စိန့်အန်ဂျေလား_မေရီစီ (St. Angela Merici) ဇန်နဝါရီ (၂၇)

စိန့်အန်ဂျေလား_မေရီစီ (St. Angela Merici) ဇန်နဝါရီ (၂၇)

သူမဟာ အူးရ်ဆူးလိုင်း သီလရှင်ဂိုဏ်း (Urauline Sisters)ကို တည်ထောင်ခဲ့တဲ့ ထင်ရှားသော ရဟန္တာမလေး တစ်ပါးဖြစ်ပါတယ်။ သူမကို ၁၄၇၄-ခုနှစ် အီတလီနိုင်ငံမှာရှိတဲ့ မြို့ငယ်လေးမှာ မွေးဖွားခဲ့ပြီး သူမငယ်စဥ်ကတည်းက သူမရဲ့ ညီမငယ်နဲ့ မိဘနှစ်ပါးကို ဆုံးရှုံးခဲ့တယ်။ ဒါကြောင့် သူမကို ချမ်းသာကြွယ်ဝတဲ့ သူမရဲ့ ဦးလေးနဲ့အတူ နေခဲ့ရပြီး အခြေခံ ပညာကိုတောင် သင်ခွင့်မရခဲ့ပေမဲ့ သူမသိသလောက်ကို လက်တွေကျင့်ကြံခဲ့ပါတယ်။ သူမကြီးပြင်းခဲ့တဲ့ ၁၆-ရာစုနှစ်မှာ လူ့အဖွဲ့အစည်းနဲ့ အသိုင်းအဝိုင်း‌တွေကြားမှာ ရုပ်ဝတ္ထုဆင်းရဲမှုအပြင် အသိဉာဏ်ဆင်းရဲမှု၊ မတရားမှုတွေက တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရတွေသာမက ဘာသာရေးခေါင်းဆောင်တွေလည်းပါဝင်ခဲ့ပါတယ်။ ဒါကြောင့် တိုင်းသူပြည်သား၊ ဘာသာတူတွေဟာ ခန္ခာကိုယ်အတွက်ရော ဝိညာဉ်ရေးအတွက်ပါဆာလောင် မွတ်သိပ် ခဲ့ကြရပါတယ်။

ပြည်တွင်စစ်ကြောင့် မြို့ကြီးပြကြီးများ ပျက်စီးကုန်သလို လူတွေရဲ့ ကျင့်ဝတ် (နီတိတရား)ပျက်ပြားမှုတွေကြောင့် မိသားစုတွေဟာ ရှင်ကွဲ၊ ကွဲခဲ့ကြရတာကြောင့် သူတို့ဘဝက နာကျင်စရာတွေနဲ့ ပြည့်နှက်နေခဲ့တယ်။

၁၅၁၆ ခုနှစ်မှာ အန်ဂျေလားဟာ ဘရဲ့စ်စီယား (Brescia)ရဲ့ မြို့လေးတစ်မြို့မှာ နေထိုင်ခဲ့ပြီး သူတို့ခေတ်အချိန်အခါရဲ့ ချမ်းသာမြင့်မြတ်ပြီး ဆင်းရဲသားနှင့် ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ သူတစ်ယောက်နဲ့ မိတ်ဆွေတွေဖြစ်ခဲ့ကြတယ်။ အန်ဂျေလားလည်း နေ့တိုင်း ဆုတောင်းခြင်း၊ ဝါရှောင်ခြင်းနှင့် ဆင်းရဲသားနှင့် ဒုက္ခသည်များအား အကူညီပေးခြင်း စတဲ့ အစေခံမှုတွေကို လုပ်ခဲ့တယ်။ တရားနဲ့ပြည့်တဲ့သူမရဲ့ဘဝကို မြင့်မြတ်တဲ့ အလုပ်နဲ့ အရောင်ခြယ်တော့ လူတွေရဲ့ နှလုံးသားထဲမှာ သူမပုံရိပ်က စွဲကျန်တာပေါ့။ သူမရဲ့ဂုဏ်သတင်းဟာ ပျံ့နှံ့နေခဲ့ပြီး လူကြီးလူငယ်၊ လူဆင်းရဲလူချမ်းသာ၊ သူတော်စင်နှင့် ဘာသာရေးခေါင်းဆောင်တွေကအစ၊ ယောက်ျားနှင့် မိန်းမ စတဲ့ လူပုဂ္ဂိုလ်အမျိုးမျိုးဟာ သူမဆီကနေအကြံပြုချက်တွေကို ရယူဖို့ လမ်းညွှန်မှုတွေကို ရဖို့ သူမကို ရှာကြတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေထိတိုင် သူမရဲ့ ‌မျှော်မှန်းချက်ကို အကောင်အထည် မဖော်ခဲ့ပါဘူး။

