စိန့်ဂျိုးဇက် (သံဇူဇယ်) ပွဲနေ့ မတ်လ (၁၉)

စိန့်ဂျိုးဇက် (သံဇူဇယ်) ပွဲနေ့ မတ်လ (၁၉)

St. Joseph (Spouse of the Blessed Virgin Mary)

စိန့်ဂျိုးဇက် (သံဇူဇယ်)ကို မယ်တော်ရဲ့ခင်ပွန်းသည်၊ အလုပ်သမားများနဲ့ ဒုက္ခသည်တို့ကို စောင့်ရှောက်သူ၊ အသင်းတော်ကို ကာကွယ်စောင့်ရှောက်သူ၊ သန့်ရှင်းသောအိမ်ထောင်စုရဲ့ ပါရမီရှင်နဲ့ ဘုရားရှင်ရဲ့ အလိုတော်ကို တိတ်ဆိတ်စွာ လုပ်ဆောင် ကူညီတတ်သူစသည်ဖြင့် ဂုဏ်ပုဒ်အမျိုးမျိုးနဲ့ အတုယူ စံပြုထိုက်တဲ့ ရဟန္တာ တစ်ပါးဖြစ်ပါတယ်။

စိန့်ဂျိုးဇက်ဟာ သခင်ယေဇူးကို ထိန်းကျောင်းပေးတဲ့ဖခင်နဲ့ အမိမယ်တော်မာရီးယားရဲ့ ခင်ပွန်းသည် ဖြစ်ပါတယ်။ သမ္မာကျမ်းမှာ မာရီးယားနဲ့ လက်မထပ်ခင်မှာ အိမ်မက်ရူပါရုံကို လက်ခံရရှိပြီး မာရီးယားနဲ့ သခင်ယေဇူးကို စောင့်ရှောက် ခဲ့ကြောင်း သံမာတေဦးနှင့် သံလူကား ဧဝံဂေလိကျမ်းမှာ သူ့အကြောင်း အနည်းငယ်သာ ဖော်ပြထားပါတယ်။ စိန့်ဂျိုးဇက်ဟာ သန့်ရှင်းသော အိမ်ထောင်စုကို အသက်ရန်ရှာသူတွေ ရှိခဲ့တာကြောင့် ဒုက္ခသည်အဖြစ် မိုင်းပေါင်းများစွာ ဝေးလံတဲ့အီဂျစ်ပြည်ကို ထွက်တိမ်းရှောင် ခဲ့ရပါတယ်။

သူဟာ နှိမ့်ချခြင်း၊ နာခံခြင်းနဲ့ ဖြူစင်ခြင်း ပါရမီတွေနဲ့အတူ ခက်ခက်ခဲခဲ ဘဝကိုကြိုးစား ရုန်းကန်း ခဲ့ရပါတယ်။ Apocryphal ကျမ်းမှာ သူ့အကြောင်း စိတ်ဝင်စားစရာ တွေ့ရပြီး သူဟာ ဘုရားတရားကြည်ညိုသူ၊ ရိုးသားဖြောင့်မတ်သူ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ စိန့်သောမတ် အကွိုင်းနက်ရဲ့ ရေးသားချက်ထဲမှာ မာရီးယားနဲ့ ဂျိုးဇက်တို့ နှစ်ဦးသဘောတူ ကတိထားပြီးမှ သိကြားမင်း ဂါဗြီအဲလ် အမိန့်ပြန်ခဲ့တယ်လို့ ဆိုထားပါတယ်။

စိန့်ဂျိုးဇက်ကို သဒ္ဒါကြည်ညိုသူတွေ အများအပြား ရှိခဲ့ပြီး တစ်ချို့ ရဟန္တာတွေ ဖြစ်လာခဲ့ကြပါတယ်။ စိန့်ထရေဇားက စိန့်ဂျိုးဇက်အား သဒ္ဒါကြည်ညိုပြီး သူမကို ကူညီသူအဖြစ် အားကိုး အတုယူခဲ့ပါတယ်။ ကာမယ်လိုက်ဂိုဏ်းအား အသစ်ပြုပြင်ရာမှာ စိန့်ဂျိုးဇက်ကို ကိုးစားခဲ့တယ်။ ဒါကြောင့် ၁၆၈၉ -ခုနှစ်မှာ အသင်းဂိုဏ်း အောင်မြင်ခြင်းအတွက် ရဟန္တာအား ကိုးစားပြီး ပွဲကျင်းပ ပေးခဲ့ပါတယ်။

