မန္တလေးသာသနာ၊စိန့်မိုက်ကယ်သာသနာအုပ်စုတွင် ပထမဆုံးအကြိမ်ဖြစ် (၂၅)နှစ်ပြည့်ဓမ္မဆရာ ဂျူဗလီကျင်းပ

မန္တလေးသာသနာ၊စိန့်မိုက်ကယ်သာသနာအုပ်စုတွင် ပထမဆုံးအကြိမ်ဖြစ် (၂၅)နှစ်ပြည့်ဓမ္မဆရာ ဂျူဗလီကျင်းပ

မန္တလေးသာသနာ၊စိန့်မိုက်ကယ်သာသနာအုပ်စုတွင် ပထမဆုံးအကြိမ်ဖြစ် (၂၅)နှစ်ပြည့်ဓမ္မဆရာ ဂျူဗလီကျင်းပ

22.10.2022 (RVA Myanmar)

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ စိန့်မိုက်ကယ်သံဝင်းသာသနာအုပ်စုမှ ဦးစိုးနိုင် သည် ဓမ္မဆရာအဖြစ် သူ၏ သာသနာအုပ်စုအတွင်း ဆက်ကပ် အမှုတော် ဆောင်ခဲ့ သည်မှာ ယနေ့ (အောက်တိုဘာလ-၂၂) ရက်နေ့၊၂၀၂၂ ခုနှစ်တွင် နှစ်ပေါင်း (၂၅) နှစ်တိတိတိုင်ခဲ့ပြီဖြစ်သည်။

ဓမ္မဆရာအဖြစ်ဆက်ကပ်ခြင်း (၂၅)နှစ်ပြည့်သည့်အတွက် ဘုရားရှင်အား ကျေးဇူးတင် ချီးမွမ်းသည့်အနေဖြင့် ဂျူဗလီ ကျေးဇူးတင်မစ္ဆားတရားကို  ယနေ့ (၂၂.၁၀.၂၀၂၂ ) ရက်နေ့ နံနက် (၆း၃၀) က ပြုလုပ်ခဲ့ပါသည်။ ဂျူဗလီ မစ္ဆာတရားတော်မြတ်၌ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ် ဩဂတ်စတင်း ဝင်းမြင့်မှာ ကျန်းမာရေးအခြေအနေရပါဝင်နိုင်ခြင်းမရှိခဲ့ပေ။ သို့သော်လည်း ဤပွဲပြုလုပ်ရန်အတွက် ကျောင်းထိုင်ဘုန်းကြီးမှ အားပေးလမ်းညွှန်ခဲ့ခြင်းဖြစ်သည်။

မစ္ဆားတရားအား စိန့်မိုက်ကယ် သာသနာ အုပ်စုတွင် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် အုပ်ချုပ်ခဲ့ဖူး သော Fr. Dominic ဂြိုဟ်တု၊ Fr. John မောင်ဆန်း၊ စိန့်မိုက် ကယ်သာသနာအုပ်စုမှ ရဟန်းတော်များဖြစ်သွားသော Fr.ဂျွန်ဦးစိုးတင့်၊Fr.နေကျော်လွင်၊ Fr.ယူဂျင်း၊တို့မှ မစ္ဆားတရား တော်မြတ်၌ ပါဝင်ခဲ့ပြီး Fr. ဂြိုဟ်တုမှ မစ္ဆားတရားကို  ဦးဆောင်ကာ ပူဇော်ခဲ့သည်။

ဖာသာရ်ဂြိုဟ်တုမှ ဩဝါဒတရားရေးအေးတိုက်ကျွေးရာတွင်ခရစ်ယာန်တစ်ဦးတွင် ရှိရမည့် ဝိညာဉ်တော်နှင့်ပြည့်ဝသည့် အသီး(၁၂) အကြောင်းကို မြွတ်ကြားခဲ့ပါသည်။

