ပြသနာတွေကို တိုက်ရိုက်ဖြေရှင်းလို့မရရင် လှည့်ပတ်ဖြေရှင်းပါ

မက္ကဆီကိုနိုင်ငံရဲ့ မြစ်တွေထဲမှာ Pez Diablo ဆိုတဲ့ ငါးတမျိုး ရှိတယ်။

ဘာသာပြန်လိုက်ရင်တော့ မိစ္ဆာငါး (Devil Fish) ပေါ့။

ငါးပုံစံက ကြေးခွံထူထူ၊ အတောင်ကလည်း စူး၊ ပုံကလည်း ခပ်ဆိုးဆိုး မို့လို့ အဲလို နာမည် ပေးထားတယ် ထင်ပါတယ်။

လူတွေကလည်း အဲဒီငါးကို ကြောက်ကြတယ်။

အဲဒီငါးစူးမိရင် လက်ပုပ်တတ်တယ် စသဖြင့် အယူကလည်း ရှိတယ်။

စားလို့လည်း မကောင်းဘူးတဲ့။ . ဒီငါးတွေက မက္ကဆီကို ဒေသထွက်ငါးတော့ မဟုတ်ဘူး။

သူ့မူရင်းက ဘရာဇီး အမေဇုံတောဒေသကလာတာ။ မက္ကဆီကို ကို တယောက်ယောက်က တင်သွင်းလာပုံရတယ်။

သူတို့ အကောင်ပွားလည်း မြန်သလို အစားအသောက်လည်း ကြမ်းတယ်။

နောက်ပြီး သူတို့ကို ရန်ပြုမဲ့၊ စားမဲ့ တိရိစ္ဆာန်လည်း မရှိတော့ အကောင်ရေ အဆမတန်ပွားလာပြီး တခြားငါးတွေ တဖြည်းဖြည်း မျိုးပြုန်းလာတယ်။

Invasive ဖြစ်တယ်ပေါ့။ . ဒီငါးတွေရဲ့ ဒဏ်ကို အဓိက ခံရတာ မက္ကဆီကိုက တံငါသည်တွေပါ။ အရင်ကဆို တခြားငါးတွေ ဖမ်းလို့ရတယ်။

အခုဆို ဒီငါးတွေပဲ ရတော့တယ်။ ပြီးတော့ ရောင်းလို့လည်း မရဘူး။

ပိုက်တွေမှာ ငြိနေလို့ ဖြုတ်ရင်လည်း လက်စူး၊ ပိုက်ပြဲ စသဖြင့် ဒုက္ခတွေ ရောက်ကြတယ်။

ဒီငါးတွေကို မြစ်ချောင်းထဲက ရှင်းပစ်ဖို့ကလည်း မဖြစ်နိုင်ဘူး။ ကြာလာတော့ တံငါသည်တွေလည်း အလုပ်အကိုင် ရှားလာတယ်။

. အဲဒီမှာ စီးပွားရေးသမားတယောက်က ဒီလူမစားတဲ့ငါးတွေကို တခုခုလုပ်ပြီး စျေးကွက်ရှာဖို့ ကြိုးစားတယ်။

ငါးတွေကို အသားချည်း သီးသန့် နွာ၊ အခြောက်ခံပြီး အမေရိကန်ကို ပို့တယ်။

ဟိုရောက်တော့မှ အသေအချာ အမျှင်နွာ၊ ထုတ်ပိုးပြီး ခွေးစာ အဖြစ်နဲ့ ရောင်းတယ်။

ဒီငါးကလည်း လူသာ မကြိုက်တာ၊ ခွေးတွေကတော့ အနံရတာနဲ့ မနေနိုင်ဘူး တဲ့။ အလုအယက် တောင်းစားကြတယ် လို့ ဆိုတယ်။

ဒီတော့ မက္ကဆီကိုက တံငါသည်တွေလည်း အခုဆို မိစ္ဆာငါးတွေ ဖမ်းပြီး ရောင်းလို့ ရနေပြီ။

. အဲဒီအကြောင်း ရိုက်ထားတဲ့ ဗီဒီယို သတင်းတိုလေး ကြည့်ပြီး စဥ်းစားမိတယ်။

တချို့ပြဿနာတွေက တိုက်ရိုက်ဖြေရှင်းလို့ မရဘူး။ နည်းလမ်းသစ်ရှာပြီး လှည့်ပတ်ဖြေရှင်းမှ ရတယ်။

ပြဿနာတွေကတော့ အမြဲတမ်း ရှိနေမှာပဲ။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ နည်းမျိုးစုံ သုံးကြရမယ်။

တနည်းမဟုတ် တနည်းတော့ အလုပ်ဖြစ်မှာပါ။ အမြဲမပြတ် ကြံဆနေဖို့ပဲ လိုတယ်။ လူမစားတဲ့ မိစ္ဆာငါးလည်း ခွေးစာ ဖြစ်သွားရသေးတာပဲ။

လိုလျှင်ကြံဆ နည်းလမ်းများ ရကြပါစေ။

Add new comment

13 + 1 =