ဇွန်လ(၁၆)#ဝမ်းမြောက်ခြင်းရှိတော်မူသောယေဇူးရွှေနှလုံးတော်။

ဇွန်လ(၁၆)#ဝမ်းမြောက်ခြင်းရှိတော်မူသောယေဇူးရွှေနှလုံးတော်

ငါ့သား၊ ငါနှင့်ငါ၏ မယ်တော်နှလုံးတော်သည် ချစ်ခင်ညီညွတ်စွာပေါင်းစပ်ခြင်းကား လောက၌ ငါ၏အကြီး ဆုံးသောဝမ်းသာဝမ်းမြောက်ခြင်းဖြစ်သတည်း။ မြတ်နိုးဖွယ်ရာသစ္စာရှိသော သံဇူဇယ်နှင့်ငါ့နောက်သို့လိုက်ရန်အရာ ခပ်သိမ်းကိုစွန့်ပစ်ခဲ့ကြသော တပည့်တော်ကြီး အသီးသီးတို့သည်လည်း ငါ၏ဝမ်းမြောက်ရာအကြောင်းရင်းဖြစ်ကြ ပေသည်။

ရှေးလွန်လေပြီးသောနှစ်ပေါင်းများစွာက သက်သေတော်များသည် ငါ့အားချစ်မြတ်နိုးခြင်းကြောင့် ညှဉ်းပန် နှိပ်စက်ခြင်းများနှင့်သေခြင်းကိုရဲရဲဝံ့ဝံ့ခံထမ်းသွားကြလေသည်။ ရသေ့များသည်လည်း တောကန္တာရသို့သွားရောက် နေထိုင်ပြီးလျှင်တရားကျင့်ကြလေသည်။ မရေမတွက်နိုင်အောင်များပြားလှသောသူတို့သည်လည်း လောကဘောင် ကိုစွန့်ပစ်ကြလျှက် မိမိတို့တသက်တာအတွင်းမှာ ငါ့အားတည်တည်ကြည်ကြည်အစေခံကြလေသည်။ နောင်တသံ ဝေဂရသောသူတို့သည်လည်း မိမိတို့၏အပြစ်များကို အခွင့်ချမ်းသာရပြီးနောက် ရဟန္တာအဖြစ်သို့ရောက်အောင်ကျင့် ကြလေသည်။ ထို့ကြောင့် ဤလူအားလုံးတို့သည် ငါ၏ဝမ်းမြောက်ဝမ်းသာစရာ အကြောင်းရင်းဖြစ်ကြလေသည်။

ငါ၏အသင်းတော်သည်ပြင်းထန်စွာလိုက်လံညှဉ်းပန်းနှိပ်စက်ခြင်းခံရသော်လည်း ယခုတိုင်ဆက်လက်တည် ရှိသည်ကို ငါမြင်ရ၏။ နေ့စဉ်နံနက်တိုင်း မစ္ဆားယဇ်ပူဇော်ခြင်း၌ ငါ၏အသွေးတော်၊ ငါ၏အသားတော်ကိုပူဇော်ကြ၏။ ငါသည်လည်းကိုယ်တော်မြတ်ကို ပင့်ယူသောဘာသာသူတို့၏နှလုံးထဲသို့ ဝမ်းမြောက်ခြင်းနှင့်ကြွဝင်တော်မူ၏။

ငါ့သား၊ သင်သည်လည်းနှေင့်ယှက်ခြင်းများကိုအောင်မြင်သောအခါတိုင်း ငါ၏ကျေးဇူးတော်၌ သစ္စာရှိသော အခါတိုင်း၊ ကိုယ်တော်မြတ်ကိုလာရောက်ဖူးမျှော်သောအခါတိုင်း၊ ကိုယ်တော်မြတ်ကိုလာရောက်ပင့်ယူသောအခါ တိုင်း၊ ငါ၏ရွှေနှလုံးတော်၌သစ္စာရှိသောအခါတိုင်း ငါ၏ရွှေနှလုံးတော်အား ဝမ်းမြောက်ခြင်းကိုထပ်လောင်းဖြည့် ဆွက်ပေးသည်ဖြစ်၍ သင်ဤသို့ပြုလုပ်ခြင်းအတွက်ငါ့ထံမှ ဆုမရပဲနေမည်မဟုတ်ပါ။

