အာဗီအေမြန်မာ၏ စတူဒီယိုအသစ်ကောင်းချီးပေးခြင်းနှင့် ကျေးဇူးတင်ခြင်းနေ့

အာဗီအေမြန်မာ၏ စတူဒီယိုအသစ်ကောင်းချီးပေးခြင်းနှင့် ကျေးဇူးတင်ခြင်းနေ့

အာဗီအေမြန်မာ၏ စတူဒီယိုအသစ်ကောင်းချီးပေးခြင်းနှင့် ကျေးဇူးတင်ခြင်းနေ့

(7.12.2022) 

၇.၁၂.၂၀၂၂ နေ့ ၊ ဗုဒ္ဓဟူးနေ့ ညနေ (၄း၃၀)နာရီက အာဗီအေ မြန်မာ စတူဒီယိုခန်းအား မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး မာကုတင်ဝင်းမှ ကောင်းချီးပေးခြင်း ဖွင့်လှစ်ပေးခဲ့ပါသည်။

ထို့နောက် အာဗီအေမြန်မာ၏ တစ်နှစ်တာအတွင်း ခံစားရရှိခဲ့သောကျေးဇူးများနှင့် အဘက်ဘက်မှ ပံ့ပိုးလှူဒါန်း၊ကူညီပေးနေကြသော အလှူရှင်များနှင့်သောတရှင်များအားလုံးအတွက် အထူးဆုတောင်းပူဇော်ပေးသော ကျေးဇူးတင်မစ္ဆားတရားကို ညနေ (၅း၀၀)နာရီအချိန်တွင် ဆရာတော်ကြီးမာကုတင်ဝင်းဦးဆောင်ကာပူဇော်ခဲ့သည်။

ဆရာတော်ကြီးမှ ဩဝါဒစကားမြွတ်ကြားရာတွင် “ မိမိတို့ဟာ ခရစ်ယာန်တရားသာသနာပြုကြတဲ့ပုဂ္ဂိုလ်များဖြစ်ကြတဲ့အတွက်   ခရစ်ယာန်ဘာသာတရားရဲ့ တန်ဖိုးတွေကို ဘယ်တော့မှပျောက်ကွယ်မသွားနိုင်တဲ့တန်ဖိုးတွေကို ၊ သခင်ခရစ်တော်အကြောင်းကို ၊ ကျွန်ုပ်တို့ဟာ ကြေညာဟောပြောနိုင်တယ်။ သခင်ခရစ်တော်တရားတော်နှင့် ကိုယ်တော်ရှင်ရဲ့ သက်တော်စင်ကို ကျွန်ုပ်တို့ရဲ့ နှုတ်နဲ့၊ ကျွန်ုပ်တို့ရဲ့ စဉ်းစားတွေးခေါ်မှုနှင့်၊ကျွန်ုပ်တို့ရဲ့ကြံဆောင်မှုများနှင့်၊ ကျွန်ုပ်တို့ရဲ့ လုံ့လများနှင့် ဟောပြောနေကြရတာဖြစ်တဲ့အတွက် ကျွန်ုပ်တို့ တစ်ဦးစီကနေ၊ကိုယ်စီကနေ၊ ကျွန်ုပ်တို့ဒီနေ့ Radio Veritas Myanmar Service , Mandalay  မြို့ရဲ့ ကက်သလစ်သာသနာကနေ တာဝန်ယူပြီး ထုတ်လွှင့်နေတဲ့ မြန်မာအစီအစဉ်တွေ အတွက် သင်တို့အားလုံးရဲ့ ပါဝင်မှုအတွက် ဆရာတော် မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း၊ သာသနာကြီးတစ်ခုလုံးရဲ့ ကိုယ်စားအနေနဲ့သော်လည်းကောင်း၊ သင်တို့အားလုံးကိုကျေးဇူးတင်ပါတယ်။ “ ဟု ဆိုကာ အာဗီအေတွင် အမှုတော်ထမ်းဆောင်နေသူများအားလုံးကိုကျေးဇူးတင်ကြောင်း မြွတ်ကြားတော်မူခဲ့သည်။

