ဘာဗရာ ပွဲနေ့..ဒီဇင်ဘာ ၄ရက်

ဘာဗရာ ပွဲနေ့..ဒီဇင်ဘာ ၄ရက်

 

ကမ်းခြေတစ်နေရာသို့ ဝတ်ရုံရှည်ကိုခြုံထားသော လူတစ်ယောက် လှမ်းလာ၏။

ခပ်လှမ်းလှမ်းဆီမှလည်း လူတစ်စုတို့က မျက်နှာမူရာဆီဦးတည်လာကြ၏။

ဝတ်ရုံရှည်ခြုံထားသူနှင့် လူတစ်စုတို့ ထိပ်တိုက်တွေ့ကြလေပြီး...

ဝတ်ရုံရှည် ဝတ်ထားသူသည် ခေါင်းစွပ်ကို ဖယ်လိုက်ရာ ဆံပင်ရွှေအိုရောင်နှင့် လှပလွန်းသော မိန်းမပျိုလေး၏ မျက်နှာ ပေါ်လာ၏။

သူမသည် သဲသောင်ပြင်ပေါ်၌ လက်ညိုးဖြင့်''ငါး'' ပုံစံရေးဆွဲလိုက်လေသည်။ ထိုအခါမှ လူတစ်စုက စိတ်ချသွားဟန်ဖြင့် မိန်ကလေးအနားကပ်လာကာ...တီးတိုးတိုင်ပင်ကြတော့သည်။

ခရစ်ယာန်တစ်စုနှင့် လျို့ဝှက်စွာ အကူအညီပေးသော သခင်မလေးဘာဗရာ...

 

ခရစ်တော်ပေါ်ပြီး ၂ရာစုခန့်က...

Barbara(ဂရိလို တစ်ပြည်သူဟု အမည်ရ၏)သည် တူရကီ၌ မွေးဖွားခဲ့သည်။

ဖခင်မှာ ရောမ နတ်ဘုရားများကို ကိုးကွယ်သည့် ရောမအင်ပါယာမှ အုပ်ချုပ်သူများထဲမှ တစ်ဦး...

မိခင်မှာ..တိတ်တဆိတ် ခရစ်ယာန်ဘာသာဝင်ထားသူ...

သမီးကလေးမွေးပြီးနောက်ပိုင်းတွင် မိန်းမဖြစ်သူ၏ ဘာသာအသစ်ကို ရိပ်မိလာသောအခါ နတ်ဘုရားများအား သစ္စာ ဖောက်သည်ဟု အပြင်းအထန်စွပ်စွဲလေတော့သည်။

နောက်ပိုင်း ဇနီးသည်မှာ ရောမသားများလက်ချက်ဖြင့်အသတ်ခံရတော့သည်။

ဇနီးသည် သေဆုံးစဉ်က ဘာဗရာလေးမှာ လူမမယ်လေး...ဖခင်ကလည်း ရေငုံနုတ်ပိတ်ထား၏။

သမီးငယ်လေးလိုရာကို အမြဲဖြည့်ဆည်းပေးခဲ့လေသည်။

ရောမသို့ ပြောင်းရွှေ့နေထိုင်ကြသည်မှာလည်း သမီးငယ်လေးတစ်သက်။

ယခုမူ သူမသည် အပျိုကြီးဖားဖား ဖြစ်နေပြီး..

သူသည် အုပ်ချုပ်သူများထဲမှ အဖွဲ့ဝင်ဖြစ်သည့်အလျောက် ခက်ထန် ကြမ်းတမ်း၏။ သမီးလေးမှာတော့ ဖွေးဖွေးဥဥ စံပယ်လေးအလားနူးညံ့လွန်းနေ၏။

တစ်နေ့ အုပ်ချုပ်သူထဲမှ အကြီးအကဲတစ်ယောက် ဘာဗရာလေးကို မြင်တွေ့ရာမှ ပြဿနာက စတော့သည်။

 

တစ်နေ့..

"သမီး.. အဖေတို့ အကြီးအကဲအဖွဲ့ထဲက လူက သမီးလေးကို နှစ်သက်နေတယ်..အဖေကို ခွင့်တောင်းလို့ အဖေ ခွင့်ပြုလိုက်တယ်။''

"သမီးဆန္ဒမပါဘဲ အဖေက ဘာလို့ သဘောတူရတာလဲ''

"သူက ရာထူးလည်းကြီးတယ်...သမီးလေးချမ်းချမ်းသာသာ နေရမှာပါကွယ်..''

"ဟင့်အင်း..ဟင့်အင်း...သမီးက တစ်သက်လုံး ကညာစင်ဘဝနဲ့ နေမလို့ ဆုံးဖြတ်ထားတာပါ...သမီးလုံးဝ သဘောမတူဘူး..''

အခြေအနေက တင်းမာကုန်ပြီး.....

