လ အကြာမှာ ညနေတိုင်း ခြိုခြံမှုတွေပြုလုပ်ရင်း ကျွန်တော်ဟာ ဆန် ဂျီအိုဗန်နီ ရိုတန်ဒိုကိုသွားပြီး ပါဒရေပီအိုကို တွေ့ဆုံခဲ့ပါတယ်။ ဖာသာရ်နဲ့ တွေ့တွေ့ခြင်းပဲ ကျွန်တော်က "ပါဒရေ ကျွန်တော် ဆေးလိပ်မသောက်တာ ၈၁ ရက် နဲ့ ၈၁ ဗူး ရှိပါပြီ " လို့ပြောပြတဲ့အခါ ပါဒရေပီအိုက "ငါအားလုံးသိပါတယ် ချစ်သား၊ မင်းဟာ ညနေတိုင်း ငါ့ကို ဘယ်နှဗူးရှိပြီလဲဆိုတာ ရေတွက်နေစေပါတယ်" လို့ ပြန်မိန့်ကြားခဲ့ပါတယ်။

 

၄။ အမျိုးသားတစ်ဦးက ဒီအဖြစ်အပျက်ကို ပြောပြပါတယ်။ တစ်ခါတော့ ကျွန်တော်ဟာ ကတွတ်သီးတွေအများကြီး စားခဲ့လိုက်မိပြီး အဲဒါဟာ အပြစ်ရှိတယ်လို့ ခံစားခဲ့ရပါတယ်။ ကျွန်တော်တော့ အစားကြူးတဲ့ အပြစ်ကို ကျူးလွန်မိပြီလို့ ထင်ခဲ့ပါတယ်။ အရင်ကလည်း ပါဒရေပီအိုနဲ့ အာပတ်ဖြေခဲ့ဖူးတော့ နောက်ရက်ကျ ကျွန်တော်ဟာ ဒီအပြစ်အတွက် အာပတ်ဖြေမယ်လို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။ နောက်ရက်ကျတော့ ကျွန်တော်ဟာ ကျောင်းတော်ကို ဖြေးဖြေးချင်း လမ်းလျှောက်သွားရင်း ကျွန်တော့် အသိစိတ်ကို ခွဲခြမ်းစိပ်ဖြာနေမိပါတယ်။ အစားကြူးခြင်းအပြစ်ဟာ စိတ်ထဲတော့ ပေါ်မလာပါဘူး။ ပါဒရေပီအိုဟာ ကျွန်တော့်ရဲ့ အာပတ်ဖြေခြင်းကို နားထောင်ပြီး အဆုံးသတ် မပြီးခင်မှာ ကျွန်တော်က သူ့ကို "ကျွန်တော်မှာ တခြားအပြစ်ရှိနေတယ်လို့ ခံစားနေရမယ့် ဘာမှန်း သတိမရဘူးဖြစ်နေပါတယ်" လို့လျှောက်တော့ ဖာသာရ်က ပြုံးပြပြီး ကတွတ်သီး အနည်းငယ်အတွက်တော့ မစိုးရိမ်ပါနဲ့လို့ ပြန်ဖြေခဲ့ပါတယ်။

 

၅။ ဘုန်းတော်ကြီးတစ်ပါးက သူ့ညီတယောက် ပါဒရေပီအိုထံ အာပတ်ဖြေဖို့ စွန့်စွန့်စားစားခရီးသွားပြီး တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြခဲ့ဖူးပါတယ်။ သူဟာ ပါဒရေပီအိုထံ အပြစ်တွေ လျှောက်ပြီးတဲ့အခါ "ချစ်သား သင့်မှာ အခြားလျှောက်စရာ ရှိသေးလား" လို့မေးတော့ "မရှိပါ ပါဒရေ" လို့ ပြန်ဖြေပါတယ်။ ဒါနဲ့ ပါဒရေပီအိုက သူ့ကို ထပ်မံစဉ်းစားဖို့ ပြောပါတယ်။ သူ့အသိတရားကို အဖန်တလဲလဲ စစ်ဆေးကြည့်ပေမယ့် ဘာမှ အပြစ်လျှောက်စရာ မထွက်လာခဲ့ပါဘူး။ ပါဒရေပီအိုက ချိုချိုသာသာနဲ့ "သား မင်းဟာ မနေ့က မနက်က ဘိုလော့နာကို မနက် ၅ နာရီမှာ ရောက်တယ်၊ ဘုရားကျောင်းတွေက ပိတ်ထားတုန်းပဲ၊ အဲ့အချိန်မှာ စောင့်ဆိုင်းနေရမယ့်အစား မင်းဟာ ဟိုတယ်ကို သွားပြီး မစ္ဆားမစခင် သွားနားလိုက်ပါတယ်။ အိပ်ရာထဲရောက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီးတော့ နေ့လည် ၃ နာရီမှ နိုးလာတော့ မစ္ဆားနာဖို့ သိပ်ကို နောက်ကျသွားပြီပေါ့။ မင်းဟာ တမင်ရည်ရွယ်ပြီး လုပ်လိုက်တာမဟုတ်မှန်း ကျွန်ုပ်သိပေသည့် မေ့လျော့ပျက်ကွက်ခြင်းဟာ ကျွန်ုပ်တို့ ဘုရားရှင်ကို နာကြင်စေပါတယ်" လို့ မိန့်ကြားခဲ့ပါတယ်။

