ပူးပေါင်းဆောင်ရွက်မှု

နှစ်ယောက်အားနဲ့ယူပြီးရခဲ့တဲ့အရာကို ခင်ဗျားတဦးတည်း ပိုင်ဆိုင်ချင်လို့မရပါ။

ရုံးဌာနတွေ စက်ရုံတွေ ပုဂ္ဂလိကလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့သူတွေဟာ တနေ့မှာ ရှစ်နာရီလောက် တခြားသူတွေနဲ့ ပူးတွဲပြီး အလုပ်လုပ်ကြရတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့သူတွေဆိုရင် အလုပ်ချိန်တွေဟာ အကန့်အသတ်တောင် မရှိပါဘူး။

သူများဆီမှာဘဲ လုပ်လုပ်၊ ကိုယ်ပိုင်လုပ်ငန်းဘဲ လုပ်လုပ် ရှင်သန်လှုပ်ရှားနေရတဲ့ ဘဝရဲ့ အဓိကအချိန်တော်တော်များများဟာ လူအများနဲ့ ဆက်ဆံလုပ်ကိုင်ရင်းနဲ့ဘဲ ကုန်ဆုံးရတာဖြစ်လို့ လူတယောက်ရဲ့ဘဝမှာ ချမ်းသာပျော်ရွှင်မှုရှိမရှိဆိုတာ အခြားလူတွေနဲ့ ဘယ်လောက် အဆင်ပြေပြေ ပူးတွဲလုပ်ကိုင်နိုင်ခြင်း ရှိမရှိဆိုတဲ့ အချက်ပေါ်မှာ အများကြီး မူတည်နေပါတယ်

အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်မှုဆိုတာ နှစ်လမ်းသွားစနစ် ဖြစ်ပါတယ်။ ကိုယ့်ဘက်က တလက်မတောင် အလျှော့မပေးချင်ဘဲ တဖက်သားဆီက ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်နေလို့ မရပါဘူး။ ဒီလိုဘဲ ကိုယ့်အတွက်ဘဲ ကြည့်တဲ့သူ တယောက်နဲ့ ခင်ဗျား ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိမှာ မဟုတ်ပါဘူး။

တဖက်လူကို အမြတ်ထုတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ ရေရှည်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတခု မလုပ်နိုင်သလို သူတပါးနဲ့ ပူးပေါင်းဆောင်ရွက်ရခြင်းဟာ မိမိတဦးတည်း မတတ်နိုင်တဲ့အတွက်ကြောင့်လို့ သဘောထားပြီး အညံ့ခံအလျှော့ပေးစရာလည်း မလိုပါဘူး။

ဒီတော့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ထူးချွန်တဲ့လူတွေဖြစ်ဖို့ ဘာတွေကို သိထားရမလဲ? သင်ခန်းစာယူရမလဲ? ကြည့်ကြရအောင်

အချို့လူတွေက အကြံအဖန်အမျိုးမျိုး၊ ညစ်ပတ်မှုအမျိုးမျိုးနဲ့ ထိပ်ဆုံးဆိုတဲ့နေရာကို ရောက်တတ်ကြတယ်။ ဒါပေမယ့် သူတပါးကို တတ်နင်း ချနင်း မတရားတဲ့ နည်းလမ်းမျိုးစုံသုံးပြီး တတ်လာတဲ့ လူတယောက်ဟာ အောင်မြင်မှု အသီးအပွင့်ကို စိတ်အေးချမ်းသာစွာနဲ့ ခံစားနိုင်ရိုး ထုံးစံမရှိပါဘူး။

ပူးပေါင်းဆောင်ရွက်ပြီး အောင်မြင်မှုကို ရှာဖွေရာမှာ ကိုယ့်ဘက်က ပရဟိတစိတ် ရှိဖို့လိုသလို လုပ်ဖော်ကိုင်ဖက်ကိုလည်း ပူးတွဲအောင်မြင်လိုစိတ်ရှိသူ ကိုယ့်အကျိုးကို လိုလားတဲ့သူတွေထဲက ရွေးချယ်တတ်ဖို့ လိုပါတယ်

