(၅၅) ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက် ရဟန်းမင်းကြီး၏သ၀ဏ်လွှာအပြည့်အစုံ

(၅၅) ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက် ရဟန်းမင်းကြီး၏သ၀ဏ်လွှာအပြည့်အစုံ နှင့်အဓွန့်ရှည်ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်ရန် မျိုးဆက်များ၊ ပညာရေးနှင့်အလုပ်အကိုင်များကြားဆွေးနွေးတိုင်ပင်ရန်လို

 

(၅၅) ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အတွက် ရဟန်းမင်းကြီး၏ သ၀ဏ်လွှာအပြည့်အစုံကို ဖော်ထားပြီး အဓိကအားဖြင့် အဓွန့်ရှည် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန် မျိုးဆက်များ၊ ပညာရေးနှင့် အလုပ်အကိုင်များ အကြားမှာ ဆွေးနွေး ညှိနှိုင်း တိုင်ပင်ကြဖို့ အရေးကြီးကြောင်း ထောက်ပြထားပါသည်။

၁။ ‘ငြိမ်ချမ်းရေး တရားကို ကြေညာ ဟောပြောသောသူ၏ ခြေလှမ်းတို့သည် တောင်တန်းများ၌ အလွန်တင့်တယ် တော်မူ၏’ (ပရောဖက်‌အီဇယ ၅၂း၇) ပရောဖက်၏ ဟောကြားချက်သည် နှစ်သိမ့်မှုကို ပေးသည်။ ပြည်တော်နှင့် ဝေးနေရသော၊ မတရားမှုနှင့် ဖိနှိပ်မှုများကြောင့် ပင်ပန်းဆင်းရဲ ဒုက္ခရောက်နေသော၊ လူ့ဂုဏ် သိက္ခာမဲ့စွာ သေချင်စော် နံနေသော လူမျိုးအား သက်သာရာ ရစေသည့် မင်္ဂလာစကား ဖြစ်သည်။ ထို့အတူ ပရောဖက် ဘာရုခ်ကလည်း ‘အိုစ္စရေး၊ အဘယ်ကြောင့်နည်း။ သင်သည် အဘယ်ကြောင့် ရန်သူ၏ နိုင်ငံတွင် ရောက်နေ ရသနည်း။ အဘယ်ကြောင့် တိုင်းတစ်ပါး၌ အသက်အရွယ်ကြီးရင့်၍ သေသောသူတို့ ကဲ့သို့ စက်ဆုပ်ရွံ့ရှာခြင်းကိုခံရသနည်း’ ဟု အံ့အားသင့် ခဲ့ရသည်။ (ဘာရု ဟောဟာတမ်း ၃း၁၀-၁၁) အီစ္စရေး လူမျိုးတို့အတွက် ငြိမ်းချမ်းခြင်း၏ တမန်တော် ကြွလာခြင်းသည် ၎င်းတို့ လူမျိုးအတွက် ဒုက္ခဆင်းရဲခြင်းမှ ရုန်းထရန်နှင့်တောက်ပြောင်သော အနာဂတ်ကို ဆောင်ယူလာပေးသော အချိန်ကာလဟု ဆိုလိုခြင်း ဖြစ်သည်။

‘ငြိမ်းချမ်းခြင်း၏ လမ်းကြောင်း’ ဟု ရဟန်းမင်းကြီးပေါလ် (၆) အမည်သစ်ဖြင့် မှည့်ခေါ်ခဲ့သောလမ်းကြောင်းသည် ဘက်စုံ ဖွံ့ဖြိုးမှု ပါ၀င်ရမည် ဖြစ်သော်လည်း လက်တွေ့ ကြုံတွေ့နေရသော လူနေမှုဘ၀၌မူ ထိုအခြေအနေနှင့် လွန်စွာ ကွာဟနေသည်။ ငြိမ်းချမ်းရေးအတွက် နိုင်ငံများ အကြားတွေ့ဆုံဆွေးနွေးမှုကို အားထုတ် လုပ်ဆောင်နေသော်လည်း စစ်မီး စစ်ဒဏ်များမှာ ပိုမိုကျယ်လောင် ဆိုးရွားလာနေသည်။ ကပ်ရောဂါ ဆိုးကြီး၏ ရိုက်ခတ်မှု မှာလည်း ပြင်းထန်လျှက် ရှိသည်။ သဘာ၀ ပတ်၀န်းကျင် ပျက်ဆီးခြင်းနှင့် ရာသီဥတု ပူနွေးလာမှု ပြဿနာသည်လည်း တစ်နေ့တစ်ခြား ကြီးထွားလာနေသည်။ အစာရေစာ ပြတ်လပ်မှု ပြဿသည်လည်း နေ့စဉ်တိုးလျှက်ရှိသည်။ ‌ဝေမျှခံစားသည့် စနစ်ထက် ကိုယ်ကျိုးရှာ စီးပွားစနစ်မှာလည်း အသာစီး လွှမ်းမိုး အားကောင်းလျှက် ရှိသည်။ ရှေးယခင်က ပရောဖက်တို့၏ ခေတ်ကာလ ကဲ့သို့ပင် ကျွန်ုပ်တို့ ခေတ်ကာလ၌လည်း ဆင်းရဲနွမ်းပါး ချို့တဲ့သော သူတို့၏ အော်ဟစ်သံသည် ဆက်လက် ကျယ်လောင်စွာ ထွက်ပေါ် လျှက်ရှိသည်။ တရားမျှတခြင်းနှင့် ငြိမ်းချမ်းရေးအတွက် တောင်းဆိုနေကြသည်။ ရာစု အဆက်ဆက်တိုင်း အတွက် ငြိမ်းချမ်းရေးသည် ဘုရားသခင်၏ လက်ဆောင်မွန်ဖြစ်သည်။ စွန့်လွှတ်‌ ဝေမျှခြင်း၏ အသီးအပွင့်ဖြစ်သည်။ ‘ငြိမ်းချမ်းရေး၏ ဗိသုကာ’ ဟု ပြောနိုင်သည်။ ဤဗိသုကာ၌ မတူညီသော ငြိမ်းချမ်းရေးလက်ရာတော်များ၊ အကွက်အဆင်များပါ၀င်လာနိုင်သည်။ ငြိမ်းချမ်းရေးအတွက် အားလုံး အတူတကွ လုပ်ဆောင် နိုင်သည်။ တစ်ဦးစီ၏ နှလုံးသားမှအစပြုကာ မိသားစု အတွင်း၌ ဆက်ဆံရေး၊ လူမှုအဖွဲ့အစည်းနှင့်၀န်းကျင်၊ ထို့နောက် လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊ နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ၏ ဆက်ဆံရေးအထိအတူတကွလုပ် ဆောင်သွားနိုင်သည်။ ဤနေရာ၌ အဓွန့်ရှည်သော ငြိမ်းချမ်းကို တည်ဆောက်နိုင်ရန် လမ်းကြောင်း (၃) ခုကိုတင်ပြပါမည်။

