စိန့် ဂျွန်ဘဲ့ချ်မန်းစ် ပွဲနေ့

စိန့် ဂျွန်ဘဲ့ချ်မန်းစ် ပွဲနေ့

St. John Berchmans, (1599-1621)

စိန့်ဂျွန်ဘဲ့ချ်မန်း(စ်)ဟာ မစ္ဆားမှာ တရားထောက်လူငယ်များကို စောင့်ရှောက်တဲ့ ရဟန္တာ ဖြစ်ပါတယ်။ သူဟာ နာခံခြင်းနဲ့အတူ အလွန်ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်တယ်။

သူ့ကို ၁၅၉၉ ခုနှစ် ဘယ်(လ်)ဂျီယံနိုင်ငံ မြို့ကလေးတစ်မြို့မှာ ဖိနပ်လုပ်ပြီး ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားခဲ့ပါတယ်။ ကလေးဘဝကစတင်ပြီး မစ္ဆားတရား နာခြင်းနဲ့ စိပ်ပုတီးစိပ်ခြင်းတွေမှာ အလွန်စိတ်အားထက်သန် ခဲ့ပါတယ်။ သူ့အသက် ၇-နှစ်အရွယ် ကျောင်းကနေအပြန်မှာ ဘုရားကျောင်းထဲ ဝင်ပြီး မစ္ဆားတရားမှာ တရားထောက် တတ်အောင် သင်ယူခဲ့ပြီး တရားထောက်ဖို့ မနက်အစောကြီး ၅-နာရီမှာ ဘုရားကျောင်းသွားလေ့ ရှိပါတယ်။ သူနဲ့ တရားထောက်တဲ့ လူငယ်များက သူ့ရဲ့ ကိုယ်တော်မြတ်ကို အရိုအသေပေးမှုနဲ့ ဘုရားတရားရှိမှုတို့အတွက် လေးစားအားကျခဲ့ကြပါတယ်။ သူ့အသက် ၉-နှစ်သားအရွယ်မှာ သူ့ရဲ့မိခင် နာတာရှည်ရောဂါ ခံစားခဲ့ရတယ်။ ဒါကြောင့် သူကျောင်းတက်ချိန်ကလွဲပြီး အချိန်ရှိသမျှ ဝေဒနာခံစားနေရတဲ့ မိခင်ကို ပြုစု စောင်ရှောက်ခဲ့ပါတယ်။ ရဟန်းဖြစ်ချင်တာကြောင့် ဘုန်းတော်ကြီး အကူအညီနဲ့ လူငယ်များအား ရွေးချယ်ပျိုးထောင်ပေးတဲ့ ကျောင်းမှာ ၃-နှစ်နေထိုင်ခဲ့ပါတယ်။