အိုချစ်ဖွယ်လှသောယေဇူးသခင်၊ ကိုယ်တော်အား ဤသို့သောဝမ်းမြောက်ခြင်းကိုပေးနိုင်သဖြင့် တပည့် တော်များစွာအားရဝမ်းသာပါသည်။ ယခုမှစ၍ အခွင့်အရေးရတိုင်း ကိုယ့်ကိုယ်ကိုအောင်မြင်ရန်နှင့်ပါရမီများဆည်း ပူးရန် ကြိုးစားအားထုတ်ပါတော့မည်။

#ကျင့်ရန်။ ။ ယနေ့ကိုယ်တော်မြတ်ကို သွားရောက်ဖူးမျှော်ခြင်းဖြင့် တိုးသည်ထက်တိုး၍ယေဇူး၊ ကိုယ်တော် အား ဝမ်းမြောက်ခြင်းဖြစ်ပါစေလော့။

#ဆုတောင်း။ ။ အလွန်သန့်ရှင်းစင်ကြယ်တော်မူသောယေဇူး၏ရွှေနှလုံးတော်၊ ကျွန်ုပ်ကိုသနားတော်မူပါ။

#ဥပမာပုံပြင်

’’ ဘက်(စ်)၊ ဘက်(စ်) ’’ အမယ်လေး ဒီနွားကလည်း ဟိုကိုထွက်သွားပြန်ပြီ၊ ငါနောက်ကျရင် ငါညစာစားရ တော့မယ်မဟုတ်ဟုရေရွတ်ကာ နွားကျောင်းသားကလေးသည်နွားကိုခြံထဲသွင်းရန်ကြိုးစား၏။ ညအတွက်တိရစ္ဆာန် များကိုနေရာတကျ ခြံသွင်းပြီးသောအခါ ဂျွန်သည်မီးဖိုထဲသို့ ဝင်သွားလေ၏။ မီးဖိုထဲ၌လယ်ရှင်ဇနီးသည် အချုပ်ချုပ် နေရာ၊ ဂျွန်ဝင်လာသည်ကိုတွေ့သောအခါ ခုချက်ချင်းမီးဖိုထဲကထွက်သွား၊ ငါကလူပျင်းသူတောင်းစားကိုစောင့်ပြီး ညစာထားမှာမဟုတ်ဖူးဟု ကြမ်းကြမ်းတမ်းတမ်းစကားဖြင့် ဆီး၍ဆိုလိုက်လေ၏။

သူငယ်ကလေးသည် ဝမ်းလည်းနည်း၊ ဆာလည်းဆာလှသဖြင့်နွားနို့ညစ်သောရုံထဲ၌ယခုပင်မိမိထားခဲ့သည့် နွားနို့ကိုယူသောက်ရန်ဆုံးဖြတ်လိုက်လေ၏။ ထို့ကြောင့်ရုံတံခါးကို ဖြည့်ညှင်းသာယာစွာဖွင့်၍ နို့ကိုယူသောက်မည် ပြုစဉ် လယ်သမားကြီးသည် သူ့ကိုပြတွင်းပေါက်မှမြင်လိုက်လေ၏။ ချက်ချင်းပင် လယ်သမားကြီးသည် နှင်တံကို ကိုင်ကာ ဝင်လာလေသည်ကိုသိသဖြင့်၊ ကျွန်တော်သည် ညနေစာမစားရလို့ပါ။ ဘက်(စ်)ကလည်း စားကျက်ထဲမှာ မရှိလို့နောက်ကျတယ်ဟု ပြောသော်လည်း လယ်သမားကြီးသည် စိတ်ဆိုးသောအသံဖြင့် မင်းက သူတောင်းစား၊ ငပျင်း၊ မင်းနွားနို့ကိုကိုင်ဖို့ ငါသင်ပြမ်ဟု ကြိမ်းမောင်းလေ၏။

