ဇွန်လ (၁): #ပြင်းပြစွာတောင်းခံလျက်ရှိသော_ယေဇူးရွှေနှလုံးတော်။

ဇွန်လ (၁): #ပြင်းပြစွာတောင်းခံလျက်ရှိသော_ယေဇူးရွှေနှလုံးတော်

ငါ့သား၊ ငါသည် ဤလောကသို့ ဆင်းလာပြီးလျင် ကယ်ချွတ်ရသော ဝိညာဉ်များအတွက် တောင်းဆိုလျက်၊ ထာဝရဘုရား၏ ယဇ်ပလ္လင်ရှေ့တော်မှာရပ်လျက်နေ၏။ ကလေးသူငယ်များ ဖြူစင်ခြင်းရရှိစေရန် ငါတောင်းဆို၏။ ငယ်ရွယ်သူများသည်လည်း လမ်းလွဲ၍နှောင့်ယှက်ခြင်းသို့ မကျရောက်စေရန် ငါဆုတောင်း၏။ အသက်အရွယ်ကြီး ရင့်၍ လောက၏ဘေးရန်ကို နားလည်သောသူများသည် မိမိတို့၏ကောင်းသောပုံသက်သေနှင့် အကြံကောင်း ဉာဏ်ကောင်းပေးခြင်းအားဖြင့် ငယ်ရွယ်သူများအား လမ်းကောင်းပြကြလျက် မကောင်းသော ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ကြရန် ငါဆုတောင်း၏။

ငါ့သား၊ သင်ဝင်ရောက်ခိုလှုံနိုင်ရန် ငါ၏နှလုံးတော်ကိုသင့်အား ငါဖွင့်ထား၏။ ဤလအတွင်းမှာ ငါနှင့်ပိုမိုနီး ကပ်စွာနေလျက် နေ့စဉ်လူတို့ပြုကြသောအပြစ်များအားဖြင့် ငါ၏နှလုံးတော်အား ထိုခိုက်နာကျင်စေခြင်းဟူသမျှ အတွက် ဒဏ်ဆပ်ဖြေခြင်းကိုပြုလုပ်ပါလော။ သင်၏နေ့စဉ်နံနက် ပူဇော်ခြင်းကိုလည်း ကြည်ညိုစွာပြုလုပ်၍ သင်၏ ဆုတောင်းမေတ္တာများ အလုပ်အကိုင်များနှင့် ဒုက္ခဆင်းရဲခြင်းများတို့ကို ငါ့အားပူဇော်ပါလော့။ ထိုအခါ၎င်းတို့အားလုံး ကိုစု၍ အပြစ်များအားဖြင့်ထိုးဖောက်ခြင်း ခံရသောငါ၏နှလုံးထဲတွင် သိမ်းဆည်းထားပါမည်။ အရာခပ်သိမ်းတို့ထက် သင့်ထံမှ ငါအထူးတောင်းလိုသော အရာကား သင်၏နှလုံးသားပင်ဖြစ်သတည်း။ သို့ဖြစ်ပါ၍ ဘယ်သောအခါမျှပြန် မယူတော့ဘဲ သင်၏နှလုံးသားအား အပြီးအပိုင်ပေးပါလော။

ပြင်းပြစွာတောင်းခံလျက်နေသော အိုချစ်ဖွယ်လှသောယေဇူး၏နှလုံးတော်၊ ကျွန်ုပ်၏နှလုံးနှင့် ကျွန်ုပ်တစ် ကိုယ်လုံးကို လက်ခံတော်မူပါ။ ဤလအတွင်း အချိန်အားလုံးကို ကောင်းကြီးပေးတော်မူပါ။ ထိုအချိန်များကို ကိုယ်တော်အတွက် ဆောင်ရွက်ခြင်း၌သာလျင်ကုန်လွန်ရပါစေ။ သို့မှသာလျင် လအဆုံးသို့ရောက်သောအခါ ကိုယ် တော်သင်ပြတော်မူသော ပါရမီများကို ဆည်းပူးခြင်းအားဖြင့် ကိုယ်တော်နှင့် တစ်နေ့တစ်ခြားနီးကပ်၍ ကိုယ်တော် အားတစ်နေ့တစ်ခြား ပိုမိုချစ်ခင်နိုင်ပါလိမ့်မည်ဘုရား။

#ကျင့်ရန်။ ။အပြုအမူတိုင်း၌ ယေဇူးနှလုံးတော်၏အလိုတော်နှင့်တစ်လုံးတစ်ဝတည်းထား၍ ပြုလုပ်ရန်။