မစ္ဆားတရားအပြီးတွင် အာဗီအေ တာဝန်ခံ စစ္စတာရ် လူစီယားသန္တာအောင် (SJA) မှကျေးဇူးတင်စကားကိုပြောကြားခဲ့သည်။စတူဒီယိုအသစ်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီလှူဒါန်းပေးခဲ့ကြသော အလှူရှင်များ နှင့် အာဗီအေထုတ်လွှင့်ခြင်းအစီအစဉ်များတွင် အားတက်သရော  ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးနေသူများအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ယခင်က အာဗီအေမြန်မာဘာသာအစီအစဉ်အနေဖြင့်နှစ်စဉ် တစ်နှစ်တစ်ကြိမ်သောတရှင်များတွေ့ဆုံပွဲကိုပြုလုပ်ပေးလေ့ရှိသော်လည်း ယခုအခါ အခြေအနေအရ သောတရှင်များတွေ့ဆုံပွဲမပြုလုပ်နိုင်ခြင်းကို တာဝန်ခံစစ္စတာရ်လူစီယားသန္တာအောင်က “ ဘာသာအသီးသီး မှ ရေဒီယို လှိုင်းတို သောတရှင်ဟောင်းများ နှင့် ခေတ်သစ် အွန်လိုင်း ဖဲန် အချို့၏ ဆန္ဒ ဖြစ်သည့် လူချင်းတွေ့ဆုံ ပွဲ ကိုတော့ အခြေအနေအရ ပြုလုပ်ပေးနိုင် ခြင်းမရှိသေးတဲ့ အတွက် နားလည်ပေးပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်။ အာဗီအေမြန်မာကို ဆက် လက်အားပေးနေမယ်လို့လည်း မျှော်လင့်ပါတယ်ရှင့်။ ခရစ္စမတ် သို့မဟုတ် နှစ်သစ်ချိန်ခါ မှာ ပရိတ်သတ်များအားလုံး၊ အထူးသဖြင့် TOP FAN အားလုံးအတွက် Spin Wheel ဖြင့် အွန်လိုင်း မဲဖောက်ခြင်း အစီအစဉ် ထပ်မံပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ သောတရှင်များနဲ့ ဖဲန်များအားလုံးက အာဗီအေရဲ့ အသက်ပါ။

ဘာသာမပြု၊ သာသနာပြုတဲ့ အာဗီအေကို ဖတ်မှတ်၊ ကြည့်ရှု ၊ နားဆင် ၊ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 “ ဟု ဆိုကာ သောတရှင်များအတွက် အွန်လိုင်းမဲဖောက်ပေးမည့်အစီအစဉ်ရှိကြောင်း ကြိုတင်ကာအသိပေး ပြောကြားခဲ့သည်။

သောတရှင်တစ်ဦးဖြစ်သူဒေါ်မေရီသောမတ်စ်က ရေဒီယိုအသံလွှင့်ခေတ်မှသည် ယနေ့ အွန်လိုင်း အစီအစဉ်များအထိတိုင် အာဗီအေ၏အမာခံ သောတရှင်တစ်ဦးဖြစ်သည်။ သူမက အာဗီအေ၏ အစီအစဉ်များအား ကြိုက်နှစ်သက်ကြောင်းကိုပြောပြရာမှာ ....

နေ့စဉ်လွှင့်နေတဲ့သတင်းတွေကိုလဲအကုန်နားထောင်တယ်။ ပုပ်ဖရန်စစ်ရဲ့ မင်္ဂလာသတင်းစကားအစီအစဉ်ကိုတအားကြိုက်ပါတယ်။ကဏ္ဍအကုန်လုံးကိုကြိုက်ပါတယ်။အဲ့ဒီအရာတွေအကုန်လုံးကနေ အကျိုးကျေးဇူးတွေအများကြီးရပါတယ်။ ကျွန်မအတွက် နေ့စဉ်ဆေးတစ်ခွက်ပါဘဲ။ ရေဒီယိုနားထောင်စဉ်မှာ ပတ်ဝန်းကျင်က ဘာသာခြားများလည်းနားထောင်ခြင်းအားဖြင့်အာဗီအေကအများကြီးအကျိုးပြုစေခဲ့ပါတယ်။” ဟု အာဗီအေကိုနားထောင်ခြင်းအားဖြင့် ပတ်ဝန်းကျင်အတွက်လဲ အကျိုးကျေးဇူးများရရှိခဲ့ကြောင်းကို ပြောပြခဲ့သည်။

အာရှသမ္မာတရားအသံလွှင့်ဌာန ၊ အာရှခရစ်ယာန်ဒေသနာတော်အသံ မှ     မစ္ဆားတရားတိုက်ရိုက်ထုတ်လွှင့်ခြင်းများ၊ ထောက်ရှုချက်များ၊ခွန်အားပေးစာစုများ၊ သဒ္ဒါကြည်ညိုခြင်း ဆုတောင်းမေတ္တာများ၊ ဘာသာရေးသတင်းများ စတဲ့ အစီအစဉ်များဖြင့်  ဓမ္မမိတ်ဆွေများ အသိ၊သတိရှိကာ ခွန်အားယူရင်း ယုံကြည်ခြင်းကို မျှဝေဘို့ အာရှခရစ်ယာန် ဒေသနာတော်အသံနဲ့ ချိပ်ဆက်ကြပါစို့  ။

အာဗီအေမြန်မာ၏ အစီအစဉ်များ အား Facebook, Instagram, Twitter, YouTube, Website , RVA app စသည့် ဆိုရှယ်မီဒီယာများတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

News by - Pinky

#rvamyanmar #rvapastoralcare #RVANews 

Add new comment

6 + 4 =