နောက်ဆုံး၌သူငယ်ကလေးသည် ဝမ်းနည်းခြင်း၊ ဆာလောင်ခြင်းရောပြွမ်းကာဖြင့် မိမိအိပ်ရသောနေရာ အပေါ်ဆုံးထပ်သို့ တက်သွားလေ၏။ မတရားပြုကျင့်ခြင်းကိုခံရ၍လည်း သူ၏နှလုံးသည် များစွာနာကျင်လေ၏။ ထို့ ကြောင့် အိမ်မှထွက်ပြေးရန်ဆုံးဖြတ်လိုက်လေ၏။ ကြမ်းပြင်၌သံပြုတ်နေသော သစ်သားပြားကလေးကို မလိုက်ပြီး လျှင် ကြိုးနှင့်ချည်ထား၍ သေးငယ်သောသားရေ အိတ်ကလေးထည်းထားသည့်သံဗူး ကလေးကိုဆွဲထုတ်လိုက်၏။ သားရေအိတ်ကလေးကို လည်ပင်း၌ဆွဲပြီးလျှင်ကုတင်ပေါ်၌အိပ်ချလိုက်၏။ သို့သော်အအ်ိပ်လွန်၍ မိုးလင်းသွားမည် စိုးသဖြင့် စိတ်ချလက်ချမအိပ်ဝံ့ချေ။ နောက်ဆုံး၌ လှေကားမှတိတ်တဆိတ်ဆင်း၍ အိမ်မှမြန်နိုင်သလောက်မြန်မြန် ထွက်ပြေးလေ၏။ နေထွက်သည့်တိုင်အောင် ထိုလမ်းစဉ်အတိုင်း လျှောက်သွား၍သူဖြတ်သွားသော လယ်ထဲ၌ လူတချို့ ထိုင်နေသည်ကိုတွေ့လေ၏။

သူငယ်သည် တစ်နေ့လုံးမိမိ၏ ဆင်းရဲခြင်းများကို မစဉ်းစားပဲဆက်လက်လျှောက်သွားလေ၏။ ညနေအချိန် သို့ရောက်သောအခါမြို့တမြို့ကိုရောက်၍တည်းခိုစရာနေရာရှာလေ၏။ အစဉ်အတိုင်းလျှောက်သွားရာ နောက်ဆုံး ၌ ဘုရားကျောင်းတစ်ကျောင်းသို့ရောက်ရှိလေ၏။ ဘုရားကျောင်းတံခါးပွင့် နေသောကြောင့် အထဲသို့ဝင်၍လှည့် လည်ကြည့်ရှုရာ အလွန်လှပသောရွှေနှလုံးတော်ဆင်းတုပေါ်သို့ စိုက်ကြည့်မိသဖြင့် ထိုမျှလှပသော ပံမျိုးကိုတစ်ခါမျှ မမြင်ဖူးဘူးဟု ထင်မိလေ၏။ သို့သော် မောပန်းလွန်းသဖြင့်ဘုရားကျောင်းထဲမှာပင် အိပ်ပျော်သွားလေရာ တစ်စုံတစ် ယောက်က သူ၏ခေါင်းကိလာပုတ်မှသာလျှင် ဂျွန်သည်လှန့်နိုးသွားလေ၏။ နိုးလျှင်နိုးချင်း သူ့ကိုပုတ်သောသူသည် လယ်ရှင်ဂျုံးန်စ် ထင်မှတ်သဖြင့် ကြောက်လှန့်ကာအော်လိုက်၏။ သို့သော်ကြင်နာသောအသံဖြင့် မကြောက်ပါနှင့်၊ လူကလေး။ ယခုမင်းအိမ်ပြန်ဖို့အချိန်တော်ပြီ။ ကျွန်ုပ်နောက်ကိုလိုက်ခဲ့။ မင်းအတွက်ဘာလုပ်ပေးနိုင်မည်ကို နောက် မှကြည့်မယ်ဟုပြောသဖြင့် ဂျွန်လည်း မတ်တပ်ရပ်လိုက်၏။ သို့သော်အစာမစားပဲနေရသည်မှာကြာမြင့်ပြီးဖြစ်၍ အား မရှိပဲယိမ်းယိုင်နေသဖြင့် သူမတ်တပ်ရပ်လိုက်သောအခါ ဖာသာရ်ဘာရက်သာ ဆီး၍မဖမ်းလိုက်လျှင် အမှန်ပင်လဲ ကျ သွားပေမည်။