မိမိနဲ့ ပူးပေါင်းဆောင်ရွက်မယ့်သူက အားကိုးလောက်တဲ့သူ၊ သူနဲ့ သက်ဆိုင်တဲ့အပိုင်းမှာ လက်လွှဲထားလို့ရတဲ့သူ ဟုတ်မဟုတ် စဉ်းစားစီစစ်ရမယ်။ အားကိုးလောက်သူ မဟုတ်ဘူးဆိုရင် ပူးပေါင်းဆောင်ရွက်စရာ အကြောင်းမရှိပါဘူး။ ဒါ့အပြင် ဒီလူဟာ စိတ်သဘောထားကောင်းပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတတ်သူ၊ ပျော်ပျော်ပါးပါး ရယ်ရယ်ရွှင်ရွှင်နေတတ်သူ ဟုတ်မဟုတ် အကဲခတ်ရမယ်။ ရန်လိုတဲ့သူ သိုသိပ်တဲ့သူဆိုရင် ရေရှည်မှာ မိမိနဲ့ ပြဿနာတတ်နိုင်တယ်။ ဒီလိုမှမဟုတ် တခြားလုပ်ငန်းဆက်ဆံရေးတွေမှာ သူ့ကြောင့် ထိခိုက်နိုင်တယ်။

ဒါ့အပြင် ဒီလူဟာ မယုံသင်္ကာစိတ်ကြီးတဲ့သူလား? ကိုယ့်ကို တကယ်ယုံယုံကြည်ကြည် ဆက်ဆံမယ့်သူလား ဟုတ်ရဲ့လား ဆိုတာကိုလည်း စဉ်းစားဖို့ လိုပါမယ်။ နောက်ပြီး အရေးကြီးတဲ့အချက်က ရိုးသားဖြောင့်မတ်မှုနဲ့ သူတစ်ပါးအပေါ် ကိုယ်ချင်းစာနာစိတ် ရှိမရှိတို့ပါဘဲ။ မရိုးသားတဲ့သူ ကိုယ်ချင်းစာနာစိတ် ကင်းမဲ့တဲ့သူတွေဟာ မိမိလုပ်ငန်းအောင်မြင်မှုအတွက် မတရားမှုမျိူးစုံ၊ ကောက်ကျစ်စဉ်းလဲမှုမျိုးစုံကို လုပ်ဖို့ ဝန်မလေးသူ ဖြစ်တဲ့အတွက် သူ မတရားလုပ်မယ့်အထဲမှာ သူနဲ့ လုပ်ငန်းပူးတွဲဆောင်ရွက်တဲ့သူကိုလည်း ခြွင်းချန်ညှာတာနေမှာ မဟုတ်ပါဘူး 

ခင်ဗျားရည်ရွယ်ချက်က သူဌေးဖြစ်ဖို့ ဖြစ်ဖြစ် လစာ ဒါမှမဟုတ် ဝင်ငွေတိုးဖို့ ဖြစ်ဖြစ် ဒါမှမဟုတ် လုပ်ငန်းခွင်မှာ စိတ်ချမ်းသာပျော်ရွှင်စွာနဲ့ လုပ်ကိုင်နေထိုင်ခွင့်ရဖို့ဘဲ ဖြစ်ဖြစ် ဒါတွေ အောင်မြင်ဖို့ဆိုရင် ခင်ဗျားဟာ အခြားသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှူကို သေချာပေါက် လိုအပ်ပါလိမ့်မယ်

အထက်လူရဲ့ ကြည့်ရှုစောင့်ရှောက်မှု၊ အောက်လူတွေရဲ့ ပံ့ပိုးကူညီမှု၊ တန်းတူလူတွေနဲ့ သဟဇာတဖြစ်မှုတွေနဲ့သာ အောင်မြင်မှုရနိုင်ပါလိမ့်မယ်။