“ ခရစ်တော်၌ ဓမ္မဆရာပဲဖြစ်ဖြစ်၊ ရဟန်းပဲဖြစ်ဖြစ်၊ သီလရှင်ပဲဖြစ်ဖြစ်၊ သာမန်ခရစ်ယာန်ပဲ ဖြစ်ဖြစ်အမှန်တရားအတွက်ဘဝကိုနှစ်မြုပ်ထားကြရမှာဖြစ်တယ်။

ကိုယ်စီရဲ့ခေါ်တော်မူခြင်းကဘာလဲ။အသီးသီးဖို့ခေါ်တာဖြစ်တယ်။လူတိုင်းကအသီးသီးရမယ်။ပြောင်းလဲခြင်းကနေဖြစ်ပေါ်လာတဲ့အသီးသီးတာကိုဘုရားရှင်အလိုရှိတယ်။

ခရစ်ယာန်တိုင်းအသီးတစ်ဆယ့်နှစ်သီးသီးရမယ်။အဲ့ဒီအသီးတွေကချစ်ခြင်း၊ဝမ်းမြောက်ခြင်း၊ငြိမ်းချမ်းခြင်း၊သည်းခံခြင်း၊သနားကြင်နာခြင်း၊ကောင်းမြတ်ခြင်း၊စိတ်ရှည်ခြင်း၊နူးညံ့သိမ်မွေ့ခြင်း၊သမ္မာဓိရှိခြင်း၊ ကာအိန္ဒြေရှိခြင်း၊ မိမိကိုယ်ကို ချုပ်တည်းခြင်း၊ စင်ကြယ်ခြင်း၊ ကိုယ့်ဘဝမှာ အသီးသီးနေရင် ဘုရားရဲ့ ဘုန်းတော်ဂုဏ်တော်တွေမှာ ၊ ပတ်ဝန်းကျင်မှာ ထင်ရှားနေသလိုလူတွေဟာလည်းအများကြီးအံ့ဩဖွယ်ပြောင်းလဲနေတဲ့ဘုရားသားသမီးတွေဖြစ်နေကြမှာအမှန်ပဲ။ကိုယ်စီရဲ့ရှင်သန်ဆောက်တည်ဆက်ကပ်ခြင်း၊ဓမ္မဆရာ၊သီလရှင်၊ရဟန်းဘုန်းတော်ကြီးတွေရဲ့ဆောက်တည်ဆက်ကပ်ခြင်းဟာမရှိမဖြစ်သာသနာတော်ကိုတည်ထောင်တဲ့နေရာမှာ ခရစ်တော်ရဲ့ နက်နဲ့ရာ ခန္ဓာကို တည်ဆောက်တဲ့နေရာမှာ အရမ်းအရေးကြီးတယ်။ ” ဟုဆိုကာ ဩဝါဒတရားကိုမြွက်ကြားခဲ့ပါသည်။

 

၁၉၉၁ ခုနှစ်မှ ၂၀၀၂ ထိ ဖာသာရ်ဂြိုဟ်တု သံဝင်းတွင်ကျောင်းထိုင်အဖြစ်တာဝန်ကျစဉ် ဦးစိုးနိုင်မှာ လူငယ်ခေါင်း ဆောင်တစ်ဦးဖြစ်သည်။ ဦးစိုးနိုင်အနေဖြင့် ဓမ္မဆရာ သင်တန်း ကျောင်းဆင်း တစ်ဦး မဟုတ်သော်လည်း  ဖာသာရ်ဂြိုဟ်တု နှင့်အတူ ဘုရားစကား သင်ကြားခြင်းတွင် အတူ တကွပါဝင်ရာမှစ၍ ဓမ္မဆရာတစ်ဦးဖြစ်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် ဆရာသည် လက်ထပ်ထိမ်းမြားခြင်းစက္ကရမင်တူးကိုခံယူခဲ့ပြီး ထိုနှစ်၌ပင် ဘုန်းတော်ကြီးမှဓမ္မဆရာအဖြစ်ရွေးချယ်ခဲ့ပြီးဂိုဏ်းချုပ်ဆရာတော်ကြီးအာရ်ဖုန်းစ်ဦးသန်းအောင်ထံတင်ပြခဲ့ရမှဆရာတော်ကြီးမှလည်းဓမ္မဆရာအဖြစ်တရားဝင်ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