 

၆။ ပါဒရေပီအိုကို တွေ့ဆုံချင်ကြတဲ့ များပြားလှသော လူပရိတ်သတ်ကြီးကြောင့် ကျောင်းတော်မှာ ဖာသာရ်ကို စောင့်ရှောက်ဖို့ ရဲအရာရှိ ၂ ဦးကို တာဝန်ချထားပါတယ်။ တစ်ရက်မှာ မစ္ဆားတရားပူဇော်ပြီး ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ် ပြီးတဲ့အခါ ပါဒရေပီအိုဟာ သင်္ကန်းတော်ကို လဲပြီး ရဲအရာရှိ တဦးကို ပြုံးပြလိုက်ပြီး "ဘုရားရှင်ကို မစ္ဆားပူဇော်ခြင်းဖြင့် ကျေးဇူးတင်ချီးမွမ်းပြီးပြီဆိုတော့ မင်းရဲ့ တာဝန်က ပြီးသွားပါပြီ၊ ငါ့အခန်းကို လာခဲ့ပါ မင်းကို ပြောစရာရှိပါတယ် " လို့ မိန့်ပါတယ်။ ရဲအရာရှိလည်း အခုလို ဖိတ်ကြားမှုအတွက် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး တာဝန်ပြီးတော့ ပါဒရေပီအိုအခန်းကို သွားခဲ့ပါတယ်။

ပါဒရေပီအိုက "ကျွန်ုပ်ပြောတာကို သတိပြုပါ၊ နောက်ထပ် ၈ ရက်ကုန်လွန်တဲ့အခါမှာ မင်းဟာ မင်းဖခင်ရဲ့ အိမ်မှာ သေဆုံးရလိမ့်မယ် ချစ်သား" လို့ မိန့်ပါတယ်။ ရဲအရာရှိကလည်း "ဒါပေမယ့် ကျွန်တော် ကျန်းမရေးကောင်းနေပါတယ်" လို့ပြန်ဖြေတော့ ပါဒရေပီအိုက "အဲ့အတွက် ပူပန်မနေပါနဲ့တော့ ၈ ရက်အလွန်မှာ မင်းဟာ ပိုကောင်းသွားမှာပါ၊ ဒီဘဝက ဘာအဓိပ္ပာယ်လဲ၊ တကယ်တော့ ဘုရားဖူးခရီးစဉ် တခုပါပဲ၊ ကျွန်ုပ်တို့အားလုံးဟာ ခရီးသွားတွေပါပဲ ချစ်သား။ သွားပြီး မင်းရဲ့ အထက်အရာရှိကို မင်းမိသားစုနဲ့ အချိန်ပေးချင်လို့ ခွင့်ယူချင်တယ်လို့ ပြောပါ၊ မင်းဟာ သေဆုံးရတော့မှာပါ၊ မင်းဘေးကလူတွေကရော ဒီလိုဖြစ်မယ်လို့ သူတို့ လုံးဝ သိမှာ မဟုတ်ပါဘူး" လို့ ပါဒရေပီအိုက ထပ်မိန့်ကြားခဲ့ပါတယ်။ ရဲအရာရှိလည်း ဒီစကားတွေကြောင့် မိန်းမောတွေဝေသွားပြီး "ဖာသာရ် အခုကိုယ်တော်ပြောတာတွေကို တပည့်တော် သူတို့ကို ပြန်ပြောပြလို့ ရနိုင်မလား" လို့မေးတော့ "အခုတော့ မပြောပါနဲ့ဦး၊ မင်းအိမ်ကို ပြန်ရောက်ပြီဆိုတော့မှသာ ပြောပါ" လို့ ဖာသာရ်ပီအိုက မိန့်ကြားခဲ့ပါတယ်။ အဆိုပါရဲအရာရှိလည်း စိန့်ဂျီအိုဗန်နီ ရိုတန်ဒို မြို့ကိုသွားရောက်ပြီး သူ့အထက်အရာရှိကို ခွင့်ပေးဖို့ ပြောတော့ သူ့အထက်အရာရှိကလည်း ကြောင်းကျိုးဆီလျော်မှု မရှိတာကြောင့် လက်သင့်မခံဘဲ ဖြစ်နေပါတယ်။ သို့ပင်သော်လည်း ပါဒရေပီအိုရဲ့ ကြားဝင်ပေးမှုကြောင့် ရဲအရာရှိဟာ အိမ်ပြန်ဖို့ ခွင့်ရရှိခဲ့ပါတယ်။ သူ့အိမ်ကို ပြန်ရောက်တဲ့အခါ သူ့မိဘတွေကို "ကျွန်တော် ပြန်လာပြီး အဖေတို့အမေတို့ကို နှုတ်ဆက်တာပါ၊ ပါဒရေပီအိုက ကျွန်တော် သေရတော့မယ့်အကြောင်း ပြောပါတယ်" လို့ ပြန်ပြောပြခဲ့ပါတယ်။ ၈ ရက်လွန်တဲ့အခါ အဆိုပါ ရဲအရာရှိဟာ သေဆုံးသွားခဲ့ပါတယ်။

