စိန့်ဖရန်စစ်ဇေးဗီးယား ပွဲနေ့

စိန့်ဖရန်စစ်ဇေးဗီးယား ပွဲနေ့

ဒီဇင်ဘာလ(၃)  

စိန့်ဖရန်စစ်ဇေးဗီးယား St. Francis Xavier သည် အာရှတိုက်တွင်ထင်ရှားသည့် ဂျက်ဇွစ်သာသနာပြု ဘုန်းတော်ကြီး တစ်ပါး ဖြစ်သည်။ သူ့ကို စပိန်နိူင်ငံ၊ ဘန်ပလိုနာမြို့ ဆေးဗီးယားရဲတိုက်ရှိ ချမ်းသာကြွယ်ဝသည့် မိသားစုမှ ၁၅၀၆ ခုနှစ်၊ ဧပြီလ (၇)ရက်တွင် မွေးဖွားခဲ့သည်။ သူသည် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ပညာဆည်းပူးနေစဉ် လိုယိုလာမြို့သား စိန့်အီဂနေးရှပ်(စ်) Ignatius of Loyola တွေ့ဆုံပြီး သူငယ်ချင်းများဖြစ်လာခဲ့ကြသည်။ ဖရန်စစ်သည် လောကရေးရာများကိုသာ စိတ်ဝင်စားခဲ့သော်လည်း နောက်ပိုင်းတွင် စိန့်အီဂနေးရှပ်(စ်)နှင့် တွေ့ပြီး ပြောင်းလဲ လာခဲ့သည်။

စိန့်အီဂနေးရှပ်(စ်) ကိုယ်တိုင်၏ ဝိညာဉ်ရေးကျင့်စဉ် လမ်းညွှန်ချက်ဖြင့် ဥပုသ်စောင့်နေစဉ် အီဂနေးရှပ်(စ်)က ရှင်မာတေဦး ၁၆း ၂၅-၂၆ မှ “…ဤစင်္ကြာဝဠာအားလုံးကို အစိုးရသော်လည်း၊ မိမိအသက်ဝိညာဉ် ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။” ဟုသော ကျမ်းပိုဒ်ဖြင့် ထပ်တလဲလဲ ထောက်ရှုစေပြီးနောက် သခင်ယေဇူးကိုသာ အစေခံမည်ဟု စိတ်ဆုံးဖြတ်နိုင်ခဲ့သည်။ ထို့နောက် စိန့်အီဂနေးရှပ်(စ်)၊ ဖရန်စစ်ဆေးဗီးယာနှင့် အပေါင်းအဖော်များ စုပေါင်းကာ ယေဇူးအသင်း (ခေါ်) ဂျက်ဇွစ်အသင်းဂိုဏ်းကို တည်ထောင်ခဲ့ကြသည်။

စိန့်အီဂနေးရှပ်(စ်) အာရှဒေသသို့ သာသနာပြုရန် စေလွှတ်သည့် ဘုန်းတော်ကြီး ရုတ်တရက်နေမကောင်းသဖြင့် ဖရန်စစ်ကို အစားထိုး စေလွှတ်ခဲ့ရသည်။ ထိုနေ့မှစ၍ စိန့်ဖရန်စစ်နှင့် စိန့်အီဲဂနေးရှပ်(စ်)တို့ ပြန်မတွေ့ရတော့ဘဲ စာဖြင့်သာ ဆက်သွယ်ခဲ့ကြသည်။ ကြမ်းတမ်းသည့် ရေလမ်းခရီးဖြင့် ပေါ်တူဂီနိုင်ငံ၏ ကိုလိုနီနယ် ဖြစ်သည့် အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့တွင် သာသနာပြု စတင်ခဲ့သည်။ ဧဝံဂေလိ သတင်းကောင်း ဟောကြားပြီး ဒေသခံမြို့သူမြို့သားအများအပြားကို ဆေးကြောခြင်းပေးခဲ့သည်။ ထို့နောက် မရာမန် လူမျိုးများကြားတွင် တရားဒေသနာဟောကြားခဲ့သော်လည်း ဘာသာဝင်သူ နည်းပါးခဲ့သည်။

