အဆိပ်ဖြစ်စေတဲ့အရာတွေကို ဖြတ်တောက်ပစ်ပါ

ဒီကနေ့သီရိဂေဟာ အစီအစဥ်ထဲက လူငယ်ကဏ္ဍအနေဖြင့် အဆိပ်ဖြစ်စေတဲ့အရာတွေကို ဖြတ်တောက်ပစ်ပါ ဆိုတဲ့အကြောင်းအရာလေးကို တင်ဆက်ပေးထားပါတယ်။လက်ရှိ ကိုယ့်ဘေးနားက သူငယ်ချင်းဟာ Toxic friend ဟုတ် မဟုတ် သိဖို့လိုအပ်ပါတယ် True Friend နဲ့ Toxic Friend ရဲ့ ကွာခြားမှုတွေကတော့ 1. True Friend တွေဟာ လူချင်းမတွေ့ရရင်တောင် သတိရတိုင်း သတိရတိုင်း ကိုယ့်ကို ဆက်သွယ်ပါတယ်။ ဘယ်လောက်ဝေးဝေး၊ ရင်ထဲအမြဲနီးနေတဲ့ သူငယ်ချင်းမျိုး ဖြစ်ပါတယ်။ သူလိုအပ်တိုင်း ကိုယ်ရှိသလို ကိုယ်လိုအပ်တိုင်း သူရှိနေတတ်ပါတယ်။ Toxic Friend တွေကတော့ လိုအပ်တဲ့အခါမှသာ ကိုယ့်ကို အဆက်အသွယ်လုပ်မှာဖြစ်ပြီး ကျန်တဲ့အချိန်တိုင်းမှာ ပျောက်ကွယ်နေမှာ ဖြစ်ပါတယ်။ ကိုယ်လိုအပ်တဲ့အချိန်မှာလည်း ဆက်သွယ်လို့မရသလို သူတို့က ကိုယ့်အကူအညီမလိုတဲ့အခါမှာလည်း ဆက်သွယ်လို့ရမှာ မဟုတ်ပါဘူး။ 2. True Friend တွေဟာ ကိုယ့်ရဲ့ ဖြစ်တည်မှု၊ အကြိုက်၊ မူရင်းပုံစံနဲ့ စိတ်သဘောထားတွေကို လက်ခံထားပြီးဖြစ်သလို သဘောလည်းကျပါတယ်။ မဖြစ်မနေ လိုအပ်တာလောက်သာ ပြုပြင်ဖို့ အကြံပေးပါတယ်။ ဒါကြောင့် သူတို့ရှေ့မှာ ဟန်ဆောင်မှုကင်းကင်းနဲ့ လွတ်လပ်စွာ နေနိုင်ပါတယ်။ Toxic Friend တွေကတော့ ကိုယ့်ကို ထိန်းချုပ်ချင်ကြပြီး ကိုယ့်ရဲ့ ဖြစ်တည်မှု၊ အကြိုက်၊ ပုံစံ၊ စိတ်သဘောထား အားလုံးကို သူတို့ဖြစ်စေချင်တဲ့အတိုင်း ပြောင်းလဲပစ်ချင်ကြပါတယ်။ မပြောင်းလဲနိုင်သရွေ့ စိတ်ဒုက္ခပေးတတ်ကြပါတယ်။ ဘာလို့လဲလို့ မေးမယ်ဆိုရင် "ကောင်းစေချင်လို့ပါ" လို့ ဖြေပြပါလိမ့်မယ်။ 3. True Friend တွေဟာ ကိုယ့်ရဲ့အောင်မြင်မှုတိုင်းကို ကိုယ်နဲ့ထပ်တူ ဝမ်းသာပျော်ရွှင်ပေးပါတယ်။ အောင်မြင်တဲ့အချိန်တိုင်းမှာလည်း သူတို့ရှိပါတယ်။ အောင်မြင်မှုတင် မဟုတ်ပါဘူး။ ကျရှုံးမှုဖြစ်လာတဲ့အခါလည်း အတူရှိပေးပြီး အားပေးတတ်ပါတယ်။ Toxic Friend တွေကတော့ ကိုယ့်ရဲ့အောင်မြင်မှု သေးသေးလေးကအစ မနာလို ဖြစ်တတ်ပါတယ်။ စိတ်လိုလက်ရ ဂုဏ်ပြုပေးနိုင်ခြင်း မရှိပါဘူး။ သိသိသာသာကို မကျေမနပ်ဖြစ်နေတတ်ပါတယ်။ အကယ်၍ ကျရှုံးခဲ့ရင်တော့ အားပေးကောင်း ပေးပါလိမ့်မယ်။ နောက်ကွယ်မှာတော့ အဝမ်းသာကြီး ဝမ်းသာနေတတ်သူတွေ ဖြစ်ပါတယ်။ 4. True Friend တွေဟာ ငြင်းခုန်စရာကိစ္စနဲ့ ကြုံလာလို့ ငြင်းကြမယ်ဆိုရင် အချိန်တစ်ခုရောက်တဲ့အခါ ဆွေးနွေးခြင်းဘက်ကို ပြောင်းလဲတတ်ကြပါတယ်။ ငြင်းခုန်မှုဟာ ပျော်ပျော်ရွှင်ရွှင်ပဲ ပြီးဆုံးသွားပြီး နှစ်ဦးသာလက်ခံနိုင်တဲ့ အဖြေလည်း ရရှိပါတယ်။ Toxic Friend တွေကတော့ အငြင်းသန်ပါတယ်။ သူတို့မှန်တဲ့အခါ မှန်ကြောင်းကို အသည်းအသန် သက်သေထူပြီး သူတို့မှားတဲ့အခါ အမှားကိုလက်မခံဘဲ ကိုယ်လက်လျော့တဲ့အထိ အချိန်ဘယ်လောက်ကြာကြာ ငြင်းခုန်တတ်ပါတယ်။ အနိုင်လိုချင်စိတ်ဟာ ကိစ္စသေးသေးလေးတွေမှာတောင် ကြီးစိုးနေတတ်သူတွေ ဖြစ်ပါတယ်။ 5. True Friend တွေဟာ ကိုယ်ပိုင်အချိန်ကို လေးစားမှုပေးပါတယ်။ လွမ်းတဲ့အခါတိုင်း မဖြစ်ဖြစ်အောင် တွေ့ကြပေမယ့် ကိုယ်မအားမလပ်တဲ့အခါလည်း နားလည်ပေးပါတယ်။ Toxic Friend တွေကတော့ သူတို့ကိုယ့်ကို လိုအပ်နေတဲ့အခါ ကိုယ်အားလား၊ မအားဘူးလားဆိုတာကို ဂရုမစိုက်ဘဲ ကိုယ့်ရဲ့အချိန်တွေကို သူတို့နဲ့ ကုန်နေစေပါတယ်။ ကိုယ့်ကို မလိုအပ်တော့ဘူးဆိုရင်တော့ အကြာကြီး ပစ်ထားတတ်ပါတယ်။ 6. True Friend တွေဟာ ကိုယ့်မှာ တခြားသူငယ်ချင်းတွေ ရှိနေတဲ့အခါ လက်ခံပေးပါတယ်။ သူငယ်ချင်းရဲ့ သူငယ်ချင်းမို့ သူငယ်ချင်းတွေလို့ သတ်မှတ်နိုင်ပါတယ်။ သူငယ်ချင်းကိစ္စနဲ့ ပတ်သက်ရင် ကိုယ့်ကို အကျပ်အတည်းထဲရောက်အောင် မလုပ်ဘဲ နားလည်ပေးတတ်ပါတယ်။ Toxic Friend တွေကတော့ ကိုယ့်မှာ တခြားသူငယ်ချင်းရှိလာတဲ့အခါ လုံးဝ မကြည်ဖြူပါဘူး။ ဖြူစင်တဲ့ သဝန်တိုမှုမျိုး မဟုတ်ဘဲ ကိုယ်ဟာ သူ့အပိုင်ဖြစ်ရမယ်၊ သူတို့ကြိုးဆွဲရာပဲ က ရမယ်လို့ စိတ်ထဲ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ 7. True Friend တွေဟာ empathetic ဖြစ်ပါတယ်။ ကိုယ့်ကို နားလည်မှုတွေ ပေးနိုင်ပါတယ်။ မျှဝေခံစားပေးနိုင်ပါတယ်။ ကိုယ်က 100 နာကျင်နေရင် သူတို့က 50 ကို မျှပြီးခံစားပေးကာ အနာသက်သာစေပါတယ်။ Toxic Friend တွေကတော့ hurtful ဖြစ်ပါတယ်။ ကိုယ့်ကို နားမလည်ပေးနိုင်သလို အနာပေါ် ထပ်နာအောင် လုပ်တတ်ပါတယ်။ ကိုယ်က 100 နာကျင်နေရင် သူတို့က 200 ထိနာအောင် ပြုလုပ်တတ်ပါတယ်။ 8. True Friend တွေဟာ ကိုယ့်ကိုလေးစားမှုပေးသလို သူတို့ကိုယ် သူတို့လည်း လေးစားပါတယ်။ သည်းခံပေးပါတယ်။ ချစ်တာက ချစ်တာ သက်သက်၊ ထားရှိရမယ့် စည်းတွေ၊ ဘောင်တွေ ရှိတာက သက်သက် ဆိုတာကို နားလည်ကြပါတယ်။ Toxic Friend တွေကတော့ အချင်းချင်းလေးစားမှုဆိုတာ မရှိပါဘူး။ စိတ်ခံစားချက်တွေကို ခပ်မြန်မြန် ခပ်လွယ်လွယ် ထုတ်ပြတတ်ပါတယ်။ စည်းတွေ၊ ဘောင်တွေလည်း မရှိပါဘူး။ သူတို့နဲ့ ပတ်သက်မိတိုင်း စိတ်မော၊ လူမော ဖြစ်ရပါတယ်။ ဒီအချက်လေးတွေအရ လက်ရှိပေါင်းသင်းနေတဲ့သူဟာ Toxic Friend ဖြစ်နေမှန်း သေချာပြီဆိုတာနဲ့ သူ့ကို လက်လွှတ်ရပါမယ်။ စွန့်ခွာရပါတယ်။ ဖြတ်တောက်ရပါမယ်။ သူ့အစား ကိုယ့်ဘေးမှာ True Friend တွေကို ပိုပြီး ထားရှိရပါမယ်။ ပိုအရေးကြီးတာက ကိုယ်ကိုယ်တိုင်ကလည်း True Friend တစ်ဦးဖြစ်အောင် နေထိုင်တတ်ရပါမယ်။ သူများအပေါ် Toxic Friend မဖြစ်စေရပါဘူး။ အဲ့လိုနေထိုင်သွားမှသာ ကိုယ့်ရဲ့ဘဝဟာ ပျော်ရွှင်အေးချမ်းမှုတွေ ဆထက် ဆထက် တိုးပွါးလာမှာ ဖြစ်ပါတယ်။ မမေ့ပါနဲ့ … ကိုယ့်ကိုယ်ကို ချစ်ဖို့အတွက် အဆိပ်ရှိတဲ့သံယောစဉ်တွေကို ဖြတ်တောက်ပစ်ရပါမယ်။

Add new comment

1 + 6 =