 

ဂျူဗလီရှင် ဦးစိုးနိုင်မှ “ ဓမ္မဆရာ အဖြစ်အမှုတော်ဆောင်ခြင်း နှစ်ဆယ့်ငါး နှစ်ပြည့်ဂျူဗလီပွဲကို ကျင်းပ ခြင်းဟာနှစ်ဆယ့်ငါးနှစ်တိုင်တိုင် ဘုရားရှင် အပေါ် မှာ ဘဝအသက်တာအားဖြင့် အစေခံနိုင် ခွင့်ရရှိသည့်အတွက်ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်သည့်အနေဖြင့် ဒီပွဲတော်လေးကို ကျင်းပရခြင်းဖြစ်ပါတယ်။ ”

“ဒုတိယတစ်ချက်အနေနဲ့ဓမ္မဆရာများဟာလည်းသာသနာတော်ကြီးအတွက်တစ်ထောင့် တစ်နေရာကနေပြီးတော့ဘုရားအမှုတော်ဆောင်နေကြတဲ့ခေါ်တော်မူခြင်းဘဝအသက်တာနဲ့အစေခံနေကြတဲ့သူတွေဖြစ်တယ်ဆိုတာကိုလည်းဒီကနေ့ဖော်ပြချင်တာဖြစ်တယ်။

ဓမ္မဆရာအသက်တာအားဖြင့်မန္တလေးသာသနာမှာ အစေခံ တာ ဟာ ၂၅ နှစ်ပြည့်တယ်။ ရှေးယခင်ကတည်းက မန္တလေး သာသနာမှာ ဓမ္မဆရာ ပွဲလုပ်တာ အင်မတန် ရှားပါးခဲ့တယ်။မရှိသလောက်ဖြစ်တယ်။ ဒီနေ့ မှာ ဒီပွဲတော်လေးကို ကျင်းပ ရခြင်း ဟာ မန္တလေးသာသနာမှာ ဓမ္မဆရာအနေနဲ့ အခန်း ကဏ္ဍ တစ်ခုက နေပြီး တော့မှ ဘုရား အမှုတော်ကို ဆောင်ရွက်တယ်ဆိုတာကို လည်း ဖော်ပြ ချင်တာ ဖြစ်သလို နောင်လာ နောင်သား ကျနော်တို့ သာသနာအုပ်စုမှာရှိတဲ့ လူငယ်လေး တွေ သားငယ်သမီး ငယ် လေးတွေ ကို လည်း  ဓမ္မဆရာ ဘဝအဖြစ်သော်လည်းကောင်း၊ ခေါ်တော် မူခြင်း အသက် တာရဟန်းဘဝ၊သီလရှင်ဘဝ ဘုရားရဲ့အမှုတော်ဆောင်ရွက်တဲ့အခါမှာ ဒီလိုမျိုး ဘယ် လောက် အထိ   ပျော်ရွှင်စရာကောင်းတယ်ဆိုတာကို ဒီနေ့အခမ်းအနား လေး ကိုဖော်ပြခြင်း အားဖြင့် နောင်လာနောင်သားတွေအတွက် ခေါ်တော်မူခြင်းရရှိဖို့ရန်အတွက် ဒီပွဲတော်ကို ကျင်းပရခြင်းဖြစ်ပါတယ်။ ” ဟုဆိုကာ ဂျူဗလီပွဲကျင်းပဖြစ်ခဲ့ပုံကို အာဗီအေကိုပြောပြသည်။

