စိန့်ရီတာပွဲနေ့ (ကာစီးယား) မေလ ၂၂ ရက်

စိန့်ရီတာပွဲနေ့ (ကာစီးယား)
မေလ ၂၂ ရက်

စိန့်ရီတာ St. Rita of Cascia သည် လေးစားဖွယ် အိမ်ထောင်ရှင် အမေဘဝမှ မုဆိုးမဘဝကို ခက်ခဲစွာ ဖြတ်ကျော်ကာ သီလရှင်တစ်ပါး ဖြစ်လာခဲ့သည်။ သူမကို မဖြစ်နိုင်သည့်အရာများ၊ အိမ်ထောင်ရေး ပြဿနာရှိသူများ၊ရင်သွေးရတနာလိုချင်များနှင့် မိဘများ၏ ခိုလှုံအားကိုးရာ ရဟန္တာ တစ်ပါးဖြစ်သည်။

*စိန့်ရီတာကို အီတလီနိုင်ငံ၊ ရိုဂတ်ပိုလဲနာတွင် မွေးဖွားခဲ့ပြီး သူမငယ်စဥ်ကပင် ဘုရားတရား ကိုင်းရှိုင်းခဲ့သူဖြစ်၏။ သူမသည် သီလရှင် တစ်ပါးဖြစ်ရန် ဆန္ဒပြင်းပြခဲ့သော်လည်း သူမ၏မိဘများက ရိုးရာဓလေ့အတိုင်း အိမ်ထောင်ပြုခိုင်းသည်ကို ရိုသေလေးစားစွာ နာခံခဲ့သူဖြစ်သည်။ သူမ၏ အမျိုးသား ပေါ်လုမှာ ရက်စက်သည့်စရိုက်ရှိသည်ကိုလည်း သည်းခံပေါင်းသင်းခဲ့သဖြင့် ပေါ်လုမှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့၏။ အိမ်ထောင်သက် ၁၈နှစ်အတွင်း သားရတနာနှစ်ဦးကို မွေးဖွားသန့်စင်ပေးခဲ့၏။

*ထိုအချိန်တွင် ရီတာနေထိုင်သည့်ဒေသ၌ မိသားစုများအကြား တိုက်ခိုက် သတ်ဖြတ်၊ ရန်ငြိုးထား ကလဲ့စားချေသည့်ဓလေ့ကြောင့် သူမ၏အမျိုးသားပေါလုလည်း အသတ်ခံခဲ့ရသည်။ ရိုးရာအရ သူတို့၏ ဖခင်အတွက် ကလဲ့စားချေလိုသည့် သားနှစ်ဦးကိုလည်း ရန်သူကိုခွင့်လွှတ်ရန်၊ မပြီးဆုံးနိုင်သည့် အမုန်းတရားနှင့် ကလဲ့စားချေ တတ်ဖြတ်ခြင်း မပြုကြရန် ဆုံးမပဲ့ပြင်ခဲ့၏။ မျှော်လင့်ဘဲ သူမ၏ သားနှစ်ဦးလည်းရောဂါကြောင့် သေဆုံးခဲ့ကြရပြန်သည်။ သူမသားနှစ်ဦး ဆုံးရှုံးပြီးနောက် ကာစီယားရှိ စိန့်ဩဂုတ်စတင်း သီလရှင်ကျောင်းသို့ ဝင်ခွင့်တောင်းခဲ့သော်လည်း မရခဲ့ချေ။ သူတိုသည် ရီတာ၏ ရိုသား ဖြူစင်သည့် စိတ်ဓာတ်၊ ဘုရားတရား ကိုင်းရှိုင်းမှုတို့ကို အသိအမှတ်ပြုကြသော်လည်း ထိုအချိန်၌ ကျင့်သုံးသည့် မိသားစုရန်ငြိုးနှင့် ပတ်သက်၍ စိုးရိမ်ကြခြင်း ဖြစ်သည်။

*ထိုကြောင့် ရီတာသည် သူ့အမျိုးသားကို သတ်ကြသည့် မိသားစုအိမ်သို့ သွားရောက်ကာ သူတို့ကို ခွင့်လွှတ်ကြောင်းနှင့် မိသားစု ရန်ငြိုးထားခြင်းကို စွန့်လွှတ်ကြရန် တောင်းဆိုခဲ့သည်။ ထို့အပြင် သူမဆုတောင်းနေစဥ်တွင် စိန့်ဩဂုတ်စတင်း၊ စိန့်နီကော်လာစ်နှင့် စိန်ယောဟန် ဗတ္တိစ်စတားတို့ သူမရှေ့ပေါ်လာပြီး သူမသီလရှင်ကျောင်းသို့သွားရန်နှင့် သူမကို သီလရှင်ကျောင်းဝင်နိုင်အောင် ကူညီပေးမည်ဟု ကတိပေးပြောဆိုကြသည်ဟု ဆိုသည်။ သီလရှင်အကြီးအကဲက သူမကို သီလရှင်ကျောင်းတွင် လက်ခံခဲ့သည်။