 

၇။ ကိုရင်ပါစကွေလီ က ပြောခဲ့ဖူးပါတယ်။ တစ်ရက်မှာ ဖော့ဂျီယာ ဘူတာရုံကနေ စိန့်ဂျီအိုဗန်နီ ရိုတန်ဒိုကို ဘတ်စ်ကားနဲ့ သွားခဲ့ပါတယ်။ ဘတ်စ်ကားက ပက်လီယာ ရှုမျှော်ခင်းတွေကို ဖြတ်သွားနေတဲ့အချိန်မှာ ကိုရင်ပါစကွေလီက "သာသနာ့အမှုထမ်းဘဝဟာ တခါတလေကျတော့လည်း မှန်နံရံတွေပေါ် တက်နေရသလိုပါပဲလား" လို့ တွေးမိပါတယ် ရသေ့ကျောင်းရောက်တယ် ဆိုရင်ပဲ ဝတ်ပြုဆောင်ကိုဝင်ပြီး ပါဒရေပီအိုထံ အာပတ်ဖြေဖို့ ခွင့်တောင်းပါတယ်။ သူ့အလှည့်ကျရောက်တော့ လိုက်ကာ ကာထားတဲ့ အာပတ်ဖြေသူအတွက် အခန်းဆောင်ထဲဝင်လိုက်ပါတယ်။ အခွင့်လွှတ်ခြင်းကို ခံစားရရှိပြီးတဲ့နောက် ပြန်ခါနီးမှာ ပါဒရေပီအိုက ပြုံးရွှင်စွာနဲ့ "အဲ့တော့ တခါတလေကျ သာသနာ့အမှုထမ်းဘဝက မှန်နံရံတွေပေါ် တက်နေရသလိုပဲလား" လို့ ပြောလိုက်ပါတယ်။ ကိုရင်ပါစကွေလီလည်း ဆွံ့အသွားပြီး ပါဒရေပီအိုဟာ တကယ့် သာသနပြုဘုန်းတော်ကြီးပါလားလို့ သိမြင်လိုက်ရပါတော့တယ်။

 

၈။ စိန့်ဂျီအိုဗန်နီ ရိုတန်ဒိုမြို့နေ ကိုဂျိုးဇက်ဟာ သူ့ရဲ့မင်္ဂဆောင်မယ့်ရက်ကို သတ်မှတ်ပြီးတဲ့အခါမှာ ရသေ့ကျောင်းကိုသွားပြီး ပါဒရေပီအိုကို လျှောက်ပါတယ်။ "ဖာသာရ် တပည့်တော် လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့မှာ မင်္ဂလာဆောင်တော့မှာပါ၊ အဲ့နေ့က သန့်ရှင်းသောမယ်တော့်နာမတော်မြတ်အား သဒ္ပ္ဓါကြည်ညိုခြင်းနေ့ပါ" လို့လျှောက်လိုက်တော့ ရဟန္တာကြီးက "မဟုတ်ပါဘူး မင်းက စက်တင်ဘာ ၈ ရက်နေ့ မယ်တော့်မွေးနေ့မှာ မင်္ဂဆောင်ဖြစ်မှာပါ" လို့ပြန်ဖြေပါတယ်။ လူငယ်လည်း ပါဒရေပီအိုရဲ့ စကားကို ကြားတော့ အံ့သြသွားပါတယ်။ သူအိမ်ပြန်ရောက်တော့ အမေဖြစ်သူက ဒီမယ်သားရေ မင်းဝမ်းကွဲအစ်ကိုက စက်တင်ဘာလ ၁၂ ရက်နေ့ မင်္ဂဆောင်မယ်လို့ ဖိတ်ထားပြီးပြီ။ လာကြမယ့် ဧည့်သည်အများစုကလည်း ငါတို့နဲ့တူနေတော့ ငါတို့လည်း မင်းရဲ့ မင်္ဂလာပွဲနေ့ကို စက်တင်ဘာ ၈ ရက်နေ့မှာ လုပ်ရင် သင့်တော်မယ်ဆိုပြီး ပြောင်းလိုက်ပြီ။ ဂျိုးဇက်လည်း ပါဒရေပီအိုက ရက်ပြောင်းမယ့်ကိစ္စ အသိပေးလိုက်ပြီးကတည်းက ဘာမှကို မပြောနိုင်တော့ပါဘူး။

