စိန့် ဘရူနိုပွဲနေ့

Feast of St. Bruno (c.1033 - 1101) စိန့် ဘရူနိုပွဲနေ့

စိန့်ဘရူနိုကို အေဒီ ၁၀၃၀ ခုနှစ်၊ ဂျာမဏီနိုင်ငံ ကိုလုံးမြို့တွင် ဖွားမြင်ခဲ့ပြီး ပညာသင်ချိန်တချို့ကိုတော့ Remis မြို့မှာပဲ ကုန်ဆုံးခဲ့ပါတယ်။ အေဒီ ၁၀၅၅ ခုနှစ်မှာတော့ St. Cunnibert တည်ထောင်တဲ့ cannon အသင်းဂိုဏ်းရဲ့ သစ္စာခံ ရဟန်းတစ်ပါးဖြစ်လာခဲ့ပါတယ်။ Remis မြို့မှာပဲ ဆရာတော်ပိုင် ပညာသင်ကျောင်းရဲ့ ကျောင်းအုပ်တာဝန်ကို နှစ်ပေါင်း ၂၀ တိုင်အောင် ထမ်းဆောင်ခဲ့ပါတယ်။ အေဒီ ၁၀၇၅ ခုနှစ်မှာတော့ Remis သာသနာရဲ့ မော်ကွန်းထိန်းတာဝန်ပေးအပ်ခြင်းခံရပြီး သာသနာရဲ့ စီမံအုပ်ချုပ်ရေးရာကဏ္ဍအတွက် မိမိကိုယ်ကို ဆက်ကပ်အပ်နှံခဲ့ပါတယ်။ ထိုအချိန်က သာသနာပိုင်ဂိုဏ်းအုပ်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဆရာတော် Manasses de Gournai ဟာ ဘာသာတရားပေါ့လျော့ပြီး အကျင့်ပျက်ခြစားပြီး ခက်ခက်ထန်ထန်နဲ့ သာသနာကိုအုပ်ချုပ်နေခဲ့တယ်။ ဒါကို Fr Bruno နဲ့ တခြားသောရဟန်းတွေက ဝိုင်းဝန်းထောက်ပြကြမှုကြောင့် the Council of Autun မှာ အဲသည်ဆရာတော်ကို တာဝန်မှ ဆိုင်းငံ့ဒဏ်ချမှတ် အရေးယူနိုင်ခဲ့ပါတယ်။ အဲသည်လို အရေးယူတာကို မကျေနပ်တဲ့ ဆရာတော် Manasses ကတော့ သူ့ကို စွပ်စွဲစူတွေရဲ့ နေအိမ်တွေကို လိုက်လံ ဖြိုဖျက်ပြီး သူတို့ပိုင်ပစ္စည်းတွေကို အတင်းအဓမ္မသိမ်းယူခဲ့ပါတယ်။ အေဒီ ၁၀၈၀ ခုနှစ်မှာတော့ ရဟန်းမင်းကြီးရဲ့ အဆုံးအဖြတ်ပေးမှုနဲ့အတူ ဆရာတော် Manasses အား ဆရာတော်အရိုက်အရာမှ အပြီးအပိုင် ဖြုတ်ချနိုင်ခဲ့ပါတယ်။ လစ်လပ်နေတဲ့ ဆရာတော် အရိုက်အရာအတွက် Fr Bruno ဟာ သာသနာကို ထိန်းကျောင်းနိုင်ရန် ယုံကြည်အားထားရမှု၊ အတွေ့အကြုံရှိမှုတို့ ပိုင်ဆိုင်ထားတာကြောင့် ဆရာတော်လောင်းလျာအဖြစ် ရေပန်းစားခဲ့ပါတယ်။ သို့ပေမယ့် ၁၀၇၇ ခုနှစ်မှာ ညီအစ်ကို cannon ရဟန်း၂ပါနဲ့အတူ လောကီရေးရာကို အပြီးအပိုင်စွန့်ပြီး ကျင့်ကြံနေနိုင်ဖို့ သစ္စာသုံးခံခဲ့ကြပါတယ်။ သို့ပေမယ့် အဲသည်အချိန်က ထိုသစ္စာသုံးပါခံပြီး လောကီနဲ့အဆက်ဖြတ်ခါ ကျင့်ကြံဖို့ အခြေနေမပေးခဲ့ပါဘူး။ အဲသည်လို အခက်အခဲကြားကပဲ Fr Bruno ဟာ သီတင်းသုံးရာကျောင်းဆောင်ကို