သန့်ရှင်းရာမြေ (Holy Land) ကို ဘုရားဖူးသွားပြီးတဲ့နောက်မှာ သူမဟာ ဘယ်ဘဝလမ်းခရီးကို ဆက်ရမလဲဆိုတာ ရှာကြံမရ ပျောက်ဆုံးနေခဲ့တယ်။ ဒါပေမဲ့ ဘရီစီးယား (Brescia) ကို ပြန်သွားခဲ့ပြီး သူမပြန်လာခြင်းက ပြည်တွင်းစစ်ကြောင့် ပျက်စီးနေတဲ့ အီတလီမှ စစ်ရှောင် ဆင်းရဲသားနှင့် ဒုက္ခသည်တွေအတွက် ကောင်းကင်ကြီးတစ်ခုလို ခိုလှုံစရာ၊ အားကိုးစရာနေရာ ဖြစ်နေခဲ့တယ်။ အဲဒီမှာ သူမကို စိတ်ဓာတ်ခွန်အားပေးသူနှင့် ဂရုဏာလုပ်ငန်းတွေမှာ စံပြုထိုက်သူပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကြတဲ့ အမျိုးသမီးတစ်ချို့ကို အုပ်စုဖွဲ့ခဲ့တယ်။

ဒီအမျိုးသမီးတွေကြားထဲမှာ ချမ်းသာကြွယ်ဝတဲ့ မိသားစုမှ သမီးငယ်‌လေးတွေပါသလို၊ မိဘမဲ့ မိန်းကလေးတွေလဲပါဝင်ခဲ့ပြီး သူတို့ဟာ စိန့် အူးရ်းဆူးလား သီလရှင် အသင်းဂိုဏ်းကို တည်ထောင်ရာမှာ အန်ဂျေလားရဲ့ အပေါင်းအပါလေးတွေဖြစ်ခဲ့ကြပါတယ်။သူမရဲ့အဖွဲ့အစည်းကို စိန့်အူးရ်ဆူးလားအမည်ပေးရတဲ့အကြောင်းကတော့ စိန့် အူးရ်ဆူးလားဟာ သူတော်စင်တွေရဲ့ စံပြုထိုက်တဲ့ပုဂ္ဂိုလ်အဖြစ် သတ်မှတ်တာကြောင့် စိန့် အူူရ်ဆူးလား၏ သီလရှင်များလို့ အမည်ပေးခဲ့တာပါ။

အန်ဂျေလားနှင့် သူမရဲ့ အပေါင်းအပါတွေဟာ ဆုတောင်းမေတ္တာ အတူတကွရွက်ဆိုခြင်း၊ ကတိသစ္စာများပြုခြင်းနှင့် သူတို့ဘဝ နေ့စဉ်ကျင့်ကြံနေထိုင်ရမည့် အကျင့်ပါရမီတွေကို အသေးစိတ် လိုက်ကျင့်အသက်ရှင်ခဲ့ကြတယ်။ သူတို့ အဖွဲ့ဟာ မိဘမဲ့ဂေဟာနှင့် စာသင်ကျောင်းများကို ဖွင့်လှစ်ခဲ့ပြီး ၁၅၃၅ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီးကိုယ်တိုင်က သူမရဲ့ အသင်းဂိုဏ်းကို အသိအမှတ်ပြုခဲ့ပြီး အန်ဂျေလားကို အသင်းဂိုဏ်းတည်ထောင်သူအဖြစ် အတည်ပြုခဲ့ကြတယ်။

