ဇွန်လ( ၉ )#ရဲစွမ်းသတ္တိနှင့်ပြည့်စုံတော်မူသော_ယေဇူးရွှေနှလုံးတော်။

ဇွန်လ( )#ရဲစွမ်းသတ္တိနှင့်ပြည့်စုံတော်မူသော_ယေဇူးရွှေနှလုံးတော်

ငါ့သား၊ ငါအသက် (၁၂)နှစ် အရွယ်က ဂျေရုဇလင်ကျောင်းတော်၌ ငါနေရစ်ခဲ့ခြင်းဖြင့် ငါ၏မယ်တော်နှင့် အုပ်ထိန်းသူသံဇူဇယ်ကို များစွာဝမ်းနည်းပူဆွေးစေမည်အကြောင်း၊ ငါသည်အတတ်သိငြားသော်လည်း ငါ့ခမည်း တော်ဘုရား၏အလိုတော်ကို ပြည့်စုံစေရန်ှနှင့်ခမည်းတော်ဘုရားက ငါ့အတွက်စီမံခန့်ခွဲထားသည့်အမှုကို ထမြောက် အောင်မြင်စေရန် ဤကဲ့သို့ငါပြုခဲ့လေ၏။ ဤသို့ပြုရန်လည်း ငါ၌ရဲစွမ်းသတ္တိလိုအပ်ခဲ့ပေသည်။

ထို့အတူ သင်သည်လည်း ဤတသက်တာအတွင်းနေ့စဉ်တွေ့ကြုံရသောအခက်အခဲများ၊ စုံစမ်းခြင်းများနှင့် ဆင်းရဲဒုက္ခများကိုရင်ဆိုင်နိုင်ရန် သင်၌ရဲစွမ်းသတ္တိလိုပေလိမ့်မည်။ သင်သည်သီလဘောင်သို့ ခေါ်တော်မူခြင်းခံရ သောအခါ လောကအချည်အနှောင်များကိုဖြတ်တောက်ခြင်း၌ အခက်အခဲတွေ့ခဲ့ပါလျှင်၊ ငါ၏ရဲစွမ်းသတ္တိကိုအောက် မေ့သတိရလျှက်၊ ဘုရားသခင်၏အလိုတော်ကိုလိုက်လျောရန် ကြောက်ရွံ့ခြင်းမဲ့ ရဲ့ရင့်စွာရှေ့သို့တက်သွားပါလော့။

ငါသည် အထင်အရှားလှည့်လည်သွား၍ တရားတော်ကိုဟောပြောခြင်းမပြုမှီ၊ နှစ်ပေါင်းကြာရှည်စွာ စောင့်ရ ခြင်း၌လည်း ငါ၌ရဲစွမ်းသတ္တိလိုခဲ့ပေသည်။ ထို့ကြောင့် သင်လုပ်လိုသောအလုပ်တစ်ခုခုကိုမလုပ်ရန် တားမြစ်ခြင်းခံရ ပါလျှင် စိတ်ရှည်စွာထား၍ ငါစောင့်ငံ့နေခဲ့ရသည့်အချိန်ကို သတိရအောက်မေ့ပါလော့။ ထိုအခါ သင်အလိုရှိသော အင်အားကိုရပါလိမ့်မည်။

ငါအထင်အရှားသွားလာနေထိုင်ရသော အသက်တာအတွင်း၌ဖြစ်ရောက်သမျှ အဖြစ်အပျက်တို့၌လည်း ရဲစွမ်းသတ္တိငါ၌လိုခဲ့ပေသည်။ ဂျက်ဆေမာနီဥယျာဉ်တွင်ခံရသောဒုက္ခများကြောင့် ငါ၏ရဲစွမ်းသတ္တိကုန်ဆုံးလုမခန်း ရှိသော်လည်း သေလုမျောပါးခံထမ်းရာ အချိန်နာရီအတွင်းမှာငါ့ကိုအားဖြည့်တင်းပေးရန် ခမည်းတော်ဘုရားသည် တမန်တော်တပါးကို စေလွှတ်တော်မူခဲ့လေသည်။

ငါ့သား၊ သင်သည် ကြီးသောဝမ်းနည်းခြင်းနှင့် ရင်ဆိုင်တွေ့ကောင်းတွေ့ရပေလိမ့်မည်။ သို့သော် အားလျှော့ လာပြီဟု သင်သိမြင်လာလျှင် နာကျင်စွာထိုးဖေါက်ခြင်းခံရသော ငါ၏ရွှေနှလုံးတော်ထံသို့လာ၍ခိုလှုံပါလော့။ ထိုအ ခါငြိမ်သက်ခြင်းနှင့် အင်အားရရှိပါလိမ့်မည်။

ချိုမြတ်သာယာလှသော ယေဇူး၏ရွှေနှလုံးတော်၊ ဝမ်းနည်းခြင်းနှင့်စုံစမ်းခြင်းဒုက္ခများကို ရင်ဆိုင်ခံထမ်းနိုင် ရန် ရဲစွမ်းသတ္တိကိုပေးသနားတော်မူပါ။ ခရီးသွားရာလမ်းသည် ခဲယဉ်း၍ တိုက်ခိုက်ရခြင်းများခက်ခဲသောအခါ ကူညီ တော်မူပါ. ကျွန်ုပ်ကိုယ်ကိုယ်တော်၏ ရွှေနှလုံးတော်နှင့် နီးကပ်စွာထားတော်မူပါ။ သို့မှသာလျှင် မည်သည်ကိုမျှ ကြေက်ရွံမည်မဟုတ်ပါ။ အကြောင်းမူကား ကိုယ်တော်၏ ရဲစွမ်းသတ္တိ၌ ကျွန်ုပ်သည် ခွန်အားကိုရပါလိမ့်မည်။

#ကျင့်ရန်။ ။ သင်တွေ့ကြုံရသော အခက်အခဲဟူသမျှကို ယနေ့တွင် ရွှေနှလုံးတော်အားဖော်ပြပါ။

#ဆုတောင်း။ ။ အိုယေဇူး၏ရွှေနှလုံးတော်၊ အရာအားလုံး ကိုယ်တော်အတွက်ဖြစ်ပါသည်။

#ဥပမာပုံပြင်

ဖာသာရ်မောရစ် ဆိုသောရဟန်းတစ်ပါးသည် အန္ဒိယပြည်ရှိ ရွာတစ်ရွာတွင် (၁၀)နှစ်ကြာမျှအမှုတော်ကို ထမ်းခဲ့လေသည်။ ထိုရဟန်းသည် ဘုရားစင်ရှေ့တွင်ဒူးထောက်ဆုတောင်းနေစဉ် မိမိလုပ်ငန်းအကြောင်းကို စဉ်းစား ကာ ဝမ်းနည်းခြင်းဖြင့်လွမ်းမိုးနေလေ၏။ သူသည် ရဟန်းသိက္ခာခံပြီးနောက် ၎င်းအဆိုပါအရပ်သို့ပို့ဆောင်ခြင်းခံရ၍ တောက်လောင်သောစိတ်ထက်သန်ခြင်းနှင့် မဆုတ်မနစ်သောလုံ့လဖြင့် မိမိသိုးစုများအတွက်လုပ်ခဲ့လေသည်။ သို့သော် ဤယနေ့တွင်မူကားသူလုပ်သည့်အလုပ်၌ မည်သည့်အရာမျှပြစရာရှိပါကလားဟု စိတ်ထဲ၌ဖြစ်ပေါ်လာ၏။ တောတောင်အရပ်ဒေသရှိ ဤကလေးများသည် မိမိတို့၏စိတ်ပြဌါန်းချက်များ၌ မတည်ကြည်ပြောင်းလဲတတ်၍ သူ၏ လုပ်ငန်းသည်မအောင်မြင်သကဲ့သို့ဖြစ်လေ၏။ ထို့ကြောင့်ရဟန်းတော်သည် ကိုယ်တော်မြတ်ကျောင်းဆောင် တော်ကိုကြည့်ကာ ချစ်ဖွယ်လှသောယေဇူး၏ရွှေနှလုံးတော်၊ တပည့်တော်ဤအရပ်၌ အလုပ်လုပ်နေစဉ်အတွင်း တွင် ဝိညာဉ်တစ်ခုကယ်တင်ခြင်းရသည်ဟု တပည့်တော်သိရပါလျှင် စိတ်ကြေနပ်ပါပြီဟုအသံတိုးတိုးနှင့် လျှောက် တင်လေ၏။