သူသည် ဥရောပသို့ သူ၏အတွေ့အကြုံများကို စာရေးပို့ခဲ့သည်။ သူ၏စာတွင် ဥရောပရှိလူငယ်များကို အားပေးသည့်အနေဖြင့် "မင်းတို့ရဲ့ အသက်တာကို အကျိုးမဲ့ မဖြစ်စေဘဲ၊ ဘုရားသခင်အတွက် အလုပ်တွေ လုပ်ကြပါ။ မင်းတို့ ဘာမှမလုပ်လို့ ပျောက်ဆုံးသွားကြတဲ့ သူတွေ အများကြီး ရှိနေတယ်။ သူတို့တွေကို ကယ်တင်ရမယ့်တာဝန် မင်းတို့မှာ ရှိတယ်။" ဟုစာရေးခဲ့သည်။ ထို့အပြင် သူ၏ဆုတောင်းစာကို ကြည့်ခြင်းအားဖြင့် ဖရန်စစ်၏ သာသနာပြုစိတ်ဓာတ်ကို သိနိုင်ပါသည်။ သူ့ဆုတောင်းစာ၌ "အို ဘုရားသခင်ကျွန်ုပ်သည် ဝိညာဥ်များကို ကယ်တင်ရန်အတွက် မည်မျှပင် ဒုက္ခခံရပါစေ။ မည်သည့် အခက်အခဲများကိုမဆို ကျွန်ုပ် ရင်ဆိုင်ရန် အသင့်ရှိပါ၏။"ဟု၍ ဖြစ်သည်။

၁၅၄၉ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သူခရီးထွက်ခဲ့ပြီး ဂျပန်နိုင်ငံ၏ ပထမဆုံးသော သာသနာပြု ဖြစ်လာခဲ့ပါသည်။ သို့သော် ဂျပန်နိုင်ငံတွင် အမျိုးမျိုး ကြိုးစားခဲ့သော်လည်း ဘာသာဝင်အသစ်များ ရရှိရန် မလွယ်ကြောင်း သူသိရှိလာခဲ့သဖြင့် တရုတ်ပြည်တွင် တရားဒေသနာဟောရန် စိတ်ဆုံးဖြတ်ခဲ့သည်။ သူ၏ဘဘဝအသက်တာကို အာရှဒေသဖြစ်သည့် အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံရှိ ပိုနီယိုကျွန်း၊ မာလုကုကျွန်းသို့ အရဲစွန့်ရောက်ပြီး ထောင်သောင်းမကသော ဝိညာဉ်များကို အောင်မြင်စွာ တရားဟောကြား နိုင်ခဲ့သည်။

စိန့်ဖရန်စစ်သည် တရုတ်ပြည်သို့ သွားရန်စောင့်နေပြီး ဟောင်ကောင်အနားရှိ စန်ချီရန်ကျွန်းသို့ ရောက်သည့်အခါ ဖျားနာပြီး ၁၅၅၂ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။ သူ၏ခန္ဓာကိုယ် အမြန်ဆုံးပျက်စီးစေရန် အခေါင်းထဲတွင် ထုံးများဖြင့် ဖြူးထားသော်လည်း လအနည်းငယ်အကြာတွင် တခြားကျွန်သို့ ယူသွားရန် အခေါင်းကို ဖော်ကြည့်ရာ မပျက်စီးဘဲ သွေးကြောများတွင်လည်း သွေးများရှိနေသေးကြောင်း တွေ့ရှိခဲ့ကြပြီး အိနိ္ဒနိုင်ငံ ဂိုအာမြို့သို့ သယ်ဆောင်သွားခဲ့ကြသည်။

သူသည် သာသနာပြုများအား စောင့်ရှောက်သည့် ရဟန္တာတစ်ပါး ဖြစ်လာခဲ့သည်။ ကျွန်ုပ်တို့သည်လည်း ဤရဟန္တာကဲ့သို့ သာသနာပြုရာ၌ ဘုရားသခင်၏ ခေါ်သံကိုကြားနိုင်သည့် စိတ်နှလုံး တံခါးများ ဖွင့်ထားပြီး ပြင်းပြသည့် စိတ်စွမ်းအားများဖြင့် သတင်းကောင်း ဖြန့်ဝေနိုင်အောင် ကြိုးစား ဆုတောင်းကြပါစို့။

စိန့်ဖရန်စစ်ဇေးဗီးယား၊ ကျွန်ုပ်တို့ အဖို့ငှာ ဆုတောင်းပေးမူပါ။ အာမင်။ 

 

Add new comment

9 + 5 =