အသင်းတော်ရဲ့ သမိုင်းမှာ ပထမအကြိမ် ဗာတီကန် အစည်းအဝေးအပြီး (၁၈၆၉ - ၁၈၇၀)ခုနှစ်မှာ ဂိုဏ်းချုပ် ဆရာတော်ကြီးများ (၃၀၀)ပါး တွေ့ဆုံကာ စိန့်ဂျိုးဇက်ကို "အသင်းတော်ကို ကာကွယ်စောင့်ရှောက်သူ" အဖြစ် ကြေငြာဖို့ သဘောတူညီခဲ့ကြပါတယ်။ ၁၈၇၀- ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ပီအူးစ် (၉)က အသင်းတော် တစ်ခုလုံးကို တရားဝင် ကြေညာလိုက်ခဲ့ပါတယ်။ ၁၉၅၅-ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ပီအူးစ် (၁၂)ကလည်း စိန့်ဂျိုးဇက်ကို အလုပ်သမားများ ကိုးစားရာ ရဟန္တာအဖြစ် ကြေညာပြီး သူ့ရဲ့ပွဲနေ့ကို မေလ (၁)ရက်နေ့ဟု သတ်မှတ်ခဲ့ပါတယ်။ ကောင်းသောသေခြင်းနဲ့ သေရန်၊ ဒုက္ခရောက်ချိန် ကူညီစောင့်ရှောက် ရဟန္တာအဖြစ် ယနေ့တိုင် စိန့်ဂျိုးဇက်ကို ကိုးစား ကြပါတယ်။ ဒါကြောင့် အသင်းတော်မှာ သူ့ရဲ့ပွဲနေ့ကို မေလ (၁)ရက်နေ့နဲ့ မတ်လ (၁၉)ရက်နေ့တွေမှာ နှစ်ခါတိတိ ကျင်းပပါတယ်။

ဒီနှစ်ဟာ စိန့်ဂျိုးဇက် နှစ် လည်း ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က (၈-၁၂ - ၂၀၂၀) မှ (၈-၁၂ -၂၀၂၁)အထိ တစ်နှစ်တိတိကာလကို စိန့်ဂျိုးဇက်ရဲ့နှစ် အဖြစ် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ (၈)ရက်၊ အပြစ်မဲ့သန္ဓေယူသောမူသော မယ်တော်သခက်မပွဲနေ့မှာ ကြောညာခဲ့ပါတယ်။ ဒါကြောင့် ဒီစိန့်ဂျိုးဇက်နှစ်တွင် ဝိညာဥ်ရေး အသက်သာမှာ 'အင်ဒူဂျင်းသျှာ (အပြစ်ခွင့်လွှတ်ခြင်းချမ်းသာ) ခံစားခွင့်များ ရရှိနိုင်ပါတယ်။ မစုံလင်သော အပြစ်ခွင့်လွှတ်ခြင်းနဲ့ စုံလင်သော အပြစ်ခွင့်လွှတ်ခြင်း နှစ်မျိုးထဲကနေ စိန့်ဂျိုးဇက်ကို အားကိုခြင်းအားဖြင့် စုံလင်သောအပြစ်ခွင့်လွှတ်ကို ရရှိပါတယ်။ အဓိက အားဖြင့် မစ္ဆားတရားမှာ ပါဝင်ဆုတောင်းဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ခက်ခဲတဲ့ အခြေအနေကြောင့် မစ္ဆားတရားမှာ မပါဝင်နိုင်ရင်လည်း စိန့်ဂျိုးဇက်ထံ ပြုအပ်သော ဆုတောင်းမေတ္တာများနဲ့ ဆုတောင်းခြင်း၊ နေ့စဥ်သမ္မာကျမ်းစာနဲ့ ဝိညာဥ်ရေးဆိုင်ရာစာပေမျာကို ဖတ်ရှုခြင်းအပြင် မယ်တော်နဲ့ ကရုဏာရှင် စိပ်ပုတီးစိပ် ဆုတောင်းခြင်းများ ပြုလုပ်နိုင်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ရဟန်းဘုန်းတော်ကြီးများအနေဖြင့် စိန့်ဂျိုးဇက်ရဲ့ ဖခင်ကောင်းပီသမှုကို စံထားကာ သူ့ရဲ့အနုပညာဖြစ်တဲ့ နွေးထွေးစွာ ကြိုဆိုတတ်ခြင်း၊ ကူညီစောင့်ရှောက်ပေးခြင်း၊ ဘုရားရှင်ရဲ့ အလိုတော်ကို သိမြင် လုပ်ဆောင်တဲ့ အိမ်မက်ရှင်အဖြစ် အတုယူကြဖို့ တိုက်တွန်း ခဲ့ပါတယ်။

"စိန့်ဂျိုးဇက်နှစ်"မှာ သန့်ရှင်းသော အိမ်ထောင်စုရဲ့ ကောင်း၏ စံပြရှင်ဖြစ်သည့်အပြင် ပါရမီရှင်လည်းဖြစ်သည့် စိန့်ဂျိုးဇက် (သံဇူဇယ်)ကို အားကိုး အတုယူကာ နေ့စဥ်ကြုံတွေ့နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများနဲ့ ဘေးဒုက္ခအပေါင်းကို ကျော်လွှာ နိုင်ကြပါစေ။

စိန့်ဂျိုးဇက်အသင်းဂိုဏ်းမှ သူတော်စင်များနဲ့အတူ သူ့နာမည်ကို ဆေးကြောခြင်းနာမည် ခံယူထားကြတဲ့ (ဂျိုးဇက်၊ ဂျူစပင်း၊ ဂျိုစေး) များနဲ့ စိန့်ဂျိုဇက်ကို စံပြအဖြစ် အားကိုး အတုယူနေကြသူ မိတ်ဆွေများအားလုံး "Happy Feast Day!" လို့ နှုတ်ဆက် ဆုတောင်းပေးပါတယ်။

၁၉.၀၃.၂၀၂၁

ထန်းဟာ, SJ

https://bit.ly/3qYsc6L

https://bit.ly/38SLKUc

Add new comment

6 + 3 =