မိနစ်အနည်းငယ်ကြာသောအခါ ရဟန်းတော်သည် မိမိကျောင်း၏ ဧည့်ခန်းသို့ဝင်သွား၍ ထိုင်နေသောမိန်းမ ကြီးတယောက်အား အမေ ဒီမှာအမေ့အတွက်အလုပ်ရပြီ။ ဒီသူငယ်လေးဟာ အားမရှိလို့မူးဝေသွားတယ်ဟု ပြော၍ သူငယ်ကလေးအားညောင်စောင်းကလေးပေါ်၌ ထားခဲ့၏။ မကြာမှီပင်ရဟန်းတော်မိခင်၏ ပြုစုခြင်းဖြင့် မျက်လုံးများ ပွင့်လာပြီးလျှင် ကျွန်တော်ဆာတယ်ဟုပြောလေ၏။ ရဟန်းတော်၏မိခင်သည် ကောင်းမွန်အားရှိသော အစားအစာ ကို ပြင်ဆင်နေစဉ်ရဟန်းတော်သည် နို့တစ်ခွက်ယူလာ၏။ သူငယ်ကလေးသည် ရဟန်းတော်အား သူ့အကြောင်း ပြောပြသည်မှာ သူလေးနှစ်အရွယ်၌သူ့မိဘများသေဆုံးသဖြင့် ဘုရားတရားမသိသော သူ၏အိမ်၌ (၈) နှစ်အထိနေ ရ၏။ သည့်နောက်လယ်သမားဂျုံးသည် သူ့ကိုမွေးစား၏။ ထိုအိမ်၌ ရက်စက်ကြမ်းကြုပ်သော လယ်သမားနှင့်သွား နေရ၏။ သူသည်တပည့်တော်ကိုသားလို့သဘောမထားပဲ ကျွန်ကဲ့သို့ပင်စေခိုင်းခြင်းပြုပါသည်။ သူငယ်ကလေးပြော သွားသောစကားများသည် အောက်ပါစကားများအားဖြင့်ပို၍သက်သေခိုင်လုံ၏။ သူငယ်က ဆက်လက်၍ပြောသည် မှာ ကျွန်တော့အမေသေခါနီး၌ရုပ်ပုံတစ်ခုပေးခဲ့၏။ ထိုရုပ်ပုံကိုအမြဲဆောင်ထားရန် ကျွန်တော့ကိုကတိထားခိုင်းပါ သည်ဟုပြော၍ သူ၏လည်ပင်း၌ဆွဲထားသောသားရေအ်ိတ်ကလေးကိုဆွဲထုတ်ပြီး အထဲမှရွှေနှလုံးတော်ပုံကိုကြည့် ၍ ဒီလိုဆိုရင် မင်းက ကက်သလစ်ဖြစ်တာပေါ့ဟုပြောရာ သူငယ်ကလေးက မသိဘူး၊ ဒါကဘာကိုဆိုလိုတာလဲမသိ ဘူး၊ ဒါပေမဲ့ကျွန်တော့အမေဖြစ်သလိုပဲ ကျွန်တော်ဖြစ်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့အမေကသိပ် ကောင်းတာပဲဟု ပြောလေ၏။ ရဟန်းတော်၏မိခင်က ကြင်နာစွာဖြင့်၊ ကောင်းပြီ၊ ယခုအိပ်ယာသို့မင်းသွားရမယ်။ နောက်မှ ရဟန်းတော်ကမင်းအတွက်စီမံပေးလိမ့်မယ်ဟုပြောလျှက် အပေါ်ထပ်သို့ခေါ်သွားလေ၏။

