ပညာအမျှော်အမြင်ရှိသောနှလုံးသားကို ပိုင်ဆိုင်နိုင်ကြစေဘို့

ဒီတပတ်မှာ ပညာအမျှော်အမြင်ရှိသောနှလုံးသားကို ပိုင်ဆိုင်နိုင်ကြစေဘို့ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဝေငှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ သောတရှင်ဓမ္မမိတ်ဆွေများရှင်၊ ဖေဖော်၀ါရီလ ၁၁ ရက်နေ့ဟာဆိုရင် လုဒ်မယ်တော်သခင်မရဲ့ ပွဲတော်နေ့ကြီးလဲဖြစ်ပြီး ကမ္ဘာ့နာမကျန်းသူများနေ့ကို ပုပ်ရဟန်းမင်းကြီးယောဟန်ပေါလူး စိန့်ဂျွန်ပေါလ် က စတင်ခဲ့တာပဲဖြစ်ပါတယ်။

၁။ ပညာအမျှော်အမြင်ရှိသောနှလုံးသားဆိုတာ ကိုယ့်ရဲ့ စိတ်နှလုံးသားထဲမှာ သန့်ရှင်းသော၀ိညာဉ်တော်ရဲ့ အသက်သွင်းပေးမှုကြောင့် ဝိညာဉ်တော်ရဲ့အမြင်နဲ့ အရာအားလုံးကို မြင်သောသူ ဒုက္ခရောက်သူ ညီကိုမောင်နှမတွေရဲ့ ဒုက္ခတွေကို ခံစားပေးတတ်ပြီး ဒီဒုက္ခရောက်သူတွေထဲမှာ ဘုရားရှင်ရဲ့ ပုံသဏ္ဍာန်တော်ကို မြင်တွေ့သူများပဲဖြစ်ကြတယ်။ ဒါကြောင့် ဆာလံ ၉၀:၁၂ အတိုင်း ကျွန်ုပ်၏ နေ့ရက်များကို ရေတွက်တတ်ရန်သွန်သင်ပေးတော်မူပါ။ သို့မှသာလျင် အကျွန်ုပ်သည် ပညာအမျှော်အမြင်ရှိသောနှလုံးသားကို ပိုင်ဆိုင်ရပါလိမ့်မယ်လို့ ကျွန်ုပ်တို့ ဆုတောင်းကြပါစို့။ ဒါဟာ ကမ္ဘာ့ နာမကျန်းသူများနေ့အတွက် ဘုရားရှင်ပေးတဲ့ လက်ဆောင်တော်ပါလို့ အရှင်သူမြတ်က မြွက်ကြားခဲ့တာပါ။

၂။ ပညာအမျှော်အမြင်ရှိသောနှလုံးသားဆိုတာ ဒုက္ခ ရောက်သူညီကိုမောင်နှမတေကို အစေခံတဲ့သူဖြစ်တယ်။ ဒါဟာ ယောဘ ဆိုခဲ့တဲ့အတိုင်း မျက်စိမမြင်သူအတွက် ငါဟာမျက်စိဖြစ်တယ်။ ခြေမသန်သူတေ အတွက် ခြေဖြစ်တယ် ဆိုတဲ့ အစေခံမှုကိုဆိုလိုတာပါ။
ဒီနေ့ခရစ်ယာန်တွေ အများကြီးဟာ အပြောနဲ့ မဟုတ်ပဲ စစ်မှန်တဲ့ယုံကြည်ခြင်းနဲ့ သူတို့ရဲ့ ဘဝသက်တာကို အမြစ်တွယ်စေခဲ့ပြီး မျက်စိမမြင်သူအတွက် မျက်စိဖြစ်ခဲ့ကြတယ်။ ခြေမသန်သူတေ အတွက် ခြေဖြစ်ခဲ့ကြပါတယ်။ သူတို့တေဟာ မမာမကျန်းသူတေ အနီးမှာရှိနေပြီး လျော်ဖွတ်ပေးတယ် သန့်စင်ပေးတယ် ကျွေးမွေးပေးကြတယ် တကယ်တော့ ဒီလိုအစေခံခြင်းမျိုးတွေဟာ ကြာလာရင်မောပန်းလာပြီး ဝန်ထုပ်၀န်ပိုးဖြစ်လာတတ်ပါတယ်။ တဉီးတယောက်ကို ခဏရက်အနည်းငယ်ကူပေးနိုင်ပေမဲ့ နှစ်ချီ လချီကြာရင်တော့ မလွယ်တော့ပါဘူးဒါပေမဲ့ ဘုရားရှင်နဲ့ နီးကပ်စွာရှိပြီး ထူးခြားတဲ့ အဓိပ္ပာယ်နဲ့ အသင်းတော်ကြီးရဲ့ သာသနာလုပ်ငန်းမှာပါဝင်ခြင်းအားဖြင့် ခက်ခဲတဲ့ အခြေအနေတွေကို ဖြတ်​ကျော်ပြီး ဒုက္ခရောက်သူတွေကို ကူညီပေးနိုင်ကြပါလိမ့်မယ်လို့ အရှင်သူမြတ်က မြွက်ကြားခဲ့တာဖြစ်ပါတယ်။ 

