" နိုင်ငံရေးထဲ ခြေဆန့်ရန် ကက်သလစ်တိုင်း တာ၀န်ရှိသည်"

" နိုင်ငံရေးထဲ ခြေဆန့်ရန် ကက်သလစ်တိုင်း တာ၀န်ရှိသည်"

အမေရိကန် ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်(USCCB)မှ ထုတ်ပြန်သော Forming Consciences for Faithful Citizenship စာအုပ်မှ Who in the Church Should Participate in Political Life? ကို ကောက်နှုတ်ဖော်ပြပါသည်။

ကက်သလစ် အစဉ်အလာ၌ "တာ၀န်သိနိုင်ငံသားဖြစ်ခြင်း" သည် ပါရမီတစ်ပါးဖြစ်ပြီး နိုင်ငံ့အရေး သို့မဟုတ် လူထုအရေး သို့မဟုတ် လူသားကောင်းကျိုး အရေး၌ ပါ၀င်လုပ်ဆောင်ခြင်းသည် ကိုယ်ကျင့်တာ၀န်တစ်ရပ် ဖြစ်သည်။

ထိုတာ၀န်သည် ဆေးကြောခြင်းမင်္ဂလာ ခံယူစဉ်က ခရစ်တော်နောက် ထပ်ချပ်မခွာလိုက်၍ ခရစ်တော်၏တရားတော်ကို သက်သေခံပါမည့် အကြောင်း ပြုခဲ့သောကတိသစ္စာတွင် အမြစ်တွယ်လာရပေသည်။ ကက်သလစ်သာသ နာတော်၏ အယူဝါဒကျမ်းကြီးကလည်း အောက်ပါအတိုင်း သွန်သင်ထားသည်။

အများကောင်းကျိုး မြှင့်တင်ရာတွင် မိမိတို့၏ အဆင့်နေရာနှင့် ကဏ္ဍအလိုက် ပါ၀င်ကြရန် လိုအပ်သည်။ ယင်းတာ၀န်၀တ္တရားသည် လူသားတစ်ယောက်၏ လူ့ဂုဏ်သိက္ခာတွင် စွဲကပ်ပါလာသည့် တာ၀န်ပင်ဖြစ်သည်။ နိုင်ငံသားများသည် တတ်နိုင် သရွေ့ လူထုဘ၀အရေးတွင် တက်ကြွစွာ ပါ၀င်ရမည် ဖြစ်သည်။ (နံ-၁၉၁၃-၁၉၁၅)

သို့ဆိုသော်လည်း မျက်မှောက်နိုင်ငံရေးသည် တစ်ခါတရံ အာဏာပြိုင်ဆိုင်မှု၊ ပါတီချင်းတိုက်ခိုက်မှု၊ ဆောင်ပုဒ်ကြွေးကြော်မှုနှင့် မီဒီယာလွန်ဆွဲမှု တစ်ခုသာ ဖြစ်နေသည်။ သာသနာတော်အနေနှင့် ထိုအရာနှင့်ကွဲပြားသော နိုင်ငံရေးလုပ်ဆောင်မှုကို တိုက်တွန်းခြင်းဖြစ်သည်။ တရားတော်ကို ဦးထိပ်ထား၍ လူ့ဂုဏ်သိက္ခာကို ဗဟိုပြုစံထားသော၊ အများကောင်းကျိုးကို လုပ်ဆောင်လိုသော၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်လိုသော၊ အားနည်းချည့်နဲ့သူများကို အကာအကွယ် ပေးလိုသော စိတ်တွင်းခံ ယုံကြည်ချက်များဖြင့် နိုင်ငံ့အရေးကို လုပ်ဆောင်စေလိုခြင်း ဖြစ်သည်။