၂၅ နှစ်တာအတွင်းအခက်အခဲပေါင်းများစွာကို ကျော်ဖြတ်လာခဲ့ရပြီး အခက်အခဲတွေကြုံ လာ တိုင်း ဘုရားကိုပဲ အပ်နှံကာဆုတောင်းခြင်းအားဖြင့် အခက်အခဲများကိုဖြတ်ကျော်ရင်း ယနေ့ကဲ့သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဆရာစိုးနိုင်သည် တစ်ဖက်တွင် ဓမ္မဆရာအလုပ်ကိုလည်း လုပ်ဆောင်ရင်း မိသားစု စားဝတ် နေရေးအတွက်လည်း တစ်ဖက်တွင် စီးပွားရေးလုပ်ငန်းကိုလုပ်ဆောင်ခဲ့ပါတယ်။ ထိုစဉ်အချိန်အခါက သာသနာတော်အနေဖြင့် ဓမ္မဆရာများအား လုံလောက်သည့် ထောက်ပံ့မှုကိုမပေးနိုင်သလို၊ တစ်ခါတစ်ရံ အထင်အမြင်လွဲမှားမှု များစွာကိုလည်း ခံရပြီး ဓမ္မဆရာများအတွက် စိတ်ဓာတ်ကျသည့် အချိန်မျိုးလည်းရှိသည် ဟုဆိုသည်။

“သာသနာအနေဖြင့် အခြားလုပ်ဆောင်စရာတွေများစွာနေလို့ ဓမ္မဆရာများအပေါ် ထဲထဲ ဝင်ဝင်အားပေးကူညီမှုလုပ်ဆောင်မှုမပြုပေးနိုင်ဘူးလို့ထင်ပါတယ်။သို့သော်လည်းဓမ္မဆရာအဖြစ် သိမှတ်လက်ခံပြီးတော့ ၊သာသနာအုပ်စုတွေမှာ ကျောင်း ထိုင်ဘုန်း ကြီးများနှင့်အတူ လက်တွဲပြီး၊ သာသနာ့လုပ်ငန်းများကိုလုပ်ဆောင်ဖို့ တရားဝင် တင် မြှောက်ပြီးခန့်တာတော့ရှိပါတယ်။ ဓမ္မဆရာသက်တမ်း ဆယ်နှစ် ကျော် လောက်မှာ နားတော့မယ်လို့တော့ ဆုံးဖြတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ဘုရား သခင်က ကျနော့်ကို အဲ့လိုမျိုး ခွင့်မပြုပါဘူး။အဲ့လိုအရာတွေကို ကြံ့ကြံ့ခံပြီး ဘုရားနဲ့အတူ ကျော် ဖြတ်လာတဲ့အခါမှာ ဒီနေ့လို နှစ်ဆယ့်ငါးနှစ်ဆိုတဲ့အချိန်ကို ရောက်ရှိ လာခြင်းဖြစ်တယ်။” လို့ ဦးစိုးနိုင်က  အာဗီအေပြောပြခဲ့သည်။

 

ဓမ္မဆရာတစ်ဦးသည် သာသနာအုပ်စုတွင် ဘုရားစကားသင်ကြားခြင်း၊ လူငယ်များ၊ ကလေးများအား လမ်းညွှန်ပုံသွင်းပေးခြင်း၊ ဘာသာရေး အခမ်း အနား များတွင် ဦးဆောင် ပေးရခြင်း စသည့် အရာများတွင် ပါဝင်ဆောင်ရွက်ပေးရပါသည်။ 

 