ဖာသာရ်ဘာရက်သည် အာဏာပိုင်သူတို့နှင့် တိုင်ပင်စီမံ၍ ထိုကလေးကိုကြည့်ရှုရန်တာဝန်ယူလိုက်၏။ သူ့အားပညာသင်ပေးရာတွင် အလွန်ညာဏ်ထက်မြက်သည်ကိုတွေ့ရ၏။ သူငယ်ကလေးသည် သူ၏ကျေးဇူးရှင်များ အားကူညီလုပ်ကိုင်ရန် မတင်းတိမ်နိုင်ပဲ ရဟန်းတော်၏မိခင်အား ကူညီလုပ်ကိုင်ရန်ဟိုဟိုဒီဒီ အမြဲအရိပ်ကြည့်နေ၏။ တည၌ ရဟန်း၏မိခင် မစ္စစ်ဘာရက်က သူ့သားအား ညနေစာစားပြီးတိုင်း ဂျွန်ဘယ်ကိုသွားသလဲမသိဘူးဟု ပြော နေစဉ် တယ်လီဖုန်းသံမြည်လာ၏။ လူမမာခေါ်သည်ဖြစ်၍ ကိုယ်တော်မြတ်ယူရန် ဘုရားကျောင်းသို့သွားသောအခါ ဂျွန်သည် ဘုရားကျောင်း၌ဒူးထောက်ဆုတောင်းကာမေတ္တာဆိုနေသည်ကိုတွေ့သဖြင့် သူ့အပေါ်၌စဉ်းစားနေကြ သောပြသနာကြီးသည် ရှင်းလင်းသွားလေတော့သည်။

နှစ်များလည်းကုန်လွန်လေပြီ။ ရွှေနှလုံးတော်ပွဲနေ့၌ ဘုရားကျောင်းကိုခါတိုင်းထက် ပို၍လှလှပပပြင်ဆင် ထား၏။ အကြောင်းမူကား ဂျွန်သည်ပထမဦးဆုံး မစ္ဆားတရားဟောရန်ဖြစ်လေသည်။ ဖာသာရ်ဘာရက်မူကား ဝမ်း မြောက်ခြင်းနှင့်ပြည့်လျှက်ရှိလေသည်။ သူသည်သြဝါဒပေးရန်စင်ပေါ်သို့တက်သွား၍ မိမိ၏သြဝါဒထဲ၌ ငယ်ရွယ် သောမိခင်တစ်ဦးသည် မိမိ၏ကလေးအားအမွေပစ္စည်းထားခဲ့သည်မှာ ရွှေလည်းမဟုတ်၊ ငွေလဲမဟုတ်၊ သို့သော် ရွှေနှလုံးတော်သည်မိမိ၏ကလေးအား စောင့်ရှောက်ရန် မေတ္တာတိုပါသောရွှေနှလုံးတော်ရုပ်ပုံကလေးကို ထားခဲ့ပေး ၏။ သူမ၏ယုံကြည်ကိုးစားခြင်းသည် အကျိုးမဲ့မဖြစ်ချေ။ များမြောင်သောဒုက္ခအခက်အခဲကြားထဲ၌ ရွှေနှလုံးတော် သည်မိမိ၏ဤသိုးငယ်ကလေးအားအစဉ်လမ်းပြလျှက်ယခုဘုရားစင်ထက်သို့ရောက်ရှိသည့်တိုင်အောင်ခေါ်ဆောင် လာခဲ့၏ဟု ရဟန်းတော်အသစ်ကလေး ဂျွန်ကိုအကြောင်းပြု၍ ပြောလေ၏။

မစ္ဆားတရားတော်လည်းပြီးဆုံးပြီဖြစ်၍ ဘာသာသူများလည်းမိမိတို့အိမ်သို့ အသီးသီးးပြန်ကြလေ၏။ ရဟန်းတော်နှစ်ပါးမှာ ရွှေနှလုံးတော်ဆင်းထုရှေ့၌ဒူးထောက်၍ ကျွန်ုပ်တို့သည် ရွှေနှလုံးတော်၏သနားတော်မူခြင်း ကို အမြဲသီဆိုဂုဏ်ပြုမည်ဟု ရွတ်ဆိုကြလေ၏။

Credit: Printed by Catholic Press, Taungoo. 1961.

 

Add new comment

4 + 0 =