နှုတ်ကပတ်တော်လူ့ဇာတိအဖြစ်ယူရခြင်းရဲ့အနက်ရှိုင်းဆုံးအကြောင်းအရာများ

ဒီကနေ့မှာတော့ နှုတ်ကပတ်တော်လူ့ဇာတိအဖြစ်ယူရခြင်းရဲ့အနက်ရှိုင်းဆုံးအကြောင်းအရာများကိုတင်ဆက်ပေးထားပါတယ်။ဘုရားရဲ့သားတော်လူ့ဇာတိယူရခြင်းဟာခရစ်ယာန်ဘာသာယုံကြည်ကိုးကွယ်မှုမှာအဓိကအခြေခံကျတဲ့နက်နဲဖွယ်ရာအချက်ဖြစ်ပါတယ်။ဒါကြောင့်ဘုရားရဲ့သားတော်လူ့ဇာတိအဖြစ်ယူရခြင်းရဲ့အနက်ရှိုင်းဆုံးအကြောင်းအရင်းတွေကိုတင်ဆက်ပေးလိုက်ပါတယ်။ဘုရားရဲ့သားတော်လူ့ဇာတိအဖြစ်ယူရခြင်းဟာလူသားအားလုံးအတွက်အတုမရှိအတိုင်းထက်လွန်တဲ့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းနဲ့ချစ်ခြင်းမေတ္တာနဲ့ရုပ်လုံးဖော်ဆောင်တဲ့အမှတ်လက္ခဏာပဲဖြစ်ပါတယ်။
ဘုရားသခင်၏သားတော်လူ့ဇာတိအဖြစ်ယူရခြင်းသည်လူသားအားလုံးတို့အတွက်အတုမရှိ၊အတိုင်းထက်လွန်သော၊အဆုံးစွန်သောဘုရားသခင်၏ကောင်းမြတ်ခြင်းနှင့်ချစ်ခြင်းမေတ္တာ၏ရုပ်လုံးဖော်ဆောင်သောအမှတ်လက္ခဏာဖြစ်ပါသည်။ဘုရားသခင်သည်အစမူလကပင်ချစ်ခြင်းမေတ္တာ၊ကောင်းမြတ်ခြင်းနှင့်ပြည့်စုံပြီး၊၎င်းချစ်ခြင်း၊ကောင်းမြတ်ခြင်းတို့သည်မိမိတစ်ပါးတည်းသောသားတော်ကိုလောကထဲသို့စေလွှတ်ပြီးအသက်စွန့်သည့်တိုင်အောင်လူသားအားလုံးကိုရွေးနှုတ်ကယ်တင်လိုက်ခြင်းဖြင့်ဖော်ပြခြင်းဖြစ်ပါသည်။ချစ်ခြင်း၊ကောင်းမြတ်ခြင်းဆိုသည့်အဓိပ္ပါယ်မှာမိမိ၏တစ်ပါးတည်းသောသားတော်ကိုလောကသားအားလုံးအတွက်ပေးလှူခြင်းဖြစ်ပါသည်။ဘုရားသခင်သည်မိမိဖန်ဆင်းသောအရာအားလုံးနှင့်အဆက်အသွယ်ပြုခြင်းဖြင့်မိမိကောင်းမြတ်ခြင်းကိုဖော်ထုတ်ပြခြင်းပဲဖြစ်ပါသည်။ဘုရားသခင်၌အတိတ်၊အနာဂတ်စသောအချိန်ဟူ၍မရှိပေ။ဘုရားသခင်သည်အချိန်၏ကန့်သတ်မှုအောက်၌မတည်ရှိပေ။သို့သောဘုရားသခင်လူ့အဖြစ်ယူခြင်းသည်အချိန်အခါ၊နေရာတစ်ခုဖြစ်ပါသည်။ဘုရား၏သားတော်လူ့အဖြစ်ယူခြင်းသည်အင်အားချည့်နဲ့သောလူသား၏သဘောသဘာဝကိုမျှဝေ၊ယူတင်ဝတ်ဆောင်ခြင်းဖြစ်သည်။ဤအရာသည်ကားကြီးမားလှသောဘုရားသခင်၏ချစ်ခြင်းမေတ္တာဖြစ်သည်။ဘုရားသခင်လူ့အဖြစ်ယူခြင်းသည်အစဉ်ထာဝရတည်တံ့သည့်ဘုရားအဖြစ်တော်ကိုပြောင်းလဲသွားမည်မဟုတ်ပေ။
ဘုရားသခင်၏သားတော်လူ့ဇာတိအဖြစ်ယူရခြင်းသည်ချို့ယွင်းချက်မရှိလူသားမျိုးနွယ်အားလုံးကိုအပြစ်မှပြန်လည်ရွေးနှုတ်ခြင်းဖြစ်ပါသည်။သခင်ခရစ်တော်သည်မိမိကိုယ်ကိုနှိမ့်ချခြင်းဖြင့်ကြောက်မက်ဖွယ်ကောင်းသောထာဝရပျက်စီးခြင်းအခြေအနေမှကျွန်ုပ်တို့ကိုကယ်တင်ခဲ့သည်။အပြစ်တရားသည်ဘုရားနှင့်လူသားကြားတံတိုင်းကြီးသဖွယ်ကာရံထားပြီးစကြဝဠာကိုလည်းကစဉ့်ကလျားဖြစ်စေသည်။သို့ပင်ငြားလည်းဘုရားသခင်သည်ကျွန်ုပ်တို့၏အပြစ်များအတွက်အပြစ်ဖြေရာယဇ်ကောင်အဖြစ်စေလွှတ်တော်မူခဲ့ခြင်းဖြစ်သည်။နှုတ်ကပါတ်တော်လူ့အဖြစ်ယူခြင်းသည်အပြစ်တရား၏အကျိုးဆက်ဖြစ်သောဝမ်းနည်းကြေကွဲခြင်း၊ကျေးကျွန်ဘဝမှလွတ်မြောက်ရန်နှင့်ကျွန်ုပ်တို့၏အပြစ်အနာအဆာများကိုကုသဖို့ရန်ဖြစ်ပါသည်။သခင်ခရစ်တော်ဤလောကသို့ကြွလာခြင်းသည်အပြစ်ရင်းကြောင့်လူသားမျိုးနွယ်တစ်ရပ်လုံးခံစားနေရသောဒုက္ခများကိုယူဆောင်သွားခြင်းဖြစ်သည်ဟုသံသောမတ်စ်အကွိုင်းနက်ကဆိုခဲ့သည်။အပြစ်ကျေးကျွန်ဘဝ၌နစ်မွန်းနေသောလူသားအားလုံးကိုရွေးနှုတ်ခြင်းသည်လူ့ဇာတိအဖြစ်ယူရခြင်း၏အဓိကအခြေခံကျသောရည်ရွယ်ချက်ဖြစ်ပြီးဘုရားသခင်နှင့်အတူဘုန်းတော်ပြန်လည်ဝင်စားရခြင်းသည်လည်းအဆုံးစွန်သောရည်ရွယ်ချက်ဖြစ်သည်။
ဘုရားသခင်၏သားတော်လူ့ဇာတိအဖြစ်ယူရခြင်း၏အကြောင်းရင်းသည်မကြာခဏကျဆုံးတတ်သောလူသားတို့သည်မိမိကိုယ်ကိုမကယ်တင်နိုင်ခြင်းကြောင့်ဖြစ်သည်။
ဘုရားသခင်၏သားတော်လူ့ဇာတိအဖြစ်ယူရခြင်း၏အကြောင်းရင်းသည်လူသားတို့ဆုံးရှုံးခဲ့ရသောကျေးဇူးတော်အခြေအနေမှတစ်ဖန်ကျေးဇူးတော်ပြန်လည်ရရန်အတွက်မိမိတစ်ပါးတည်းသောသားတော်၏သွေးသွန်းအသေခံခြင်းအားဖြင့်အသင့်လျော်ဆုံးသောအရာဖြစ်သည်။ဘုရားသခင်သည်မကောင်းသောအရာများကိုအလိုမရှိပေ။သို့သောမကောင်းသောအရာများကိုခွင့်ပြုသည်။အကြောင်းမူကားပို၍ကောင်းမြတ်သောအရာများကိုရရှိဖို့ရန်အတွက်ဖြစ်သည်။အပြစ်ကျူးလွန်မှုတိုးပွားစေခြင်းငှါပညတ်တရားရောက်လာခဲ့၏။သို့သော်အပြစ်ဒုစရိုက်တိုးပွားသည့်အရပ်၌ကျေးဇူးတော်သည်ပို၍ကြွယ်ဝလေ၏။
ဘုရားသခင်၏သားတော်လူ့ဇာတိအဖြစ်ယူရခြင်း၏အကြောင်းရင်းသည်လူသားတိုင်းမဖြစ်မနေကြုံတွေ့နေရသောဆင်းရဲဒုက္ခများကိုမျှဝေခံထမ်းဖို့ဖြစ်ပါသည်။ဆင်းရဲဒုက္ခသည်တစ်လောကလုံးအတွက်ဖြစ်ရပ်ဆန်းတစ်ခုဖြစ်ပါသည်။နာကျင်မှု၊ကိုယ်ခန္ဓာ၊စိတ်ထိတ်လန့်မှု၊သေခြင်း၊ဆာလောင်ခြင်းစသောအရာများသည်အာဒံနှင့်ဧဝတို့၏မနာခံမှုအကျိုးဆက်ကြောင့်ဖြစ်သည်။ငါတို့၏ကယ်တင်ခြင်းအတွက်သခင်ခရစ်တော်သည်ဒုက္ခခံတော်မူ၏။လူတစ်ယောက်သောသူတည်းဟူသောသခင်ခရစ်တော်၏အကျိုးတို့သည်လူများအတွက်ပို၍ကြွယ်ဝပြည့်စုံတော်မူ၏။
ဘုရားသခင်၏သားတော်လူ့ဇာတိအဖြစ်ယူရခြင်းသည်ကျွန်ုပ်တို့အားလုံးဘုရားသခင်၏အဖြစ်တော်၌ပါဝင်ခံစားရန်နှင့်သန့်ရှင်းမြင့်မြတ်ခြင်း၌ကျွန်ုပ်တို့၏စံပြုထိုက်သူဖြစ်သည်။ဥပမာ-ယေဇူးကငါသည်လမ်းခရီးဖြစ်၏သမ္မာတရားလည်းဖြစ်၏။အသက်လည်းဖြစ်၏။ငါ့ကိုအမှီမပြုဘဲမည်သူမျှခမည်းတော်ထံသို့မလာနိုင်။နှုတ်တော်ထွက်စကားဇာတိအဖြစ်ယူရခြင်းသည်ကျွန်ုပ်တို့ကိုသန့်ရှင်းမြင့်မြတ်သောဘုရားသခင်အဖြစ်တော်၌ပါဝင်စေရန်နှင့်ဘုရားသခင်၏သားသမီးအဖြစ်သို့တင်မြှောက်ခြင်းပင်ဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ပါတယ်။

Add new comment

5 + 7 =