#ဆုတောင်း။ ။အိုယေဇူး၏ ရွှေနှလုံးတော် အရာခပ်သိမ်းကိုယ်တော်အတွက် ဖြစ်ပါစေ။

#ဥပမာပုံပြင်
မိုးရွာသွန်း၍ မိုးမှောင်ကျသောညဉ့်တစ်ညဉ့်၌တွင် မြို့ကလေးတစ်မြို့၏လမ်းမကြီးတို့၌ လူခြေတိတ်ဆိတ် လျှက်ရှိသည်။ လူတစ်ယောက်သည်တိတ်တဆိတ် ဘုရားကျောင်းရှိရာသို့လာရာ၊ မည်သူတစ်စုံတစ်ယောက်မျှ မရှိ သည်ကိုသိ၍၊ ဘုရားကျောင်းတံခါးသို့ ချည်းကပ်သွားလေ၏။ အနားသို့ရောက်လေသော် ဘုရားကျောင်းတံခါးပွင့် နေသည်ကိုသိရသောအခါ အံ့အားသင့်လျက် သတိကြီးစွာနှင့် အတွင်းသို့ဝင်၍ ဟိုဟိုသည်သည်ကြည့်ရာ၊ မှုံရီမှုံဝါး တောက်နေသည့် ကိုယ်တော်မြတ်ဗိမ္မာန်မှ မီးရောင်လေးမှတစ်ပါး ကျောင်းတစ်ကျောင်းလုံး မည်းမှောင်လျက်ရှိ၏။ ခြေသံမကြားအောင် ဘုရားစင်ခန်းသို့လျောက်သွားလေလျှင် သီချင်းဆိုစင်မြင့်ဆီမှသာယာညင်သာသော သံစုံတီး သံကို ကြားရလေ၏။ ထို အခါသူသည် ရုတ်တရက်လှန့်လျက် ရပ်လိုက်ပြီးလျှင်၊ အသံလာသည့်ဘက်သို့ကြည့်၍ စုံစမ်းပါသော်လည်း၊ မှောင်အတိကျနေသဖြင့် မည်သူ့ကိုမျှမမြင်ရချေ။ ထိုအချိန်မှောင်ရိပ်ထဲ၌ပြင်းပြစွာ တောင်းခံ လျက်ရှိသော ယေဇူးရွှေနှလုံး တော်၏အသံကိုကြားရသည်ကား သင်၏နှလုံးသားကို ငါ့အားပေးလော့။

အကြောင်းမူ ကား ငါသည် စကားအားဖြင့် ထုတ်ဖော်မပြနိုင်သောချစ်ခြင်းဖြင့် သင်၏နှလုံးကိုချစ်တော်မူ၏။
ထိုကြည်နူးဖွယ်သောအသံကို ကြားရသည်နှင့်တပြိုင်နက်တည်း သူသည်ရှက်ကြောက်ဝမ်းနည်းလျက် ဒူး ထောက်၍ မိမိခေါင်းကိုငုံ့ထားလေ၏။ သံစုံဆက်လက်တီးနေသည်ကိုလည်းကြားရ၏။ မိမိသည်အရင်က ရွှေနှလုံး တော်အသင်းသားတစ်ဦးအနေနှင့် ရွှေနှလုံးတော်ပွဲနေ့တွင် ထိုသီချင်းကိုသီဆိုခဲ့ကြောင်း၊ ဆိုသည့်အခါတိုင်း အလွန် ပျော်ရွင်ခဲ့ကြောင်း၊ ၎င်းညဉ့်မှာပင် ယေဇူး၏နှလုံးတော်အား သစ္စာရှိစွာအစေခံပါမည်ဟု ကတိဝန်ခံချက်ပေးခဲ့ ကြောင်း များကိုပြန်လည်သတိရလေ၏။ ယခုမူကားမိမိသည် သစ္စာဖောက်ခဲ့ကြောင်းကိုတွေ့မြင်လေရာ နောင်တ သံဝေဂရလျက် မျက်ရည်စီးယိုငိုကြွေးလေ၏။

ကျောင်းထိုင်ဘုန်းတော်ကြီးသည်လည်းဂီတပညာကိုအထူးနှစ်သက်ရကား နေ့စဉ်ညနေ ဘုရားရှိခိုးကျောင်း မပိတ်မှီယေဇူး၏နှလုံးတော်အား ဓမ္မသီချင်းတစ်ပုဒ်နှင့် ချီးမွမ်းထောမနာ ပြုလေ့ရှိ၏။ သို့ရာတွင်ထိုနေ့ည၌ လူမမာ ကိစ္စနှင့်ကြုံကြိုက်နေသဖြင့် ပြန်လာသည့်အချိန် မိုးချုပ်နေသောကြောင့် လုပ်နေကျသဒ္ဓါကြည်ညိုခြင်းအမှုကို ချန်လှပ်ထားရန် ရည်ရွယ်ခဲ့၏။ သို့သော်မငြင်းဆန်နိုင်သည့် လျှို့ဝှက်အင်အားကြောင့် သူတစ်ပါးမမြင်စေရန် မီးမဖွင့်ပဲ သံစုံကိုတီးခတ်နေခဲ့၏။