စိန်မိုက်ကယ် (သံဝင်း)သာသနာအုပ်စု တွင် ပရဟိဘက်တွင် ဦးဆောင်နေသူတစ်ဦးဖြစ်သူ ဦးထွန်းနိုင်က “ ဆရာစိုးနိုင်ဟာ ကျနော်တို့နဲ့ ညီအစ်ကိုနေခဲ့ပြီးတော့ သံဝင်း မှာ တာဝန်ကျတဲ့ကျောင်းထိုင်ဘုန်းတော်ကြီးတိုင်းနဲ့အတူတကွလက်တွဲပြီးတော့သာသနာ့လုပ်ငန်းတွေမှာပါဝင်ခဲ့တယ်။သူဟာလူငယ်တွေကိုလည်းလမ်းမှန်ရောက်အောင်ဆုံးမသွန်သင်နိုင်ခဲ့သူတစ်ယောက်လဲဖြစ်တယ်။တစ်ခါတစ်လေသူ့ကိုယ်ကျိုးပါစွန့်ပြီးမနားမနေ ဒီရပ် ကွက်အကျိုးကို တာဝန်ကျေကျေလုပ်တဲ့သူတစ်ယောက်ဖြစ်တယ်။ ရပ်ကွက်ထဲမှာ အိမ်ထောင်ရေးပြဿနာဖြစ်တဲ့သူတွေ၊ လက်ထပ်တော့မယ်ဆိုရင် ကောင်းကောင်းမွန်မွန် ပြင်ဆင်မှုရအောင်သူက အားသွန်ခွန်စိုက် လမ်းညွှန်သင်ကြားပေးလေ့ရှိတယ်။ ”ဟု ဆိုကာ ဦးစိုးနိုင်၏ ရပ်ကွက်အတွင်း အများအကျိုးအတွက် လုပ်ဆောင်ပေးခဲ့ပုံများကို အာဗီအေကို ပြောပြခဲ့ပါသည်။

 

ဆရာဦးစိုးနိုင်ဟာ စိန်မိုက်ကယ် သံဝင်းသာသနာအုပ်စု၏ ဓမ္မဆရာတစ်ဦးဖြစ်သလို မန္တလေးသာသနာလုံးဆိုင်ရာ မိသားစုရေးရာကော်မရှင်၏ ဒါရိုက်တာဖြစ်ပြီး၊ မန္တလေးသာသနာ (Couples for Christ) CFC အဖွဲ့၏ Country Head တစ်ဦး လည်းဖြစ် ပါတယ်။ CFC အဖွဲ့အနေဖြင့် လစဉ် တွေ့ဆုံမှုများ၌ မိသားစုနှင့်ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးခြင်း၊ သမ္မာကျမ်းစာဝေမျှခြင်း၊ အဖွဲ့ဝင်များ၏ အိမ်သို့ သွားရောက်ဆုတောင်းပေးခြင်းစတဲ့လုပ်ဆောင် ချက်များကို ဦးဆောင်ကာ လုပ်ဆောင် နေသူတစ်ဦး ဖြစ်သည်။

 

CFC (Couples for Christ)  အဖွဲ့ဝင်တစ်ဦးဖြစ်သူ စိန်မိုက်ကယ်သာသနာအုပ်စုမှ မအက်ဂနက်စ် နန္ဒာကလည်း ကျမရဲ့ အသက် တာပြောင်းလဲသွားတာဟာ ဒီဆရာ့ရဲ့ ကျေးဇူးတွေပါပဲ။ကျမအရင်ကဘုရားကျောင်းတွေလဲသွားတယ်ဘုန်းကြီးရဟန်းတွေရဲ့ သွန်သင်မှုတွေလဲခံယူတယ်။ဒါပေမဲ့အဲ့ချိန်တုန်းကသမာရိုးကျဝတ်ကျေတန်းကျေသွားတတ်ခဲ့သလိုဖြစ်ခဲ့တယ်.ဒါပေမဲ့ဆရာစိုးနိုင်နဲ့သင်တန်းမှာတတ်ပြီးအနီးကပ်ဆွေးနွေးမှုတွေ၊သမ္မာကျမ်းစာဝေမျှမှုတွေလုပ်ရတဲ့အခါမှာကျမကောင်းကောင်းနားလည်လာပြီးကျမရဲ့အသက်တာဟာဆရာဦးဆောင်တဲ့CFCသင်တန်းမှာပါဝင်ရင်းအပြစ်နွံထဲကနေရုန်းထွက်လာနိုင်ပြီးကျမရဲ့အသက်တာပြောင်းလဲသွားခဲ့တယ်။”ဟုဆိုကာအာဗီအေကိုပြောပြခဲ့ပါသည်။