ရဟန်းတော်သည်ဘုရားကျောင်းမှထွက်ခဲ့၍သံဃာတော် ဂေဟာသို့ပြန်လာရာတံခါးဝတွင် ယောက်ျားလေး တစ်ယောက်နှင့်တွေ့လေ၏။ ထိုသူငယ်က ကိုယ်တော်ဘုရား တပည့်တော်ခရီးသွားရာလမ်းစပျောက်သွားသဖြင့် တပည့်တော်ကိုလမ်းပြနိုင်ပါမည်လားဟုမေးလေ၏။ ရဟန်းတော်ကပြုံး၍ ပြန်ပြောသည်ကား မိုးမချုပ်မှီတောင်၏ အခြားတဖက်သို့ရောက်ရန်ကား မဖြစ်နိုင်ပါ။ သင်သည်ကျွန်ုပ်၏ဧည့်သည်ဝတ်ကိုပြုရန်နှင့် ကျွေးမွေးခြင်းကိုလက်ခံ ပါလျှင် မနက်ဖြန်နံနက်ဝမ်းမြောက်ခြင်းနှင့် သင့်ကိုလမ်းပြပါမည်ဟုပြောလေ၏။ ဧည့်သည်လုလင်လည်း ဝမ်း မြောက်စွာနှင့်ဖိတ်ကြားခြင်းကိုလက်ခံလိုက်လေ၏။ ရဟန်းတော်သည်လည်းထိုသူငယ်၏ထက်မြက်ခြင်းနှင့် များစွာ သိမြင်တတ်ကျွမ်းခြင်းများကိုသိရှိလေ၏။ တစ်ဦးနှင့်တစ်ဦး အကျွမ်းတဝင်ဖြစ်သွားကြရာ ဧည့်သည်သည်တစ်ရက် တာမျှမက ရက်အတော်ကလေးကြာအောင်နေသွား၏။ ထိုသူငယ်ကလေးခရီးမထွက်မှီ ရဟန်းတော်က သူ့အား ကျွန်ုပ်သည်သင့်အား အထိမ်းအမှတ်အဖြစ်နှင့် သတိရစေရန် အဘိုးတန်သောအရာတစ်ခုလိုပေသည်။ သင်သည် ကား ကက်သလစ်မဟုတ်ကြောင်းကျွန်ုပ်သိသော်လည်း ကျွန်ုပ်၌ရှိသည့်အရာကိုသာ ကျွန်ုပ်ပေးမည်။ ဤတော ကန္တာရထဲ၌ သင်သွားနေရခြင်းကို သတိယစေရန် ဤရွှေနှလုံးတော်ကားကလေးကိုဆောင်ထားပါဟုပြောလေ၏။ ဧည့်သည် လူငယ်ကလေး (Wilfred) ဝီးလ်ဖရက်သည် လက်ခံ၍ ၎င်းကိုမိမိအင်္ကျီအိတ်ထဲတွင် ထည့်ထားလျက် ၎င်းကိုအမြဲဆောင်ယူပါမည်ဟု ကတိပေးခဲ့လေ၏။

သူငယ်ကလေးထည့်သွား၍ ရဟန်းတော်သည်လည်းရှေးနည်းတူငြီးငွေ့ကာကျန်ရစ်ခဲ့၏။ သူသည်ဆက် လက်၍ မိမိသိုးစုများအလယ်တွင် ပင်ပန်းစါာအလုပ်လုပ်လေ၏။ သို့သော်သူ၏စိတ်ပျက်အားလျော့ခြင်းတိုးတိုက် ကာ နောက်ဆုံး၌ ၎င်းသာသနာကိုထားခဲ့၍ နေရင်းဌါနသို့ပြန်ရန်ဆုံးဖြတ်လိုက်၏။ သူထွက်ခွါသွားခါနီး၌ အိန္ဒိယ လူမျိုးအားလုံးပင်ဝမ်းနည်းကြေကွဲကြ၍ သူတို့အထဲမှရဟန်းတော်ကိုခေါ်ဆောင်သွားသော သင်္ဘောအထွက်ကို ကြည့်ရန် သင်္ဘောဆိပ်သို့ အတူလိုက်သွားကြလေ၏။ သင်္ဘောသည်ဝင်လာလေပြီ။ သင်္ဘောပေါ်ရှိခရီးသည်တစ် ယောက်သည် သင်္ဘောကလေးနှင့် ကမ်းသို့လာလေ၏။ ကမ်းသို့ရောက်သောအခါ ကုန်းပေါ်သို့တက်၍ စာတစောင် ကိုရဟန်းတော်အားလှမ်းပေးပြီးလျှင် ကိုယ်တော့သင်္ဘောသည် ချက်ချင်းထွက်မည်မဟုတ်သောကြောင့် ၎င်းစာကို ဖတ်ရန်အချိန်ရပါလိမ့်မည် ဟုပြောလေ၏။ ရဟန်းတော်သည် စာအိန်ကိုဖွင့်၍ အောက်ပါစာကိုဖတ်လေ၏။