သီချင်းပြီးဆုံးသောအခါ ကိုယ်တော်မြတ်စက္ကရမင်တူးတွင် ကိန်းအောင်းတော်မူသော ယေဇူးသခင်အား နှုတ်ဆက်ရန် အောက်သို့ဆင်းခဲ့၍ ဘုရားစင်ဘက်သို့လာလေ၏။ ထိုအခါ မိမိ၏လက်နှိပ်ဓါတ်မီးအလင်းရောင်၌ ဒူး ထောက်၍ခေါင်းငုံ့လျက်ရှိနေသေးသော လူသဏ္ဍာန်ကိုမြင်လေ၏။ ရဟန်းသည် ထိုသူအနားသို့ချည်းကပ်သွား၍ အ ကူအညီတစ်ခုခု အလိုရှိပါသလားဟုမေးလေ၏။ ပါးပြင်ပေါ်တွင် တသွင်သွင်း စီးဆင်းနေသော မျက်ရည်များပြည့် လျက် ရဟန်းတော်ဘက်သို့လှည့်ကာ ကိုယ်တော်ဘုရား တပည့်တော်သည် ကိုယ်တော်၏အသနားကိုမခံထိုက်ပါ။ တပည့်တော် ဤနေရာသို့ရောက်လာခြင်းကား သန့်ရှင်းသောခွက်များကိုခိုးရန်အကြံနှင့်လာခဲ့ခြင်းဖြစ်ပါသည်ဟုဆို ၍ မိမိအိတ်ထဲမှ ခြောက်လုံးပြူးသေနတ်ကိုထုတ်ကာ ဆက်လက်၍ပြန်ပြောသည်ကား ပြင်းပြစွာအမြဲတောင်းခံ လျက်ရှိသောယေဇူးရွှေနှလုံးတော်၏ အသံသည် တပည့်တော်၏အပြစ်များနှင့် သစ္စာဖေါက်ခြင်းများကိုဖော်ပြပါ လာပါသည်။ တပည့့်တော်၏ကြီးလေးသော ကျေးဇူးကန်းခြင်းကို ဘုရားသခင်က အခွင့်ပေးပါမည်လားဘုရား။
ထိုအခါ ရဟန်းက လာပါ။ ကြင်နာခြင်း၏တရားခွင်သို့လာပါ။ ထိုနေရာမှာ သင်၏အပြစ်များကို အခွင့်ပေးရန် အတွက် သင်၏ဝိညာဉ်အပေါ်သို့ မိမိ၏အဖိုးထိုက်လှသော အသွေးတော်ကို သွန်းလောင်းရန်စောင့်နေသောယေဇူး ၏နှလုံးတော်ကိုတွေ့ပါလိမ့်မည်။ ထိုသူသည်ထ၍ ရဟန်းတော်နောက်မှ အာပါတ်ဖြေရာနေရာသို့ လိုက်သွားလေ၏။ ရဟန်းတော်သည် ၎င်းည၌ ကိုယ်တော်မြတ်စက္ကရမင်တူးရှေ့တော်၌ ကြာမြင့်စွာဒူးထောက်၍ ပျောက်သော သိုးသငယ်ကို သိုးခြံသို့ပြန်ခေါ်ရန် မိမိအားကိရိယာတန်ဆာအဖြစ် ရွေးကောက်တော်မူသောဘုရားသခင်အား ကျေးဇူးတင်လေ၏။

ထိုသူမူကားအာပါတ်ဖြေ၍ ကျေးဇူးဆပ်တင်ပြီးနောက် ဘုရားကျောင်းမှထွက်သွားလျက် အနီးအနားရှိမြစ် ထဲသို့ မိမိယူဆောင်လာသော ခြောက်လုံးပြူးနှင့် ကိရိယာတန်ဆာများကို သွား၍ပစ်ချလိုက်လေ၏။ ထိုနောက် မှန် တခါးမှမြင်ရသော ကိုယ်တော်မြတ်မီးရှိရာသို့လှည့်၍ ဦးထုပ်ချွတ်ခါ အရိုအသေပေးလျက် အောက်ပါသီချင်းကလေး ကိုဧကျူးကာထွက်သွားလေ၏။

အိုမြင့်မြတ်လှသော ယေဇူး၏နှလုံးတော် တပည့်တော်ကို ကိုယ်တော်အထံတော်သို့ ဆွဲငင်တော်မူပါ။ ပို၍နီးကပ်အောင်ဆွဲငင်တော်မူပါ။ ရှင်သော်လည်းကောင်း၊ သေသော်လည်းကောင်း၊ ချမ်းသာသော်လည်းကောင်း၊ တပည့်တော်၏နှလုံးသားအား ကိုယ်တော်အား အပြီးအပိုင်အပ်နှံပူဇော်ပါသည် ဘုရား။ အာမင်။

Credit: Printed by Catholic Press, Taungoo. 1961.

Add new comment

5 + 14 =