သစ္စာရှိသော တာ၀န်သိနိုင်ငံသားကောင်းတစ်ယောက် ဖြစ်ရမည် ဆိုသည့် ကက်သလစ်သာသနာတော်၏ သွန်သင်ချက်သည် ကက်သလစ်ဘာသာ၀င်များ နိုင်ငံ့အရေးတွင် ပါ၀င်ရန်အရေးကြီးကြောင်း နှိုးဆော်နေပြီး လူသားထု အရေးအတွက် အစေခံခြင်းသည် လေးစားထိုက်သောဘ၀ တစ်ခုဖြစ်ကြောင်း အလေးအနက် အတည်ပြုနေခြင်းဖြစ်သည်။ ကက်သလစ်ဘာသာ၀င်များအနေဖြင့် ပါတီနိုင်ငံရေးတွင် ပါ၀င်လုပ်ဆောင်ကြရာ၌ မိမိတို့ယုံကြည်ရာ ကိုယ်ကျင့်စံနှုန်းများကို လက်ကိုင်ပြုလျက် နိုင်ငံ့အရေးကို လုပ်ဆောင်သင့်ကြသည်။ မိမိပါတီက မိမိကို ပုံသွင်းသည်ထက် လိုအပ်လျှင် မိမိပါတီ ပိုမိုကောင်းမွန် အကျိုးပြုရန်အတွက် ပံ့ပိုးဖြည့်ဆည်း ပုံသွင်းပေးနိုင်သူများ ဖြစ်သင့်ကြသည်။ မိမိတို့ယုံကြည်ရာ အခြေခံကိုယ်ကျင့်စံနှုန်းများကို သွေဖည်စေမည့် တိုက်တွန်းစေခိုင်းချက်များကို ပွင့်လင်းစွာ ငြင်းဆိုသင့်ကြသည်။ ပိုမိုကောင်းမွန်သော လူ့ကမ္ဘာတစ်ခုကို တည်ဆောက်ရန် ကြှနျုပျတို့၏ ကောင်းမွန်သော မူများ၊ တန်ဖိုးများ၊ ရွေးချယ်မှုများနှင့် ဆန္ဒမဲများကို စုပေါင်းအသုံးပြုသင့်ကြသည်။

နိုင်ငံ့အရေးအတွက် လုပ်ဆောင်ကြရာတွင် လူ၀တ်ကြောင်များနှင့် ဘုန်းတော်ကြီးတို့၌ အချင်းချင်း အပြန်အလှန် ပံ့ပိုးပေးနိုင်သော သီးခြားကဏ္ဍများ ရှိကြသည်။ ဆရာတော်များအနေနှင့် ကိုယ်ကျင့်ဆိုင်ရာနှင့် လူမှုဆိုင်ရာ ကက်သလစ် သွန်သင်ချက်များကို လက်ဆင့်ကမ်းပေးရသည်။ ဘုန်းတော်ကြီးများနှင့်အတူ သီလရှင်များ၊ ဘရာသာရ်ကြီးများက မိမိတို့ ယုံကြည်ရာ အခြေခံ ကိုယ်ကျင့်စည်းမျဉ်းများကို သွန်သင်ဝေငှကာ မိမိတို့ဘာသာ၀င်များ၏ သြတ္တပ္ပစိတ်ကို မှန်ကန်စွာ ပုံသွင်းပေးခြင်းဖြင့် နိုင်ငံရေးအမှုအရာတို့၌ ၎င်းင်းတို့ မှန်ကန်သော ဆုံးဖြတ်ချက်များ ချနိုင်ရန် အားဖြည့် ကူညီရမည် ဖြစ်သည်။ ဘာသာ၀င် လူ၀တ်ကြောင်များ နိုင်ငံရေးတွင် တက်ကြွမှန်ကန်စွာ ပါ၀င်နိုင်ရန် အားဖြည့်ကူညီရမည် ဆိုသော်လည်း ဘာသာရေး ခေါင်းဆောင်များအနေဖြင့် မည်သူ့ကို ထောက်ခံခြင်း၊ မည်သူ့ကို ဆန့်ကျင်ခြင်းနှင့် မည်သူ့အတွက်မဲဆွယ်ခြင်း တို့ကို ရှောင်ကြဉ်ရမည်ဖြစ်သည်။

Fr.သက်ထွေးအောင်

အမေရိကန် ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်(USCCB)မှ ထုတ်ပြန်သော Forming Consciences for Faithful Citizenship စာအုပ်မှ Who in the Church Should Participate in Political Life? ကို ကောက်နှုတ်ဖော်ပြပါသည်။

https://bit.ly/3unB88r

 

 

Add new comment

3 + 9 =