 

၉။ ပါဒရေပီအိုဟာ ပုပ်ရဟန်းမင်းကြီး ၁၂ ကြိမ်မြောက် ပီအူး အရှင်သူမြတ် ပျံလွန်တော်မူပြီးချိန်မှာ ဘာဖြစ်သွားလဲဆိုတာကို သိခဲ့သူပါ။ ၁၉၅၈ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့၊ ပုပ်ရဟန်းမင်းကြီး ၁၂ ကြိမ်မြောက် ပီအူး အရှင်သူမြတ် ရောမမြို့ Castelgandolfo တွင်ပျံလွန်တော်မူတဲ့နေ့မှာ စစ္စတာ ပါစကဲလီနာ လင်းနတ်က စိန့်ဂျီအိုဗန်နီ ရိုတန်ဒိုမြို့က ဘုန်းတော်ကြီး တပါးဆီကို ပါဒရေပီအိုရဲ့ စိတ်မှာ ပုပ်ရဟန်းမင်းကြီး ၁၂ ကြိမ်မြောက် ပီအူး အရှင်သူမြတ် နဲ့ပတ်သက်လို့ ဘယ်လိုထင်လဲဆိုတာကို စာရေးပြီး မေးလျှောက်ပါတယ်။

ဘုန်းတော်ကြီးဟာ စာကိုရတယ်ဆိုရင်ပဲ ပါဒရေပီအိုကို ပုပ်ရဟန်းမင်းကြီး ပျံလွန်တော်မူခြင်းနဲ့ ပတ်သက်လို့ မေးလျှောက်လိုက်ပါတယ်။ ပါဒရေပီအိုရဲ့ မျက်နှာဟာ ပြောင်းလဲသွားပြီး "သူဟာ သုခချမ်းသာတော်မြတ်ကို ဘုန်းတော်ဝင်စားသွားပြီ" လို့ပြန်ဖြေပါတယ်။ ဘုန်းတော်ကြီးဟာ မယုံကြည်နိုင်အောင်ဖြစ်သွားပြီး "သူ့ကို သုခချမ်းသာတော်မြတ်မှာရှိနေတာကို ကိုယ်တော်က မြင်ရလို့လား" လို့ပြန်လျှောက်တော့ ပါဒရေပီအိုက "ငါဧကန်အမှန် မြင်ရတယ်" လို့ ပြန်ဖြေပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ လမ်မစ်ရှိ စိန့်မာကိုရဲ့ ဖာသာရ် သြဂုတ်စတီနိုက သူ့ရဲ့ ဒိုင်ယာရီမှာ ၁၉၅၈ နိုဝင်ဘာလ ၁၈ ရက်နေ့ "ပါဒရေပီအိုဟာ ပုပ်ရဟန်းမင်းကြီး ၁၂ ကြိမ်မြောက် ပီအူး အရှင်သူမြတ် ပျံလွန်တော်မူခြင်းအတွက် အလွန်ပင် ဝမ်းနည်းနေသော်လည်း ဘုရားရှင်ဟာ ပုပ်ရဟန်းမင်းကြီး သုခချမ်းသာတော်မြတ်မှာ ရှိနေရခြင်းကို မြင်တွေ့ခွင့် ပေးခဲ့ပါတယ်" လို့ မှတ်သားထားပါတယ်။

(အဖပါဒရေပီအို ကျွန်ုပ်တို့ အဖို့ငှာ ဆုတောင်းပေးတော်မူပါ။)

photo from google Credit to origional owner. 

Credit @Mike Anthony

(padrepio.catholicwebservices.com မှ Supernatural Knowledge ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါတယ်)

Add new comment

13 + 4 =