Fratelli Tutti စာချွန်တော် ၌ ပုပ်ဖရန်စစ်၏ Covid 19

Fratelli Tutti စာချွန်တော် ၌ ပုပ်ဖရန်စစ်၏ Covid 19

မမျှော်လင့်ပဲ ကိုဗစ် ၁၉ ကို တစ်ကမ္ဘာလုံးကြုံတွေ့လာရတယ်။ နဂိုက လူသားတွေက မိမိတို့ကိုယ်ကို လုံခြုံပြီလို့ယူဆထားတာတွေက မမှန်ဘူးဆိုတာကို ကမ္ဘာ့ကပ်ရောဂါက ဖေါ်ပြနေတယ်။ ကမ္ဘာ့ နိုင်ငံအသီးသီးက သူနည်းသူ့ဟန်နဲ့ ကပ်ရောဂါကိုတုန့်ပြန်နေကြပေမဲ့ အားလုံးအတူတစ်ကွလက်တွဲပြီးမလုပ်နိုင်ကြသေးဘူးဆိုတာကို ကပ်ရောဂါက သက်သေပြနေတယ်။ တစ်ကမ္ဘာလုံးကို တစ်မဟုတ်ချင်းဆက်သွယ်နိုင်တဲ့နည်းပညာ hyper-connectivity တွေရှိနေပေမဲ့ လူသားအားလုံးကြုံနေရတဲ့ ပြသနာတွေကိုအတူဖြေရှင်းနိုင်ကြဖို့ တစ်စုတစ်စည်းတည်းဖြစ်ဖို့ ပိုပြီးခက်ခဲနေစေတယ်။ ဒီကပ်ရောဂါဆိုးကနေ သင်ခန်းစာအဖြစ်နဲ့ ကပ်ကြီးပြီးရင်တော့ လက်ရှိ ရှိနေပြီးသား အခြေအနေတွေကို ပိုတိုးတက်အောင်လုပ်ရမယ်၊ ရှိနေပြီးသားစနစ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေကို ပိုကောင်းအောင်လုပ်ရမယ်လို့ပဲ သင်ခန်းစာယူတယ်ဆိုရင်တော့ ဖြစ်ရှိတရားကို ငြင်းပယ်ခြင်း၊ မျက်ကွယ်ပြုခြင်းဖြစ်တယ်။

(တံခါးပိတ်ထားသည့် ကမ္ဘာကြီး၏ ခေါင်မိုးပေါ်မှ မိုးတိမ်မဲများ။)