ချစ်ခင်ရိုသေထိုက်လှသော ရဟန်းတော်ဘုရား။

တပည့်တော်သည် ကိုယ်တော်ထံတည်းခိုနေစဉ်အခါ လောကကြီး ဆိုတာ အလကားပါပဲဟု စဉ်းစားမိပါ၏။ ကိုယ်တော်၏ စွန့်စားခြင်းနှင့်ကိုယ့်ကိုယ်ကိုခြိုးခြံပူဇော်ခြင်းများသည် တပည့်တော်၏နှလုံးသားကိုထိ၍ မေ့ပျောက် ရန်ခဲယဉ်းလှပါ၏။ တပည့်တော်သည်ကိုယ်တော်၏ ဘာသာတရားအကြောင်းလေ့လာသင်ကြား၍ မနေ့ကဆေး ကြောခြင်းခံယူပြီးလျှင် နောက်ဆုံးစက္ကရမင်တူးများကိုလည်း ခံယူခဲ့ပါသည်။ တပည့်တော်အသည်းအသန်ဖျားခဲ့ပါ သည်။ သို့သော်တပည့်တော်သေရန် ဝမ်းမြောက်ခြင်းရှိပါသည်။ အကြောင်းမူကား တပည့်တော်၏ ဝိညာဉ်သည် ဘုရားသခင်၏ရွှေလက်တော်ထဲ၌ လုံခြုံစွာရှိနေလိမ့်မည်ကိုသိသောကြောင့်ဖြစ်ပါသည်။ ယခုတပည့်တော်သည် ရွှေနှလုံးတော်ပုံကလေးနှင့် ကိုယ်တော်၏စွန့်စားခြင်းအတွက် ကျေးဇူးတင်ဆပ်ရန်ရှိနေပါသည်။ ကိုယ်တော်သည် တပည့်တော်၏ ဝိညာဉ်ကို ကိုယ်တော်ကယ်တင်သည်ဖြစ်၍ ဘုရားသခင်၏ပလ္လင်တော်ရှေ့ဝယ် တပည့်တော်တက် ရောက်သောအခါ ကိုယ်တော်၏ကျေးဇူးကိုမေ့လိမ့်မည်မဟုတ်ပါ။ (ဝီးဖရက်)

စာလာပေးသောသူသည်စောင့်နေ၏။ ရဟန်းတော်စာဖတ်ပြီးသည်ကိုတွေ့သောအခါ ရဟန်းတော်အား ဝီးဖ ရက်သည် ၎င်းစာကိုရေးပြီးနာရီအနည်းငယ်ကြာသောအခါ သေဆုံးသွားပါပြီဟုပြောလေ၏။ သင်္ဘောထွက်ရန် ဥသြ မှုတ်လေပြီ။ စာလာပေးသောသူက ကိုယ်တော်၊ သင်္ဘောထွက်တော့မည် သင်္ဘောပေါ်တက်ရန် အသင့်ရှိပြီလားဟု မေးရာ ရဟန်းတော်သည်ပြုံး၍ ကျွန်ုပ်၏စိတ်အကြံကိုပြောင်းလိုက်ပြီ။ ကျွန်ုပ်မသွားတော့ပါဟု ပြေလေ၏။

ရဟန်းတော်သည် မိမိဂေဟာသို့ပြန်လာပြီး ရွှေနှလုံးတော်ရုပ်ပုံကားရှေ့၌ စဉ်းစား၍အတွေးနက်နေသည်မှာ မိမိတံခါးကိုဖွင့်သည့်အသံကိုပင် မကြားရချေ။ ဝင်လာသောသူကား ဖိလစ်ကလေးဖြစ်သည်။ သူသည် မိမိ၏သေး ငယ်ညိုမဲသောလက်ကိလေးကို ရဟန်းတော်၏ လက်ထဲတွင်ထည့်ကာ ကလေးတို့၏ သဘာဝစကား မပီတပီနှင့် ကိုယ်တော်ထွက်မသွားလို့ သိပ်ဝမ်းသာတာပဲဟု ပြောလေရာ၊ ရဟန်းတ်ာသည် ကလေး၏ခေါင်းကို ညင်သာစွာပွတ် သပ်၍ရွှေနှလုံးတော်၏ရုပ်ပုံကိုကြည့်ကာာ ချစ်ဖွယ်လှသောယေဇူး၏ရွှေနှလုံးတော်၊ တပည်တော်လည်းဝမ်းမြောက် ပါသည်ဟု အသံတိုးတိုးနှင့်ပြောလေ၏။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

5 + 12 =