*သီလရှင်ကျောင်း၌ နှစ်(၄၀)အတွင်း အစာရှောင်ဆုတောင်းခြင်း၊ ဒဏ်ဆပ်ဖြေခြင်းနှင့် ကရုဏာရေး လုပ်ငန်းများကို ထိရောက်စွာကျင့်ကြံ နေထိုင်ခဲ့သည်။ သူမသည် သခင်ယေဇူး၏ ဒုက္ခစရီယာ အကြောင်းကို မကြာခဏ ထောက်ရှု ဆုတောင်းတတ်၏။ သူမအသက် (၆၀)တွင် သူမ၏ နဖူးပေါ်၌ ဒဏ်ရာတော်များပေါ်လာပြီး ထိုဒဏ်ရာမှာ သခင်ယေဇူး၏ ခေါင်းဆူးဗောင်းမှ ဒဏ်ရာများ ဖြစ်နိုင်သည်ဟု ထင်မှတ်ကြသည်။ ဖျားနာသည့် သီလရှင်များကို ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ပြုစုစောင့်ရှောက်ခဲ့သည်။ သူမထံလာကြသူများကိုလည်း အကြံဉာဏ်ကောင်းများ ပေးခဲ့၏။ သူမသည် ၁၄၅၆ခုနှစ် မေလ(၂၂)ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။

သူမ၏ မပျက်စီးသည့် ရုပ်ကလာပ်ကို အီတလီနိုင်ငံ St. Rita in Cascia ဘုရားရှိခိုးကျောင်းတွင် ထားရှိပြီး မှန်ဘောင်အတွင်း ထည့်ထားသည့် သူမရုပ်ကလာပ် မျက်လုံးပွင့်-ပိတ်စသည့် အနေအထား ပြောင်းလဲသည်ကို တွေ့မြင်ကြသည် ဟုဆိုသည်။ ၁၉၀၀ခုနှစ် မေလ ၂၄ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး Leo VII က ရဟန္တာအဖြစ် တင်မြှောက် ခဲ့ပါသည်။

#ထောက်ရှုရန်။
*စိန့်ရီတာသည် သူမ၏ စိတ်ဆန္ဒကို ချိုးနှိမ်ကာ မိဘများ၏ အစီအစဥ်နှင် ဆုံးမစကားများကို ဘုရားသခင်နေရာထားပြီး နာခံ လိုက်နာခဲ့သည့် အတုယူဖွယ် ရဟန္တာ ဖြစ်သည်။

*စရိုက်ကြမ်းသည့် သူ့မ၏ အမျိုးသားကို ချစ်ခြင်းမေတ္တာဖြင့် သည်းခံလျက် ပြောင်းလဲပေးနိုင်ခဲ့သည်။ ကျွန်ုပ်တို့ စရိုက်ကြမ်းသူများကို သည်းမခံနိုင်သည့်အခါ သူမကို သတိရပြီး ခွန်းအားယူနိုင်သည်။

*သားနှစ်ဦးကို ရန်ကိုရန်နှင် မတုန့်ပြန်ဘဲ ခွင့်လွှတ်ရန် ဆုံးမပဲ့ပြင်ခဲ့သည့်အပြင် သူမကိုယ်တိုင်လည်း သူမ၏ အမျိုးသားတတ်သည့် မိသားစုကို ခွင့်လွှတ်ခဲ့သည်။ ခရစ်ယာန်များ၏ ခွင့်လွှတ်ခြင်း ပါရမီကျင့်ပုံကို ရဟန္တာများက ပုံသက်သေပြလျက် ရှိပြီး ခွင့်မလွှတ်နိုင်သည့်အခါတိုင်း ရဟန္တာများမှ တဆင့် လိုအပ်သည့်ပါရမီများကို တောင်းလျှောက်အတုယူသင့်ပါသည်။

(✍️ ထန်းဟာ,SJ)
Source: Catholic Online, CNA, Franciscan Media & others
#KyeseMyanmar #AMDG #Catholic

Add new comment

4 + 12 =