ဆရာဦးစိုးနိုင်၏ ဘုရားစကားသင်ကြားပေးမှုများကြောင့် စိန်မိုက်ကယ်သံဝင်း သာသနာ အုပ်စုမှဓမ္မဆရာတစ်ဦးလည်းထွက်ပေါ်လာခဲ့သည်။ယခုအခါ၎င်းသည်ဓမ္မဆရာအဖြစ်ဆက်ကပ်နေသည်မှာဆယ့်ခြောက်နှစ်ရှိနေပြီဖြစ်သည်။သူ၏အမည်မှာဂျွန်ဖရယ်ဒီဦးမင်းဇော်ဖြစ်သည်။   

“ ဆရာ စိုးနိုင် ဓမ္မဆရာအဖြစ်စပြီး အစေခံခဲ့တဲ့အချိန်က ကျနော်လည်း ငယ်ငယ် လေးပဲရှိသေးတယ်။ကျနော်လည်းဆရာ့ရဲ့ဘုရားစကားသင်ပေးမှုတွေကြောင့်မို့လို့ဓမ္မဆရာဘဝခေါ်တော်မူခြင်းခံရတယ်။သူဟာဒီရပ်ကွက်ကဘာသာတူတွေအတွက်ဝိညာဉ်တွေအတွက်တင်မကလူမှုရေးလုပ်ငန်းတွေမှာပါပါဝင်ဆောင်ရွက်ပေးတယ်။အထူးသဖြင့်ကျောင်းမထားနိုင်တဲ့ကလေးတွေဆိုရင်ကူညီပေးမယ့်သူတေရှာပြီးကျောင်းစရိတ်တွေထောက်ပံ့ပေးတာမျိုးတွေအထိသူကသာသနာရေးလုပ်ငန်းအပြင်လူမှုရေးလုပ်ငန်းတွေထိပါလုပ်ဆောင်တယ်။”ဟုဆိုကာဂျွန်ဖရယ်ဒီဦးမင်းဇော်ကဦးစိုးနိုင်၏ဓမ္မဆရာအဖြစ်ဆက်ကပ်နေခြင်းအားဖြင့်စိန်မိုက်ကယ်သာသနာအုပ်စုအတွက်အကျိုးကျေးဇူးများစွားရရှိခဲ့ပုံကို အာဗီအေကို ပြောပြခဲ့ပါတယ်။

ဦးစိုးနိုင်သည် စိန်မိုက်ကယ်သံဝင်းသာသနာအုပ်စုရှိလူငယ်များနှင့် သက်ထွေး ကလေးငယ်များအား ဘုရားစကားသင်ကြားပေးခြင်း၊  Christ for Youth အစီအစဉ်တွင် ဦးဆောင်နေသူတစ်ဦးလည်းဖြစ်သည်။

“ ကျနော်တို့ငယ်ငယ်လေးကတည်းက အတန်းတစ်တန်းဆီတိုင်းမှာ ဆရာနဲ့ပဲ ဘုရားစကားသင်ခဲ့ရတော့ အဓိကအားဖြင့် စစ္စတာရ်တွေနဲ့ ဆရာနဲ့ပိုနီးစပ်ခဲ့ရတယ်။ အခုဆိုရင် တော်ရုံတန်ရုံကိစ္စမျိုးတွေဆိုရင် ဆရာရဲ့ သွန်သင်မှုတွေကြောင့်သိတယ်။ ဘာသာတရားအကြောင်းတွေ၊ လူမှုဆက်ဆံရေးအကြောင်းတွေ အားလုံးကို ဆရာကသွန် သင်ပေးခဲ့တယ်။ အဲ့ဒါကြောင့်မို့လို ကျနော်တို့လူငယ်တွေအတွက်ဆိုရင် ဆရာက အရေးပါတဲ့သူ တစ်ယောက်ဖြစ်တယ်။ ဆရာကြောင့်မို့လို ဘဝအသက်တာမှာ လိမ္မာတဲ့ လူငယ်တွေဖြစ်သွားကြတယ်။” ဟု စိန်မိုက်ကယ်သာသနာအုပ်စုမှလူငယ်အတွင်း ရေးမှုး ဖြစ်သူ ဖရယ်ဒီကောင်းထက်ဇော်ကဆရာဦးစိုးနိုင်၏ဘုရားစကားသင်ကြားမှုများတွင် တက်ရောက်ခဲ့ရခြင်းအားဖြင့်လိမ္မာသည့် လူငယ်များဖြစ်သွားခဲ့ကြသည်ဟု  အာဗီအေကို ပြောပြခဲ့သည်။

ဦးစိုးနိုင်က “သာသနာ့အမှုတော်ကို ဆောင်ရွက်ချင်တယ်။ ဘုန်းကြီးလည်း လုပ်ဖို့ ကိုယ့်မှာ ခေါ်တော်မူခြင်း မရှိဘူး။ သီလရှင်ဘဝအနေနဲ့လည်း ခေါ်တော်မူခြင်းမရှိဘူး။ သာသနာ့ အမှုတော်ကိုလည်း ထဲထဲဝင်ဝင်လုပ်ဆောင်ချင်တယ်ဆိုရင်တော့ ဓမ္မဆရာ အသက်တာ အားဖြင့် ၊ သာမန်လူပုဂ္ဂိုလ်အားဖြင့် ၊အိမ်ထောင်သည်ဘဝအားဖြင့် ဘုရားရဲ့ အမှုတော်ကို ဆောင်ရွက်လို့ ရတယ်ဆိုတာကို ဖော်ပြချင်ပါတယ်။” ဟုဆိုကာ မျိုးဆက်သစ် ဓမ္မဆရာ၊ဆရာမများကို ဖိတ်ခေါ်ထားပါတယ်။

မန္တလေးသာသနာ၏ ဓမ္မဆရာ၊ဆရာမများအတွက်တာဝန်ခံဘုန်းတော်ကြီးမှာ Fr .John Soe Tint ဖြစ်သည်။မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာတွင် ဓမ္မဆရာ အဖြစ်အမှု တော်ဆောင်ပြီးယခုကဲ့သို့(၂၅)နှစ်ပြည့်ဂျူဗလီပွဲကျင်းပခြင်းမျိုးသည်ပထမဦးဆုံးအကြိမ်ဖြစ်သည်။ဓမ္မဆရာများ၏အကြီးဆုံးလုပ်ငန်းတာဝန်များမှာဘာသာရေးပညာသွန်သင်ပို့ချခြင်း၊စက္ကရမင်တူးအခမ်းအနားများတွင်ပြင်ဆင်ပို့ချခြင်း၊ဝတ်စောင့်ပွဲများ၊ဘာသာရေးသင်တန်းများတွင်ပါဝင်ကူညီခြင်း၊ဘာသာရေးအသင်းအဖွဲ့များတွင်ပါဝင်အစေခံရခြင်းစသ ဖြင့်လုပ်ဆောင်ကြရပြီး ဒေသအလိုက်အနည်းငယ်ကွဲပြားသွားကြသည်။ 

News by - Pinky (RVA Myanmar) 

 

Add new comment

3 + 15 =