လုပ်ငန်းနဲ့ဆိုင်တဲ့ ပူးပေါင်းဆောင်ရွက်တာတွေ အပါအဝင် လူမှုဆက်ဆံရေးကိစ္စမှန်သမျှမှာ ခံစားမှုအပိုင်းနဲ့ ဆင်ခြင်မှုအပိုင်းဆိုပြီး နှစ်ပိုင်းပါဝင်ပါတယ်
ဥပမာ ခင်ဗျားနဲ့ ခင်ခင်မင်မင် ပြောဆိုဆက်ဆံနေကျ လုပ်ဖော်ကိုင်ဖက်တဦးက ခင်ဗျားကို နှုတ်မဆက်ဘဲ အနီးက ဖြတ်သွားမယ်ဆိုပါစို့။
ခင်ဗျားစိတ်ထဲမှာ ဒီလူ ငါ့ကို စိတ်ဆိုးနေတာလား၊ ဒါမှမဟုတ် ဪ သူက ရာထူးလေးတဆင့်တိုးသွားတာနဲ့ ငါ့ကိုတောင် နှုတ်မဆက်တော့တာဘဲကိုး ဒီလို တွေးကောင်းတွေးသွားနိုင်တယ်။ တကယ်လို့ ခင်ဗျားကလှမ်းပြီး ဟေ့လူ ဘယ်လိုလဲဗျ၊ ခင်ဗျားက ကျုပ်ကိုတောင် မနှုတ်ဆက်တော့ဘူးလား လို့ စကားပြောလိုက်မယ်ဆိုရင် ထိုသူက ခင်ဗျားဘက်လှည့်လာ ပြုံးပြီး ဟာ ဆောရီးဗျာ၊ တယောက်ထဲ တွေးပြီ ငေးလာမိတာနဲ့ ခင်ဗျားကို မမြင်မိဘူး လို့ တောင်းပန်စကား ဆိုလိမ့်မယ်။ သူက အကျိူးအကြောင်းပြောပြတော့လည်း ခင်ဗျားစိတ်ထဲ ရှင်းသွားမယ်။

ဒီကိစ္စမှာ ခင်ဗျားရဲ့ ပထမတုန့်ပြန်မှုက ခံစားမှုနဲ့တုန့်ပြန်ခြင်းမျိုး ဖြစ်ပါတယ်။ ငါ့ကို ဂရုမစိုက်ဘူးလို့ ခင်ဗျားခံစားသွားတယ်။ ဒါပေမယ့် သူကပြောပြလို့ အကျိူးအကြောင်းသိသွားတဲ့အခါ ခင်ဗျားခေါင်းထဲမှာ ဆင်ခြင်သိပြန်ဝင်လာပြီး မှားယွင်းတဲ့ခံစားချက်တွေ ပျက်ပြယ်သွားတယ်

တကယ်လို့သာ ခင်ဗျားက လှမ်းမနှုတ်ဆက်လိုက်ဘဲ ခံစားချက်ကို မြိုသိပ်ထားလိုက်မယ်၊ နောက်တကြိမ်ဆုံရင် ကိုယ့်ဘက်က ပထမဦးဆုံး နှုတ်မဆက်ချင်တဲ့ အမူအရာပြလိုက်မယ်ဆိုရင် ခင်ဗျားရော သူပါ ခံစားချက်ကိုယ်စီ ရင်ဝယ်ပိုက်ပြီး အမုန်းစိတ်တွေ ကြီးထွားလာမယ်။ တဖြည်းဖြည်းနဲ့ မိတ်ဆွေဘဝကနေ ရန်သူအဖြစ်ကို ရောက်ပြီး ပူးပေါင်းဆောင်ရွက်မှု ပြုနိုင်သူတဦးစီ အပြန်အလှန် ဆုံးရှုံးရပါလိမ့်မယ်

စိတ်လှုပ်ရှားခံစားမှုတွေဟာ ပူးပေါင်းဆောင်ရွက်ရေးကို ဟန့်တားတဲ့ အဓိကအတားအဆီးတွေ ဖြစ်ပါတယ်။ လုပ်ငန်းခွင် လူမှုဆက်ဆံရေးတွေမှာ ခံစားချက်တွေဟာ အလွန်အရေးပါတဲ့ အခန်းကနေ ပါဝင်ပါတယ်

အိမ်မှာ အဆင်မပြေခဲ့လို့ လုပ်ငန်းခွင်မှ လူတကာကို အပေါက်ဆိုးဆိုးနဲ့ စကားပြောခြင်းဟာ လက်ခံသင့်တဲ့ ကိစ္စမဟုတ်ပေမယ့် လူတော်တော်များမှာ တွေ့ရတဲ့ ယေဘုယျသဘာဝတခုလို့ ဆိုရပါမယ်
လုပ်ငန်းခွင်မှာ အကြောင်းအမျိုးမျိုးနဲ့ စိတ်တိုနေသူတွေ၊ သုန်မှုန်နေသူတွေ အလုပ်ကို စိတ်မဝင်စားဖြစ်နေသူတွေနဲ့ ကြုံရတဲ့အခါ မိမိဘက်ကပါ ခံစားချက်နဲ့ မတုန့်ပြန်ဘဲ ဆင်ခြင်စိတ်ထား ခွင့်လွှတ်ဆက်ဆံခြင်းနဲ့ မိမိဘက်ကို ပါလာအောင် စည်းရုံးသိမ်းသွင်းတဲ့ အလေ့အထကို မွေးမြူသင့်ပါတယ်
လူဆိုတာက စိတ်တည်ငြိမ်သူရှိတယ်၊ မတည်ငြိမ်သူရှိတယ်။

