နိုဝင်ဘာလ (၁၁) စိန့်မာတင် (အေဒီ ၃၁၆-၃၉၇)

နိုဝင်ဘာလ (၁၁) စိန့်မာတင် (အေဒီ ၃၁၆-၃၉၇)

စိန့် မာတင်( St. Martin of Tours)သည် အေဒီ (၃၁၆)မှာ နတ်ကိုးကွယ်သော မိဘများမှ မွေးဖွားခဲ့သည်။ သူသည် ရောမအင်ယာအတွက် စစ်ဗိုလ်ချုပ်ဖြစ်ခဲ့သည်။ တစ်နေ့ သူစစ်တိုက်ဖို့ သွားရင်း ဆင်းရဲသားတစ်ယောက်ဟာ စုပ်ပြတ်နေသော အဝတ်အစားနှင့် အအေးဒဏ်တွေကို မခံနိုင်ဖြစ်ကာ တုန်ရီ နေတာကိုမြင်ပြီး သနားကရုဏာ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် မာတင် ဝတ်လာခဲ့သော ကြီးကျယ်ခန်းနားသည့် စစ်ဗိုလ်ကြီး ဝတ်ရုံကို တစ်ဝက်ဖြတ်ပြီး ထိုဆင်းရဲသားအား ပေးလှူခဲ့သည်။ ထိုသို့ကူညီပေးခဲ့ပြီးနောက် ညတစ်ညမှာ ထူးဆန်းသော အိပ်မက်ကို မက်ခဲ့ပါသည်။

ထိုအိပ်မက်တွင် သခင်ခရစ်တော် ဘုရားရှင်က စစ်ဗိုလ်ကြီး မာတင် ဒါန ပြုအဝတ်ပေးခဲ့သော ဆင်းရဲသား တစ်ယောက်ဟာ တခြားလူမဟုတ်ဘဲ သခင် ခရစ်တော်ကိုယ်တိုင်ကို ပြုစုခဲ့ခြင်း ဖြစ်ကြောင်း ကြားသိ ခဲ့ရသည်။ သခင်ခရစ်တော်က သိုးနှင့်ဆိတ်ခွဲခြားရာနေ့ တွင် "...ကိုယ်တော် ဧည့်သည်ဖြစ်သည်ကို မည်သည့်အခါ၌ အကျွန်ုပ် တို့မြင်၍ ကိုယ်တော်အားပျူငှာစွာ ကြိုဆိုခဲ့ပါ သနည်း။ သို့မဟုတ် ကိုယ်တော်၌ အဝတ်မရှိသည်ကို မည်သည့် အခါ၌ မြင်ရ၍ ကိုယ်တော်အား အဝတ်နှင့် လွှမ်းခြုံပေး ခဲ့ပါသနည်း။ ....မင်းကြီးက၊ "ငါအမှန်ဆို သည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူတယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီ"ဟု ပြန်၍ မိန့်တော်မူလတံ့" ဟူသောကျမ်းစကားကို ပြန်သတိရခြင်းဖြစ်သည်(မဿဲ ၂၅:၃၈;၄၀)။

ထိုထူးခြားသော အိပ်မက်ကြောင့် စစ်ဗိုလ်ဘဝကိုစွန့် လွတ်ကာ ကက်သလစ် ခရစ်ယာန်တစ်ဦးဖြစ်ဖို့ ရန် ဆုံးဖြတ်ကာ ဆေးကြောခြင်းကို ခံယူခဲ့သည်။ ထိုနောက် သူသည် ကက်သလစ် ရသေ့တစ်ပါးဖြစ်လာပြီး အေဒီ (၃၆၀)ဝန်းကျင်တွင် စပိန်နိုင်ငံတွင် ပထမဆုံး သော ရသေ့ကျောင်းကို တည်ဆောက်နိုင်ခဲ့သည်။ သူသည် စစ်ဗိုလ်ဘဝ တုန်းကလည်း နာမည်ကောင်းရထားသူ ဖြစ်သည့်အတွက် ရသေ့တစ်ပါးဖြစ်လာချိန်မှာလည်း သူ၏ သန့် ရှင်းဖြူစင်ခြင်း၊ ကျင့်ကြံခြင်းတွေကြောင့် အေဒီ (၃၇၂)တွင် "Tours"ဟူသောမြို့၏ ဆရာတော်တစ်ပါးအဖြစ် ရွေးကောက်ခံရသည်။ ထိုခေတ်တွင် ရသေ့တစ်ပါးသည် ဆရာတော်ဖြစ်ခြင်းမရှိသော်လည်း ထူးထူးခြားခြားပင် ဆရာတော်ဖြစ်လာသည်။ ဆရာတော်ဖြစ်ပြီးချိန်၌လည်း မိမိတည်ထောင်သော ရသေ့ကျောင်းမှာဆက်လက်နေထိုင်ခဲ့သည်။