ဘာဗာရာလေးမှာ အစေခံတို့မှ တဆင့်ကြားသိရသော မိခင်၏ ဘာသာတရား၊ ကြင်နာမှုတို့ကို လွမ်းဆွတ်တမ်းတနေမိ၏။

အစေခံအချို့မှာလည်း လျို့ဝှက်စွာ ခရစ်ယာန်ဘာသာကို ခံယူထားကြပြီး ဖြစ်သည်။

ဘာဗာရာ မှာ သခင်ခရစ်တော်ထံသို့ မိမိဘဝကို ပူဇော်ထားပြီးဖြစ်၍ လက်ထပ်ဖို့ မဖြစ်နိုင်ပါချေ။

ဖခင်ဖြစ်သူမှာ သမီး၏ ငြင်းဆန်မှုအဆုံး ဒေါသလည်းထွက် ၊ ရှက်လည်းရှက်ကာ ရဲတိုက် အဆောင် တစ်ခု၌ ပိတ်ကာ အစေခံများနှင့်ပင် အဆက်အသွယ်မပြုရဘဲ အကျဉ်းချထားလေ၏။

တစ်နေ့ ဖခင်ဖြစ်သူ ရဲတိုက်ဆီသို့ လာကြည့်ရာ ဆုတောင်းနေသည့် သမီးနှင့် နံရံကိုဖောက်ထားသော ပြတင်းပေါက် သေးသေးသုံးပေါက်ကို သတိပြုမိသွား၏။

ဘာဗာရာမှာ ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားကို ရည်ညွှန်းကာ အဆောင်ကို ပြတင်းပေါက်လေး၃ခု လုပ်ခဲ့ခြင်းဖြစ်၏။

ဖခင်ဖြစ်သည်လည်း သမီးက ခရစ်ယာန်ဖြစ်သွားမှန်းသိသောအခါ အမျိုးမျိုး ​ဖောင်းဖျ ပြန်၏။

ပြစ်မှု့ကား ကြီးသွားလေပြီး..

မင်္ဂလာစေ့စပ်ရေးကိစ္စကို လက်မခံမှု့၊ ခရစ်ယာန်ဘာသာသို့ ဝင်ရောက်မှု့တို့ဖြင့်...

ဖခင်ကြီးကိုယ်တိုင် စစ်ဆေးရန် ရုံးအဖွဲ့အကြီးအကဲများ ရှေ့သို့ ခေါ်ဆောင်လာ၏။

အဖော် လူကြီးများရှေ့တွင် ဖခင်ကြီးမှာ များစွာ အရှက်ရချေပြီး...

သူမကလည်း သတ္တိရှိစွာ ခရစ်ယာန်တစ်ယောက်ဖြစ်ကြောင်း ဝန်ခံလေ၏။ ထိုအခါ ရောမစစ်သားတို့ကို သံဆူးကြိုးများကို ကြာပွတ်သဖွယ်လုပ်ကာ

ဘာဗာရာလေးအား ရိုက်နှက်စေ၏။

ထူးဆန်းစွာ သံဆူးကြိုးများမှာ ဒေါင်းမွေးများသဖွယ် ကူးပြောင်းသွားရာ သူမအတွက် နာကျင်မှု့ မဖြစ်ခဲ့ချေ။

သူမကို နည်းမျိုးစုံဖြင့် နှိပ်စက်ကြပြန်၏။

"ကဲ...နင့်အဖေရဲ့ မျက်နှာကို ထောက်ပြီး နောက်ဆုံးအခွင့်အရေးပေးမယ်.....ရောမ နတ်ဘုရားရုပ်ထုရှေ့မှာ ယဇ်ပူဇော်ပြပါ''

"ကျမက ခရစ်ယာန်တစ်ယောက် ဖြစ်တဲ့အတွက် လက်ဝါးကပ်တိုင်ကလွဲ လို့ ကျန်တာဘာကိုမှ အရိုအသေမပြုနိုင်တော့ပါဘူး..''

ထိုအခါ အကြီးအကဲက ဒေါသအမျက် ချောင်းချောင်းထွက်ကာ..

"ဒီလောက် ခေါင်းမာတာ...ဟေ့...ရောမ မြို့သားတွေ.. ဘာဗာရာကို မင်းတို့ကြိုက်တာ လုပ်ကြ...ပျော်တော်ဆက် သဘောပေါ့ကွာ...''

ဖခင်ကြီးမှာ သမီး၏ ခေါင်းမာမှုကို အမျက်ထွက်ကာ..အဖော် အရာရှိများကြား အရှက်ရလွန်းသောကြောင်း မိမိ၏ ဓားဖြင့် သမီးဖြစ်သူကို လူအများရှေ့ ခေါင်းဖြတ်ပစ်လိုက်တော့၏..

လူသတ်ကွင်းတစ်ခုလုံး တိတ်ကျသွား၏။

သမီး၏ ခေါင်းပြတ်ကြီးကို ကိုင်ထားသော နတ်ဘုရား၏ သစ္စာခံရောမမြို့ အရာရှိကြီး...

ထိုခဏ၌ နွေခေါင်ခေါင် ကောင်းကင်မှ လျှပ်စီးလက်ကာ မိုးကြိုးပစ်ချလိုက်လေ၏။

သမီး၏ အလောင်းနံဘေး...မိုးကြိုးပစ်သေဆုံးသွားသော ဖခင်ကြီး........

ယနေ့ထက်တိုင်

လျှပ်စစ်၊ မိုးကြိုးအန္တရာယ်မှ ကာကွယ်နိုင်ရန်

💡St. Barbara ကို ဆုတောင်းကြ၏။

သူမသည် မီးသတ်ဝန်ထမ်းများ အထူးအားကိုးဆုတောင်းရသော ရဟန္တာ တစ်ပါးလည်းဖြစ်သည်။

I Santi di tutto L'anno မှ Barbaraကို ဘာသာပြန်သည်။

Credit: Sr. New New Nandar

Add new comment

1 + 18 =