အရေးကြီးတာက အပြန်အလှန်ရိုးသားဖို့ မကျေနပ်တာရှိရင် မြုံမထားဘဲ ပြဿနာမကြီးထွားလာခင် ဖွင့်ဟဆွေးနွေးရမယ်။

ဘယ် ဘာသာစကားမှာမဆို အများဆုံး သုံးစွဲခံရတဲ့ စကားတလုံးရှိတယ်။ ငါ ဆိုတာပါဘဲ

ငါ ငါ့ဥစ္စာ ငါ့အတွက်။ ဒါမှမဟုတ် ကျွန်တော် ကျွန်မအတွက်
လူတိုင်း ကိုယ့်အဖို့သာ ကိုယ်အရေးကြီးနေကြတယ်။ သင် ကအရေးမကြီး။ သင့်အတွက် ကို မစဉ်းစားနိုင်

ဒါ့ကြောင့် သင်ရော ငါပါ ပါမှ ပြီးတဲ့ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေဟာ လူအများကြားမှာ သိပ်မဖြစ်ကြခြင်း ဖြစ်ပါတယမ

ငါစွဲ လွှမ်းမိုးနေတဲ့အခါ ဘယ်အရာမှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။
အများအကျိူးဆောင် ကိုယ့်အကျိုးအောင်ဆိုတဲ့ စကားဟာ အမြဲမှန်ကန်ပါတယ်။ ခင်ဗျားက သူတပါးအပေါ် စိတ်ဝင်စားတဲ့အခါ သူတစ်ပါးကလည်း ခင်ဗျားအပေါ် စိတ်ဝင်စားလာမှာ မုချပါဘဲ
သူတစ်ပါးအရေးကို မိမိအရေးလို သဘောထားကူညီခြင်းဖြင့် ခင်ဗျားဘေးပတ်လည်မှာ ခင်ဗျားကို တပျော်တပါး ဝိုင်းဝန်းကူညီမယ့် မိတ်ဆွေသင်္ဂဟတွေ ဝန်းရံလာမှာ ဖြစ်ပါတယ်

- တစ်ဖက်သားကို တန်ဖိုးထားပါ။ သူ့ခံစားချက် သူ့အလိုဆန္ဒတွေကို အလေးထားကြောင်း ပြသပါ

- တစ်ဖက်သားအား အရေးကြီးပုဂ္ဂိုလ်အဖြစ် သဘောထားဆက်ဆံနေကြောင်း တဖက်သား သိပါစေ

- ချိုသာဖော်ရွေစွာ ပြောဆိုဆက်ဆံပါ။ တဖက်လူအနေနဲ့ ခင်ဗျားနဲ့ ပြောဆိုဆက်ဆံရခြင်းဟာ အဆင်ပြေလွယ်ကူတယ်လို့ ခံစားမိပါစေ။

- နားထောင်ပါ။ တဖက်လူကို အာရုံအပြည့်အဝ စူးစိုက်နားထောင်ပါ

- ကိုယ်ချင်းစာပါ။ တဖက်လူရဲ့နေရာမှာ ခင်ဗျားရှိရင် ခင်ဗျား ဘယ်လို ခံစားရမလဲ စဉ်းစားပါ

- မိမိဘက်က ကူညီဖို့ ကြံြက်ုက်တဲ့အခါတွေမှာ စိတ်ရောကိုယ်ပါ ကူညီလိုက်ပါ။ အချိန်တန်ရင် ခင်ဗျား ပေးတာထက် များစွာပိုပြီး ပြန်ရတယ်ဆိုတာ တွေ့ရပါလိမ့်မယ် ။

Add new comment

2 + 2 =