အေဒီ(၃၈၀)တွင် ရောမအင်ပါယာဘုရင် "Theodosius" က ခရစ်တော်ကို ဘုရားအဖြစ် လက်မခံသော "Arinian " ခရစ်ယာန်များကို ငြင်းပယ်ကာ "Trinity God" အဖြစ် ခရစ်တော်ကို ဘုရားစစ်စစ် လူစစ်စစ်အဖြစ် လက်ခံသော ကက်သလစ် ခရစ်ယာန်ဘာသာကို ရောမအင်ပါယာ၏ တရားဝင်ဘာသာအဖြစ် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် နတ်ဘာသာသည် ရောမအင်ပါယာ၏ တရားဝင်ဘာသာမဟုတ်တော့သည့်အတွက် နတ်ကိုးကွယ်သောသူများကို ညှင်းပန်းနှိပ်စက်ခြင်းများလည်း ပြန်ခံစားခဲ့ကြသည့်ခေတ်ကာလဖြစ်သည်။ ထို့ကြောင့် သူနေထိုင်ခဲ့သည့် စပိန်နိုင်ငံ၏ အနောက်ဖက်ရှိ "Tours" မြို့တွင် နတ်ကိုးကွယ်သူများ ရှိနေခဲ့သေးသည်။ ထိုနေရာ၌ ရောမနတ်ဘုရားကျောင်းများ၊ ရောမဂရိ နတ်ဘုရားများကိုးကွယ်ခြင်းများ ရှိနေခဲ့သေးသည်။

ထို့ကြောင့် ထိုအရပ်ဒေသများတွင် ခရစ်တော်အကြောင်းကို သူဟောကြားပြီး ခရစ်တော်ဟာ ရောမဂရိ နတ်ဘုရားများထက် သာလွန်သောသူ၊ သေခြင်းကိုအောင်သောသူ၊ တန်ခိုးရှိသောသူ၊ ထာဝရ အသက်ပေးသောသူဖြစ်ကြောင်း၊ ရောမဂရိ နတ်ဘုရားများဟာ မည်သည့် အစွမ်းမျှ မရှိသလို ခရစ်တော်ဘုရား၊ ထာဝရဘုရားသာကြီးမြတ်ကြောင်း ဟောပြောခဲ့သည်။ တစ်ဖက်မှာလည်း နတ်ဘုရားကျောင်းများ၊နတ်ဘုရားနဲ့ သက်ဆိုင်သော သစ်ပင်များကို ဖျက်ဆီးမီးရှို့ကာ ထိုနေရာများတွင် ခရစ်ယာန်ဘုရားကျောင်းများ၊ ရသေ့ကျောင်းများကို တည်ဆောက်ခဲ့သည်။

စိန့် မာတင်သည် လူနာများကိုလည်း ကုသပျောက်ကင်းစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်နိုင်ခြင်းစသော ကြီးမားသည့် တန်ခိုး လက္ခဏများကို ပြုလုပ်နိုင်ခဲ့သဖြင့် ထိုအရပ်ဒေသက လူများဟာ အံ့သြခြင်းများစွာနှင့် ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာခဲ့ကြသည်။ စိန့် မာတင်သည် ဘုရားသခင်၏ အမှုတော်ကို ကောင်းစွာထမ်းဆောင်ရင်း အေဒီ(၃၉၇)တွင် ပျံလွန်တော်မူခဲ့ပါသည်။ သူ၏ ပွဲနေ့ ကို နိုဝင်ဘာလ(၁၁) ရက်နေ့ တွင် ကက်သလစ်အသင်းတော်က ကျင်းပပြီး သတိရအောက်မေ့ခြင်းပြုကာ သူ၏ စံနမူနာများကို အတုယူကြသည်။

ကျမ်းစာထဲတွင် " ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍၊ သင်တို့ကို အုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ ကျင့်ကြံပြုမူ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကို မှီအောင်လိုက်ကြလော့" ဟူသော ကျမ်းစကားကြောင့် စိန့် မာတင်ကို အောက်မေ့ကြသည်( ဟေဗြဲ ၁၃:၇)။ စိန့် မာတင်ကဲ့သို့ ရဲရင့်ပြတ်သားသော ယုံကြည်ခြင်းများ၊ သနားကြင်နာတတ်သော စိတ်နေသဘောထားများ၊ ကူညီတတ်သောစိတ်ထားများနှင့် ပေးကမ်းလှူဒါန်းတတ်သော ကက်သလစ် ခရစ်ယာန် ဘာသာသူများဖြစ်ကြရန် ကြိုးစားအားထုတ်ကြရန် တိုက်တွန်းအပ်ပါသည်။

စိန့် မာတင်-
ကျွန်ုပ်တို့ အဖို့ ငှါဆုတောင်းပေးတော်မူပါ။
အာမင်။

Credit: Bro. Matin Daai Mana Ling

Add new comment

3 + 14 =