စိန့် ရို့စ် ဖိလစ်ပိုင်း ဒိုးချဲ့စ်နီ

စိန့် ရို့စ် ဖိလစ်ပိုင်း ဒိုးချဲ့စ်နီ

 

ပွဲနေ့- နိုဝင်ဘာလ၊ ၁၈ ရက်

 

"စိန့် ရို့စ် (St. Rose)" ကို ၁၇၆၉ ခုနှစ်၊ သြဂုတ်လ ၂၉ ရက် "ပြင်သစ်နိုင်ငံ" မှာ‌ မွေးဖွားသန်စင်ခဲ့ပါတယ်။ သူမ၏ဖခင် "ပီရဲရ် ဖရန့်ဆွား ဒိုးရှယ်န် (Pierre Francois Duchesne)" သည် "ပြင်သစ်နိုင်ငံ၊ ဂရီနိုဘဲလ် (Grenoble)" ရဲ့ ရှေ့နေတစ်ဦးဖြစ်ပြီး၊ စီးပွားရေးသမားနှင့် ထင်ရှားသော လူထုခေါင်းဆောင်တစ်ဦးလဲ ဖြစ်ပါတယ်။ သူမရဲ့ မိခင် "ရို့စ် ပီရီးယား (Rose Perier)" က ကျတော့ "ဒူဖီင်း (Dauphine)" ဒေသရဲ့ ခေါင်းဆောင်မိသားစုတစ်ခုရဲ့ မိသားစုဝင်တဦး ဖြစ်ပါတယ်။

 

"ဂျေဇွစ်သာသနာပြု" ဘုန်းတော်ကြီးတစ်ပါးရဲ့ "အမေရိက" မှာ သူ့ရဲ့ သာသနာပြုလုပ်ငန်း လှုပ်ရှားမှုကို ပြောကြားတဲ့အခါ၊ ကြားသိရတဲ့ သူငယ်မလေး "ရို့စ်" ဟာ အသက်ရှစ်နှစ်အရွယ်သာ ရှိသေးပေမယ့် ၎င်းနေရာမှာ ဧဝံဂေလိတရား ဟောပြောဖို့ စိတ်ဆန္ဒ ပြင်းပြခဲ့ပါတယ်။ ကျောင်းဆရာ/မများထံမှ အခြေခံပညာရေးကို သင်ကြားခဲ့ပြီး၊ ဘုရားတရား ကြည်ညိုလေးစားတဲ့ မိခင်ထံမှ ဘာသာရေး၊ ပညာရေးကို အမွေခံခဲ့ရသူပါ။

 

"ဂရီနိုဘဲလ် (Grenoble)" မှာရှိတဲ့ "(Visitation)" သီလရှင်ကျောင်းမှာ အသက် ၁၂ နှစ်အရွယ်တွင် ပညာသင်ကြားခဲ့ပြီး ၁၇၈၈ ခုနှစ်၊ "ရို့စ်" အသက် ၁၉ နှစ်အရွယ်မှာ သာသနာပြု ပုဂ္ဂိုလ်တစ်ဦးဖြစ်လိုတဲ့ "ရို့စ်" တစ်ယောက် မိသားစုရဲ့ အသိအမှတ်ပြုခြင်းနှင့် ခွင့်ပြုချက် မပါဘဲ သီလရှင်ဖြစ်ဖို့ ၎င်းကျောင်းမှာ ဝင်ရောက်ခဲ့ပါတယ်။ အစပိုင်းမှာ မိသားစုက သူမရဲ့ ရွေးချယ်မှုကို ဆန့်ကျင်ခဲ့ကြပေမယ့် မအောင်မြင်ခဲ့ကြပါဘူး။ ‌နောက်ဆုံးတွင် "ရို့စ်" ကို လက်လျှော့ပြီး ခွင့်ပြုရပါတော့တယ်။

 

၁၈၀၄ ခုနှစ်မှာ တစ်ဖန် "ရွှေနှလုံးတော် အသင်းဂိုဏ်း (Society of the Sacred Heart)" ကို ဝင်ရောက်ခဲ့ပြီး ၎င်းအသင်းဂိုဏ်းမှာ သီလရှင်တစ်ပါး ဖြစ်ခွင့်ရခဲ့ပါတယ်။ ၁၈၁၈ မှာ သူမကို "အမေရိကန်ပြည်ထောင်စု (United States)" တွင် သာသနာပြုဖို့‌ စေလွှတ်ခဲ့ပါတယ်။ သာသနာလုပ်ငန်းအတွက် ဆန္ဒပြင်းပြနေတဲ့ သူမဟာ "စိန့်ချားလ် (St. Charles)" ဆို‌တဲ့ဒေသမှာ စပြီး သီလရှင်ကျောင်းနှင့် စာသင်ကျောင်းကို စတင်ဖွင့်လှစ်ခဲ့တယ်။ အဲဒီကနေ "ဖလိုရီစဲန့် (Florissant)" လို့ ခေါ်တဲ့နေရာမှာ ပြောင်းရွှေ့ခဲ့ပြီး သာသနာပြုဖို့ သွားလာလှုပ်ရှားရင်း ကရုဏာလုပ်ငန်းတွေလဲ လုပ်ဆောင်ခဲ့ပြီး မိန်းကလေးကျောင်းများစွာကို ဖွင့်ပေးရင်းနဲ့ နောက်ဆုံးမှာ "အမေရိကန် (Americans)" ပြည်သူတွေကို အလင်းပေးတဲ့သူတစ်ဦး ဖြစ်ခဲ့ပါတယ်။

 

"စိန့် ရို့စ် ဒိုးရှယ်န် (St. Rose Duchesne)" ဟာ ရဲရင့်သော သာသနာပြုတစ်ဦးဖြစ်ပြီး လူသိများတဲ့ လူတွေရဲ့ ကျေးဇူးရှင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ "ရို့စ်" ဟာ သူမရဲ့ နောက်ဆုံးဆယ်နှစ်ကို "မစ်ဆူရီပြည်နယ်၊ စိန့်ချားလ်စ်" မှာရှိတဲ့ ခရစ်ယာန်သီလရှင်ကျောင်း၌ အနားယူရင်းနဲ့ ဆင်းရဲခြိုးခြံစွာနေထိုင်ရင်း အစဉ်တစိုက် ဆုတောင်းလျက် နေခဲ့ပါတယ်။

 

နောက်ဆုံး ၁၈၅၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါသည်။ ပုပ်ရဟန်းမင်းကြီး "ပိုင်းယားစ် ၁၂ ( Pius XII)" မှ ၁၉၄၀ ခုနှစ်၊ မေလ ၁၂ ရက်တွင် သူတော်စင်အဖြစ် တင်မြောက်ခဲ့ပြီး ပုပ်ရဟန်းမင်း "ဂျွန်ပေါလ် ၂ (John Paul II)" က ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၃ ရက်‌နေ့မှာ ရဟန္တာအဖြစ် တင်မြှောက်ခဲ့ပါတယ်။ လူတွေက သူမကို “အမြဲတမ်းဆုတောင်းတဲ့အမျိုးသမီး (Woman Who Prays Always)” လို့ ခေါ်လေ့ရှိသလို "သနားကြင်နာတတ်တဲ့အမျိုးသမီး (The Lady of Mercy)" လို့လဲ ရည်ညွှန်း‌ ခေါ်ဆို‌လေ့ရှိပါတယ်။

# # # # # # # # # # # # # # # # #

ကြယ်စင်လေး (SJA)

Ref: CNA

Add new comment

3 + 3 =