#စိန့်ပီတာ တာရင်တိုင်းစ်(၁၁၀၂- ၁၁၇၅)#မေလ (၈) ရက် 

#စိန့်ပီတာ တာရင်တိုင်းစ်(၁၁၀၂- ၁၁၇၅)#မေလ (၈) ရက် 

စိန့်ပီတာတာရင်တိုင်းစ်နှင့် နာမည်တစ်ထပ်တည်း ကျသောသူနှစ်ဦး ရှိခဲ့သည်။ သို့သော် ရာစုနှစ် တစ်စုစီ ဖြစ်နေခဲ့သည်။ ယနေ့ပွဲနေ့ရှင်မှာမှု ပိုငယ်ရွယ်သည်။ သူ့အား ပြင်သစ်နိုင်ငံ၊ (၁၂)ရာစု အစောပိုင်းခန့်က မွေးဖွားခဲ့သည်။ သူနှင့် အမည်တူသော အခြားတစ်ဦးမှာ နောက်ပိုင်း၌ ရဟန်းမင်းကြီး အင်းနိုဆင့်(၅) ဖြစ်လာ ခဲ့သည်။ စိန့်ပီတာတာရင်တိုင်းစ်သည် ရသေ့တစ်ပါး ဖြစ်လာခဲ့သည်။ ထို့နောက် ရသေ့ကျောင်း၏ အကြီးအကဲအဖြစ် အမှုတော် ထမ်းဆောင်ခဲ့သည်။

၁၁၄၂ခုနှစ်တွင် Tarentaise တာရင်တိုင်းစ်မြို့၏ ဂိုဏ်းချုပ် ဆရာတော်အဖြစ် ရွေးချယ် တင်မြောက်ခံခဲ့ရသည်။ အကျင့်ပျက် ခြစားသော ဆရာတော်ကို နေရာမှ ဖယ်ရှား၍ သူ့ကို အစားထိုး ခန့်အပ်ခဲ့သည်။ သူသည် အမှုတော်အသစ်ကို စိတ်အားထက်သန်စွာဖြင့် ထမ်းဆောင်ခဲ့သည်။ သာသနာအတွင်း လိုအပ်သည့် ပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သည်။ သာသနာ သန့်စင်ရေး၊ သံဃာတော် သန့်စင်ရေးကို ပြုလုပ်ခဲ့သည်။ သာသနာအတွင်း နွမ်းပါးချို့တဲ့ သူများအား ထိရောက်စွာ ကူညီပေးခဲ့သည်။ သူသည် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသောနယ်နှင့် လမ်းပမ်းဆက်သွယ်ရေး လွယ်ကူသော မြို့ပါမကျန် ပုံမှန်လှည့်လည်၍ သူ၏ဘာသာတူများနှင့် ထိတွေ့ခဲ့သည်။

ဆရာတော်အဖြစ် ဆယ်စုနှစ်တစ်စု အလွန်တွင် ယနေ့ပွဲနေ့ရှင်သည် လူမြင်ကွင်းမှ ပျောက်ကွယ်သွားပြီး၊ တစ်နှစ်ခန့်မျှ သာမန်ဘရာသာရ် တစ်ပါးကဲ့သို့ ဆွီဇလန်နိုင်ငံရှိ ရသေ့ကျောင်း တစ်ကျောင်းတွင် သီတင်းသုံးနေခဲ့သည်။ သူတိမ်းရှောင်နေသည်ကို ဘာသာတူများက သိသွားသောအခါ သူ့အား ဆရာတော်အမှုတော်ကို ပြန်လည်ထမ်းဆောင်ရန် အတင်းအကြပ် တောင်းခံ၍ အမှုတော်ကို ပြန်လည် ထမ်းဆောင်ခဲ့သည်။ ယခင်အတိုင်းပင် နွမ်းပါးချို့တဲ့သော သူများအား အဓိကထား ကူညီခဲ့သည်။

သူသည် (၁၁၇၅) ခုနှစ်၊ ရဟန်းမင်းကြီး၏ တာ၀န်ပေးချက်အရ ပြင်သစ်ဘုရင်နှင့် အင်္ဂလန်ဘုရင်တို့အကြား ပြန်လည်ကြေအေးနိုင်ရန် ညှိနှိုင်းစေလွှတ်ခဲ့သည့် ခရီးမှအပြန် လမ်းခုလပ်တွင် ပျံလွန်တော်မူ သွားခဲ့သည်။ လူအတော်များများသည် မိမိတို့၏ ရည်မှန်းချက်များ၊ ကျော်ကြားမှုများကို ဖော်ဆောင်နိုင်ရန်အတွက် နေရာကောင်း၊ အခွင့်အရေးကောင်းများကို မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်မျှော်နေတတ်သည်။ ရအောင် ဖန်တီးတတ်ကြသည်။ သို့သော် ယနေ့ပွဲနေ့ရှင်ကား ထိုသို့မဟုတ်။ ရရှိသော အခွင့်အရေး၊ နေရာများကိုပင် စွန့်လွှတ်ခဲ့သည်။ ဂုဏ်၊ အခွင့်အရေး၊ နေရာကောင်းများကို မက်မောခြင်း မရှိဘဲ ရိုးသားနှိမ့်ချစွာ နေထိုင်ခြင်းသည် ဧ၀ံဂေလိတရား၏ သွန်သင်ချက်၊ တန်ဖိုးဖြစ်သည်ကို ယနေ့ပွဲနေ့ရှင်ထံမှ သင်ကြားရမည် ဖြစ်ပါသည်။

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

Add new comment

1 + 2 =