ကျန်ရှိတဲ့ သူမဘဝရဲ့ ငါးနှစ်တာအတွင်းမှာ သူမရဲ့ သမီးတွေ ပျော်ရွှင်စွာနဲ့ ဘဝကို ရှင်သန်နိုင်ဖို့ လမ်းညွှန်ချက်များစွာကို ရေးသားချမှတ်ပေးခဲ့တယ်။ အန်ဂျေလားက သူမရဲ့ အဖွဲ့အစည်းမှ သီလရှင်တွေကို အမြဲအားပေးလေ့ရှိတာက " လိုက်ရောညီထွေစွာနှင့် တစ်လုံးတစ်ဝတည်းစည်းစည်းလုံးလုံးနေထိုင်ကြပါ။ တစ်ဦးကိုတစ်ဦး မေတ္တာကြပါ။ တစ်ဦးကို တစ်ဦး ရိုရိုသေသေ ကျိုးကျိုးနွံနွံ ဆက်ဆံပြီး အကူအညီပေးကြပါ။ သခင်ခရစ်တော်၌ တစ်ဦးပေါ်တစ်ဦး အနစ်နာခံကြပါ။ ဤသို့ ကျင့်ကြံပါမူ သခင်ဘုရားသည် သင်တို့အလယ်၌ တည်ရှိနေမည်မှာ မလွဲဧကန်ဖြစ်သည်။" ဆိုပြီး စည်းစည်းလုံးလုံးနှင့် ချစ်ချစ်ခင်ခင်နေကြဖို့ အမြဲအားပေးမှာကြားလေ့ရှိတယ်။

၁၅၈၀ မှာတော့ မီလန်ရဲ့ ‌ဆရာတော် ချာလ်းစ် ဘိုရိုမီအိုဟာ (Charles Borromeo) အူဆူးလိုင်း အသင်းသူများရဲ့(Ursulines) မွန်မြတ်တဲ့ လှုပ်ရှားမှုတွေကြောင့် ငျေနပ်အားရမှုရှိခဲ့ပြီး မြောက်ပိုင်း အီတလီသာသနာကို အူဆူးလိုင်း သီလရှင်ကျောင်းကို တည်ဆောက်‌ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဆကာတော်ကိုယ်တိုင်ကလည်း အူဆူးလိုင်းအသင်းသူတွေ တစ်သီးတခြယးနေထိုင်ကြမည့်အစား တစ်အိမ်တည်းတွင် အဖွဲ့အစည်းတစ်ခု အနေဖြင့် အတူနေထိုင်ကြဖို့ အကြံပေးပြီး ပရိသတ်တွေရဲ့ရှေ့မှောက်မှာ ဆင်းရဲ့ခြင်း၊ ဖြူစင်ခြင်းနှင့် နာခံခြင်း လို့ခေါ်တဲ့ ပတိသစ္စာ သုံးပါးကို ပြုဖို့ တိုက်တွန်းခဲ့တယ်။

Credit:

ဒီလိုနဲ့ အန်ဂျေလား အစပြုခဲ့တဲ့ အူဆူးလား အဖွဲ့အစည်းဟာ အူဆူးလား သီလရှင်ဂိုဏ်းအဖြစ်သို့ ပြောင်းလဲသွားခဲ့တယ်။ ၁၅၄၀ ခုနှစ်၊ ဇန်နဝါရီလမှာအန်ဂျေလား မေရီစီဟာ ကွယ်လွန်သွားခဲ့ပြီး ၁၈၀၇ ခုနှစ်မှာ ရဟန္တာအဖြစ် တင်မြောက်ခဲ့ပါတယ်။

မှတ်ချက်။ အူဆူးလားသည် လူနာမည်ဖြစ်၍ အူဆူးလိုင်းသည် အူဆူးလား၏ အသင်းသူအသင်းသားများဟု မှတ်ရပါမည်။

 

#CNA

Add new comment

8 + 1 =