၃။ ပညာအမျှော်အမြင်ရှိသောနှလုံးသားဆိုတာ ဒုက္ခရောက်သူ ညီကိုမောင်နှမတွေနဲ့ အတူရှိနေပေးခြင်း ဖြစ်တယ်။ နာမကျန်းသူတွေနဲ့ အချိန်ပေးပြီး နေတဲ့ အချိန်ကာလဟာဆိုရင် သန့်ရှင်းမွန်မြတ်သော အချိန်ကာလ ဖြစ်ပါတယ်။ ဒါဟာဆိုရင် အစေခံခြင်းကို ခံယူဘို့ မဟုတ်ပဲ ကိုယ်ကိုယ်တိုင်က အစေခံဘို့ ကြွရောက်လာခဲ့တဲ့ သခင်ခရစ်တော်ရဲ့ ပုံသဏ္ဍာန်တော်နဲ့ ကိုက်ညီ ပြီး ဘုရားရှင်ကို ချီးမွမ်းနေတဲ့ လမ်းစဉ်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ 

၄။ ပညာအမျှော်အမြင်ရှိသောနှလုံးသားဆိုတာ ဒုက္ခရောက်သူ ညီကိုမောင်နှမတွေဆီသို့ ကိုယ်ကိုယ်တိုင်ရှေ့ထွက် အရောက်လှမ်းခြင်းပဲ ဖြစ်ပါတယ်။ မကြာခဏဆိုသလို နာမကျန်းသူတွေ ရဲ့ဘေးမှာ ဖြုန်းရတဲ့ တန်ဖိုးရှိတဲ့ အချိန်ကိုပေးဘို့ ကမ္ဘာကြီးဟာ မေ့လျော့နေတယ်။ မကြာခဏ ဆိုသလို ကိုယ့်ဘာသာကိုယ်နဲ့ အလုပ်များ ရှုပ်ရှက်ခပ်နေကြတော့ နာမကျန်းသူတွေကို ကြည့်ရှုစောင့်ရှောက်ဘို့ တာ၀န်မကြေနိုင်ကြဘူး။ အေးတိအေးစက်ဖြစ်နေတတ်ကြပါတယ်။ ဒီလိုချိန်မှာ ရှင်မာတေဉီး ဧဝံဂေလိကျမ်း ၂၅:၄၀ က တစ်ဉီးတစ်ယောက်ကိုပြုစုခြင်းသည် ငါ့ကိုပြုစုခြင်းဖြစ်တယ်ဆိုတဲ့ ကျမ်းချက် ကိုသတိယကြပါစို့လို့ အရှင်သူမြတ်က ဖိတ်ခေါ်ထားပါတယ်။ သောတရှင် ဓမ္မမိတ်ဆွေများရှင်၊ 