ကိုဗစ် ၁၉ လို ကမ္ဘာ့ကပ်ရောဂါဆိုးကြီးက တစ်ကမ္ဘာလုံးကြုံတွေ့ရတာကြောင့် လူသားတွေဟာ တစ်ကမ္ဘာတစ်ရွာ Global community မှာနေထိုင်နေကြတယ်၊ တစ်လှေတည်းစီးပြီးခရီးသွားနေကြသူတွေဖြစ်တယ်၊ တစ်‌ယောက်ရဲ့ပြသနာက လူသားအားလုံးရဲ့ပြသနာဖြစ်တယ်ဆိုပြီး အသိတရား ခဏတစ်ဖြုတ်တော့ရလာစေတာမှန်တယ်။ တစ်ယောက်ထဲကိုပဲ ကယ်တင်လို့မရဘူး၊ အားလုံးကို အတူတစ်ကွကယ်တင်ရမယ်ဆိုတာကိုလဲ သဘောပေါက်လာကြတယ်။ (WHO ကလဲကြေငြာထားတယ်၊ ကိုယ့်တစ်နိုင်ငံတည်း ကာကွယ်ဆေးထိုပြီးတစ်ခြားနိုင်ငံတွေက လော့ဒေါင်းဆက်လုပ်နေရရင် ဘယ်လိုမျှအဆင်မပြေလာနိုင်ဘူး၊ နာမည်ကြီးဆေးကုမ္ပဏီကြီးတွေကလဲ တစ်ခါမျှမလုပ်ဖူးတဲ့ နည်းပညာ မျှဝေမှုကိုလုပ်လာကြလို့ Remdesivir ကို အိန္ဒိယလိုမျိူး တစ်ခြားနိုင်ငံတွေ မှာထုတ်လုပ်လာနိုင်တာ ကျေးဇူးတော်တစ်ပါးဖြစ်ပါတယ် )။ ကျွန်တော်တို့ရဲ့နေ့စဉ်အချိန်ဇယားတွေ၊ စီမံကိန်းတွေ၊ ၀ါသနာတွေ၊ ဉီးစားပေးအရာတွေမှာ အ‌‌နှောက်အယှက်မရှိဘူး၊တည်ငြိမ်တယ်၊ အသေအချာဟု ခံယူထားတဲ့အရာတွေက မှားယွင်းတဲ့ မခိုင်ခံ့တဲ့ အရာတွေဖြစ်တယ်၊ ကျွန်တော်တို့တွေက ထိခိုက်လွယ်တဲ့သူတွေဖြစ်တာကို ဒီကမ္ဘာ့မုန်တိုင်းကဖေါ်ပြနေတယ်။ ကိုယ့်ရဲ့အတ္တတွေနဲ့တည်ဆောက်ထားတဲ့ အပေါ်ယံအရာတွေအပေါ်အမြဲစိတ်ပူနေတာတွေပျောက်သွားပြီး ကျွန်တော်တို့တွေက တစ်‌ယောက်နဲ့တစ်ယောက် ပက်သက်နေတယ်၊ ညီအစ်ကိုတွေဖြစ်တာကို သိရှိလာစေတယ်။ လူအနဲစုလေးရဲ့အကျိူးအတွက်ပဲကြည့်လို့မရတော့ဘူး။ တစ်‌ယောက်ကိုမျှချန်လှန်ထားလို့မရနိုင်ဘူး။ အယောက်တိုင်းစီအတွက်ကြည့်ရမှာဖြစ်တယ်။ မြန်ဆန်၊ တိကျတဲ့ရလာဒ်ကို အမြဲရှာခဲ့ကြပေမဲ့ ယခုအချိန်မှာ စိတ်မရှည်ခြင်း၊ စိုးရိမ်ခြင်းတွေ ကြုံတွေ့နေရတယ်။ ကမ္ဘာ့ကပ်ရောဂါကြောင့် ကြုံတွေ့နေရတဲ့‌‌‌ဝေဒနာတွေ၊ မသေချာမှုတွေ၊ စိုးရိမ်စိတ်တွေနဲ့ လူတွေက အားလုံးစုံကိုမတတ်နိုင်ဘူး၊ အကန့်အသတ်ရှိတာကို သဘောပေါက်လာခြင်းတွေကနေ လူသားတွေအတွက် ပိုပြီးအရေးကြီးတာက ကိုယ့်ရဲ့လူနေမှုပုံစံကိုပြန်ဆန်းစစ်ဖို့၊လူတစ်‌ယောက်နဲ့တစ်ယောက်အကြားဆက်ဆံရေးကိုပြန်ဆန်းစစ်ဖို့၊ လူ့အသိုင်းအဝိုင်းကိုဖွဲ့စည်းထားပုံတွေ၊ အရေးကြီးဆုံးကတော့ လူဖြစ်ခြင်းရဲ့အဓိပ္ပယ်ကို the meaning of existence ပြန်ဆန်းစစ်ဖို့ဖြစ်တယ်။ ဘုရားဒဏ်ခတ်တယ်လို့ မပြောပါဘူး။ သဘာဝတရားအပေါ်မှာ ကျွန်တော်တို့လူတွေကျူးလွန်ခဲ့တာတွေကြောင့် သဘာဝတရားကြီးက ပြန်ဒဏ်ခတ်တာလို့လဲ အပြည့်အဝပြောလို့မရနိုင်ပါဘူး။ ကမ္ဘာကြီးကိုယ်၌က တော်လှန်နေတာဖြစ်တယ်။ အရာအားလုံးက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာဆိုလျင် ကိုယ်ကကိုယ့်ဘ၀ရဲ့အကြွင်းမဲ့ ဖန်တီးရှင်အဖြစ်၊ တည်ရှိနေတဲ့အရာအားလုံးရဲ့အုပ်စိုးရှင်အဖြစ်ကြွေးကြော်နေခြင်းတွေက ဒီကမ္ဘာ့ကပ်ရောဂါနဲ့ဆက်စပ်မနေဖူးလို့တွေးဖို့ခက်ပါတယ်။ ကဗျာဆရာ Virgil ရဲ့နာမည်ကျော်ကဗျာတစ်ကြောင်းကို သွားသတိပေးနေပါတယ်။ the tears of things, the misfortunes of life and history သဘာဝကြီးရဲ့မျက်ရည်၊ လူနဲ့သမိုင်း ကံကြမ္မာဆိုးများ။

လူတွေက သမိုင်းရဲ့သင်ခန်းစာတွေ၊ အသက်၏ဆရာကို လွယ်လွယ်လေးမေ့သွားတတ်ကြပါတယ်။ ဒီကပ်ဆိုးကြီးပြီးသွားရင် ဖြစ်လာနိုင်တဲ့ ကျွန်တော်တို့ရဲ့အဆိုးရွားဆုံးတုန့်ပြန်မှုက များများထုတ်များများသုံးဝါဒထဲကို ဒီထက်ပိုပြီး အထိန်းအကွပ်မဲ့ ထိုးဆင်းကြမလား၊ အတ္တစိတ်တွေနဲ့ ကိုယ့်ကိုယ်ကို ဒီထက်ပိုပြီးကာကွယ်မှုပေးတဲ့ နည်းလမ်းတွေ လုပ်လာကြမလား။ ဘုရားထံဆုတောင်းပါတယ်။ ဒီကပ်ကြီးပြီးသွားရင် သူတို့၊ ထိုသူတို့ them and those ဆိုတဲ့ အသုံးအနှုံးတွေပျောက်ကွယ်သွားပြီး ကျွန်တော်တို့ us ဆိုတဲ့ အသုံးအနှုံးသာလျင်ရှိလာပါစေ။

ဘာသင်ခန်းစာတစ်ခုမှမရလိုက်တဲ့ ကမ္ဘာ့သမိုင်းကြီးကြုံခဲ့ရတဲ့နောက်ထပ် အဖြစ်ဆိုး ကပ်ဆိုးတစ်ခုအဖြစ်နဲ့ပဲ ပြီးမသွားပါစေနဲ့။ ကျွန်တော်တို့တွေ တစ်‌ယောက်ကိုတစ်ယောက်လိုအပ်တယ်ဆိုတာကို ပြန်လည်တွေ့မြင်လာနိုင်ကြပါစေ။ အဲလိုမှမဟုတ်ပဲ လူနည်းစုလေးကပဲ ကမ္ဘာကြီးကို ကြီးစိုးနေတယ်ဆိုလျင် အကြမ်းဖက်မှုတွေဖြစ်လာမယ်၊ နှစ်ဉီးနှစ်ဖက် ပျက်စီးကြမှာဖြစ်တယ်။

Fr. Richard Hla Min Oo

Add new comment

7 + 7 =