နောက်ပိုင်း ဂျက်ဇွစ်အသင်းဂိုဏ်းဖွင့်လှစ်ထားတဲ့ ကော်လိပ်မှာ ပညာသင်ယူရင်း ဂျက်ဇွစ်ဘုန်းကြီးတွေကို အားကျတာကြောင့် ဂျက်ဇွစ်ဘုန်းကြီး တစ်ပါးဖြစ်ဖို့ သူစိတ်ဆုံးဖြတ်ခဲ့ပါတယ်။ ကော်လိပ်ကျောင်းမှာလည်း အတော်ဆုံးကျောင်းသား ဖြစ်လာခဲ့ပါတယ်။ သူ့အဖေက ဂျက်ဇွစ်ကို ဝင်ဖို့ အားမပေးခဲ့ပေမယ့် တားမရတဲ့အဆုံးမှာ ခွင့်ပြုခဲ့ပါတယ်။ သူဟာ ၁၆၁၆-ခုနှစ်မှာ ရောမမြို့ရှိ ဂျက်ဇွစ် (Jesuit Novitiate) ရဟန်းလောင်းများ စတင်တဲ့ ကျောင်းကို ဝင်ရောက်ခဲ့ပါတယ်။ သူ့ကို ပေးအပ်တဲ့ အလုပ်ကို နှိမ့်ချခြင်း၊ နာခံခြင်းအပြည့်နဲ့ လုပ်ဆောင်ခဲ့ပါတယ်။ သူဟာလက်ဝါးကပ်တိုင်၊ စိပ်ပုတီးနဲ့အတူ ဂျက်ဇွစ်(Jesuit) အသင်းဂိုဏ်းရဲ့ စည်းမျဉ်း ဥပဒေစာအုပ်တို့ကို ရင်ဘတ်မှာ အပ်လျက် “ဒါတွေဟာ ကျွန်ုပ်ရဲ့ရတနာ (၃)ပါးဖြစ်တယ်။ ဒီရတနာတွေနဲ့ အတူ ကျွန်ုပ်ဝမ်းမြောက်စွာ သေလိုပါတယ်” လို့ ပြောလေ့ ရှိပါတယ်။ သူဟာ စိန့်အလွိုက်ရှပ်(စ်)ဂွန်ဇာဂါကို သူ့ရဲ့စံပြရဟန္တာအဖြစ် လိုက်ကျင့်ခဲ့တယ်။

ဘဲ့ချ်မန်း(စ်)ဟာ စာပေထူးချွန်တာကြောင့် သခင်ယေဇူးအကြောင်းကို တိုက်ခိုက်သူတွေနဲ့ စကားရည်လုပွဲ လုပ်ပြီး အနိုင်ယူခဲ့ပါတယ်။ သူစာသင်နေချိန်မှာ ဂျက်ဇွစ်ကိုရင် ဘဝနဲ့ စာသင်နေချိန်မှာ အမည်မသိ ရောဂါနဲ့ နာမကျန်းဖြစ်လာခဲ့ပါတယ်။ သူ့မျက်စိက လက်ဝါးကပ်တိုင်ပေါ်မှာ အာရုံပြုရင်းနဲ့ပဲ ပျံလွန်တော်မူ ခဲ့ပါတယ်။ ၁၈၈၈-ခုနှစ်မှာ ရဟန်းမင်းကြီး တေရသမြောက် လေအို (Leo XIII, 1878-1903)က သူ့ကို သူတော်စင်အဖြစ်တင်မြောက်ခဲ့ပါတယ်။ သူဟာ တရားထောက်လူငယ်များ၊ ကိုယ်တော်မြတ်စက္ကရမင်တူးနဲ့ မယ်တော်ကိုချစ်မြတ်နိုးသော လူငယ်တို့အား မှိုင်းမတော်မသော သူတော်စင်ဖြစ်ပါတယ်။ ဂျွန်ဘဲ့ခ်မန်း(စ်)က...

“ကျွန်ုပ်ငယ်ရွယ်စဉ်မှာ ရဟန္တာ မဖြစ်နိုင်လျှင် ဘယ်အခါမှ မဖြစ်နိုင်တော့ပါ။"

ဟုဆို ခဲ့ပါတယ်။ ဒါကြောင့် ရဟန်းဖြစ်လိုသူများနှင့်၊ သစ္စာ(၃)ပါးခံ သာသနာ့ဘောင်ကို ဝင်လိုသူများဟာ ရည်မှန်းချက် အောင်မြင်ရေးအတွက် သူ့ဆီကနေတဆင့် ဆုတောင်း ကြပါတယ်။ သူ့ရဲ့ပွဲနေ့ကတော့ နိုင်ဝင်ဘာလ (၂၄)ရက်နေ့နဲ့ သြဂုတ်လ (၁၃)ရက်နေ့ ဖြစ်ပါတယ်။

စိန့်ဂျွန်ဘဲ့ချ်မန်း(စ်) ကျွန်ုပ်တို့အဖို့ငှာ ဆုတောင်းပေးမူပါ။ အာမင်။

 

Add new comment

1 + 0 =