၅။ ပညာအမျှော်အမြင်ရှိသောနှလုံးသားဆိုတာ ဒုက္ခရောက်သူ ညီကိုမောင်နှမတွေကို တရားစီရင် ဆုံးဖြတ်ဝေဖန်ခြင်း မပြုပဲနဲ့ သူတို့နဲ့ တလုံးတဝ တည်းရှိနေသူတွေပါတဲ့။ ဂရုဏာဆိုတာ အချိန်ယူရပါတယ်။ မမာမကျန်းသူတွေကို ဂရုစိုက်ရမဲ့အချိန်၊ မမာ မကျန်းသူတွေဆီ လည်ပတ်ရမယ့်အချိန်ဆိုတာ ရှိပါတယ်။ ယောဘရဲ့ မိတ်ဆွေ ယောဘ ဒုက္ခရောက်တဲ့ အခါ ၇ ရက် ၇ ည စကားတလုံးမှ မပြောပဲ ၊ သူနဲ့အတူ ရှိနေပေးခဲ့ကြတယ်။ ယောဘ ခံနေရတာ ကြီးမားတဲ့ ဒုက္ခဆိုတာ သူတို့တွေ နားလည် ခံစားပေးပြီး ယောဘနဲ့ တလုံးတဝ တည်း ထပ်တူ ထပ်မျှ ရှိနေခဲ့ကြတယ်။ ဒ့ပေမယ့် သူ့မိတ်ဆွေတွေက ယောဘတယောက် ဒီလိုခံရတာဟာ သူ့အပြစ်တွေ အတွက်ဘုရားဒဏ်ခတ်တာလို့ ထင်ခဲ့ကြပါတယ်။ စစ်မှန်တဲ့ ဂရုဏာ မေတ္တာဆိုတာ မဝေဖန်၊ မကဲ့ရဲ့ ၊ မစီရင်ခြင်းပဲ ဖြစ်ပါတယ်။ နာမကျန်းဖြစ်ခြင်း အထီးကျန်ခြင်း၊ မစွမ်းဆောင်နိုင်ခြင်း၊ ဘေးချိတ်ထား ခံရခြင်းတွေဟာ တပါးသူတွေဆီသွားဘို့ ကျွန်ုပ်တို့ အတွက် ခက်ခဲနိုင်ပေမယ့်၊ ဒီဒုက္ခ ဝေဒနာတွေဟာ ကျေးဇူးတော် စမ်းရေကို သယ်ဆောင်ပေးတဲ့ ပညာအမျှော်အမြင်ရှိသောနှလုံးသားကို ပိုင်ဆိုင်စေဘို့ အကြောင်းနဲ့ အခွင့်အလမ်းတွေပဲ ဖြစ်ပါတယ်။ ယောဘရဲ့ အတွေ့အကြုံအားဖြင့် ကျွန်ုပ်တို့သင်ယူနိုင်ကြပါတယ်။ နောက်ဆုံးတော့ ယောဘ ပြောနိုင်ခဲ့တာက ကိုယ်တော့်ကို နားနဲ့ ကျွန်ုပ် ကြားဖူးခဲ့ပြီး အခုတော့ ကျွန်ုပ်ဟာ မျက်စိနဲ့ မြင်ရပါ၏ ဆိုတဲ့ အတွေ့အကြုံပဲဖြစ်ပါတယ်။ လူတွေက ဒုက္ခတွေ နာကြင်မှုတွေရဲ့ အချက်ကြီးတွေမှာ နှစ်မြုပ်ထားကြတယ်။ ဒါတွေကို တကယ် အပြည့်အ၀ကြီး နားမလည်နိုင်ရင်တောင် ယုံကြည်ခြင်းနဲ့ လက်ခံထွေးပိုက်ရင်း သူတို့ဟာ အသက်ရှင်လျက် ယုံကြည်ခြင်းကို သက်သေခံနိုင်ကြသူများဖြစ်ပါတယ်။ ဒီကမ္ဘာ့နာမကျန်းသူများနေ့ကို ပညာအမျှော်အမြင်ရှိ လူ့အဖြစ်ကိုယူသော သားတော်ယေဇူးကို ပဋိသန္ဓေ စွဲယူပြီး မွေးဖွားသန့်စင်ပေးခဲ့တဲ့ အမိမယ်တော်ရဲ့ စောင်မခြင်းမှာ ကျွန်ုပ်ယုံကြည်စွာ အပ်နှံလိုက်ပါတယ်။ ပညာတော်ကျိန်းဝပ်ရာ ဌာနဖြစ်တော်မူသော အိုမယ်တော်မာရီယား ကျွန်ုပ်တို့၏ မိခင်အဖြစ် နာမကျန်းသူများနဲ့ သူတို့ကို စောင့်ရှောက်သူများအတွက် ဆုတောင်းပေးတော်မူပါ။ ဒုက္ခခံစားနေရသောသူများကို အစေခံခြင်းဖြင့်၄င်း၊ ဒီဒုက္ခများတွေ့ကြုံခံစားရခြင်းဖြင့်၄င်း၊ အကျွန်ုပ်တို့သည် ပညာအမျှော်အမြင်ရှိသော နှလုံးသားကို လက်ခံစိုက်ပျိုးသူများဖြစ်နိုင်ရန်အတွက် ကျေးဇူးတော်ကို တောင်းလျှောက်ပေးတော်မူပါ။ အာမင်လို့ အရှင်သူမြတ်ကဆုတောင်းရင်း ကောင်းကြီးမင်္ဂလာပေးပြီး ကမ္ဘာ့ နာမကျန်းသူများနေ့အတွက် ၄င်းရဲ့မင်္ဂလာသတင်းစကားကို အဆုံးသတ်ခဲ့ပါတယ်ဆိုတာကို ဝေငှပေးရင်း  ဒီမှာပဲရပ်နားလိုက်ပါတယ်။ 

By Sr.Lucia Thandar Aung,SJA

Add new comment

5 + 8 =