စွန့်ခွာပြီး Molesme မှာရှိတဲ့ St. Robert နဲ့တွေ့ဆုံပြီး Cistercian အသင်းဂိုဏ်းဝင်ဖြစ်လာမည့် နောက်လိုက်များကိုလည်း သူနဲ့အတူ စုဆောင်းနိုင်ခဲ့ပါတယ်။ ဒါဟာလည်း သူ့အတွက် ဘုရားရှင်ရည်ရွယ်ထားတဲ့ ခေါ်တော်မူခြင်းအစစ်အမှန်မဟုတ်ခဲ့ပြန်ပါဘူး။ ၁၀၈၄ခုနှစ်မှာတော့ သူရဲ့အပေါင်းအပါ ၆ ပါးနဲ့အတူ Grenoble သာသနာပိုင်ဆရာတော် St. Hugh ထံ အပြီးအပိုင်အပ်နှံကြပြီး မတ်စောက်တဲ့ ကျောက်ဆောင်တွေရှိရာ Chartreuse ဆိုတဲ့အရပ်မှာ အခြေချခဲ့ကြပါတယ်။ ထိုအရပ်မှာပဲ ကျောင်းဆောင်ဆောက်ပြီး ဆုတောင်းခြင်းနဲ့ ဓမ္မပညာလေ့လာခြင်း၊ ဥပုဒ်ဆောက်တည်ခြင်း၊ ဆင်းရဲအကျင့်, ကျင့်ခြင်းတို့အားဖြင့် ဘဝကိုမြုပ်နှံခဲ့ပါတယ်။ ၁၀၈၈ ခုနှစ်မှာတော့ Remis မြို့ရှိ Fr Brunoရဲ့ တပည့်တစ်ပါးဟာ ရဟန်းမင်းကြီး Pope Urban II ဖြစ်လာပြီး အရင်ရဟန်းမင်းကြီး Gregory VII ရဲ့သာသနာတော် ပြုပြင်ပြောင်းလဲခြင်း လုပ်ငန်းစဥ်ကို ဆက်လက် အကောင်အထည်ဖော်ခဲ့ပါတယ်။ ၁၀၉၀ ခုနှစ်မှာတော့ ရဟန်းမင်းကြီး Urban IIမှ Fr Bruno အား သူ့ကိုကူညီရန်အတွက် ရောမမြို့သို့ ဆင့်ခေါ်ခဲ့ပါတယ်။ ထိုအချိန်မှာပဲ Reggio သာသနာပိုင်ဆရာတော်အဖြစ်ထပ်မံရွေးချယ်ခြင်းခံခဲ့ရပေမယ့် သူ့တပည့်တွေထဲက တစ်ဦးအား ပြန်လည်အစားထိုးပေးအပ်ခဲ့တာကြောင့် ဆရာတော်ဖြစ်ရန် ကင်းလွှတ်ခွင့်ရခဲ့ပြန်ပါတယ်။ အဆုံးမှာတော့ သူ့ရဲ့ဧကစာကျင့်စဥ် (Solitary Life)ကိုပြန်လည်ကျင့်ကြံနေထိုင်သွားနိုင်ရန်အတွက် ရဟန်းမင်းကြီးကို တောင်းခံဖျောင်းဖျနိုင်ခဲ့ပါတယ်။ အဲသည်နောက် Calabria ရှိ Squillace သာသနာရှိ ရသေ့ကျောင်းဆောင်သစ်တစ်ခု တည်ထောင်နိုင်ခဲ့တာကြောင့် Carthusian အသင်းဂိုဏ်းဖြစ်လာဖို့ရန်အတွက် မျိုးစေ့အစပျိုးပေးနိုင်ခဲ့ပါတယ်။ Fr Bruno ဟာ အေဒီ ၁၁၀၁ ခုနှစ် အောက်တိုဘာလ ၆ နေ့မှာကွယ်လွန်ခဲ့ကာ ရဟန်းမင်းကြီး Leo Xမှ ရဟန္တာအဆင့်တင်မြှောက်ပေးခဲ့ပါတယ်။ အေဒီ ၁၆၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ နေ့မှာ ရဟန်းမင်းကြီး Gregory- XV မှ St. Bruno၏ ပွဲနေ့အား အောက်တိုဘာလ ၆နေ့တွင်ကျင်းပရန် ရိုမင်ကက်လစ် ပြက္ခဒိန်၌ထည့်သွင်းပေးခဲ့ပါတယ်။

 

Add new comment

6 + 3 =