(၁)။ ပထမအချက်ကား မျိုးဆက်များ အကြား စေ့စပ်ဆွေးနွေး ညှိနှိုင်းရန် ဖြစ်သည်။ ဤသို့ ညှိနှိုင်းခြင်းဖြင့် အတွေးအမြင်များ ဖလှယ်ပြီး လုပ်ဆောင်ခြင်းကိုသိရှိ လာစေသည်။

(၂)။ ဒုတိယအချက်ကား ပညာရေးသည် လွှတ်လပ်ခြင်း၊ တာ၀န်ယူတတ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့၏ အကြောင်းတရား ဖြစ်သည်ကို သိရှိစေရန် ဖြစ်သည်။

(၃)။ တတိယအချက်ကား အလုပ်အကိုင် ဖြစ်သည်။ အလုပ်အကိုင်သည် လူတစ်ဦး၏ ဂုဏ်သိက္ခာကိုပြည့်၀စွာ ဖော်ဆောင်သည်။ ဤအချက် (၃) ချက်သည် မည်သည့် လူမူရေး သဘောတူညီချက်ကိုပြုလုပ်သည်ဖြစ်စေ မရှိမဖြစ်သော အခြေခံသဘောတရား ဖြစ်သည်။ ဤအချက်များ မပါလျှင် ငြိမ်းချမ်းရေးနှင့် ဆိုင်သော လုပ်ဆောင်ချက် များသည် အဓွန့်ရှည် ကြာမည် မဟုတ်ပေ။

၂။ ကပ်‌ရောဂါ ဘေးဆိုးကြီး သင့်ရောက်နေသော ကမ္ဘာကြီး၌ ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် မျိုးဆက်များအကြား ညှိနှိုင်း ဆွေးနွေးရာ၌ ကြိုတင်မခန့်မှန်းနိုင်သော ပြဿနာများ ပေါ်လာနိုင်သည်။ အချို့သော သူများသည် အဖြစ်အပျက် အမှန်ကိုရှောင်ကွင်း ကြသည်။ ၎င်းတို့၏ သက်တောင့်သက်သာ ရှိသော ကမ္ဘာကြီး၌ ငုပ်လျှိုး နေကြသည်။ အချို့ကား အပျက်သဘော ဆောင်သည့် တုံ့ပြန်မှုတို့ဖြင့် အကြမ်းဖက် ကြသည်။ မိမိနှင့် မဆိုင် သကဲ့သို့ တစ်ကိုယ်ကောင်းဆန်သော တုံ့ပြန်မှုနှင့် အကြမ်းဖက်သော ကာကွယ်မှု အကြား၌ အခြားဖြစ်နိုင်သောရွေးချယ်မှု ရှိနိုင်သည်။ ထိုရွေးချယ်မှုကား မျိုးဆက်များအကြား တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။ မှန်ကန်သော တွေ့ဆုံ ဆွေးနွေးခြင်း၌ မှန်ကန်ပြီး၊ အပြုသဘော ဆောင်သော အမြင်များကိုဖလှယ်နိုင်ကြသည်။ ဤဘက်မျှသော ယုံကြည်မှုကို ပြန်လည်ရရှိနိုင်ရန် သင်ယူရမည် ဖြစ်သည်။ လက်ရှိ ဖြစ်ပွားနေသော ကပ်ရောဂါ ဆိုးကြီးသည် ကျွန်ုပ်တို့အား လူမှုရေး ဖယ်ကြဥ်မှုနှင့် အခြားသူများ အရေးကို လစ်လျူရှုကာ မိမိအရေးကိုသာ ဦးစားပေး လုပ်ဆောင်တတ်သည့် စိတ်နေ သဘောထားကို တိုးပွားလာစေနိုင်သည်။ သက်ကြီးရွယ်အိုများ၏ အထီးကျန် ခံစားမှုသည် လူငယ်များ အားလည်း အကူအညီ မဲ့မှုနှင့်အနာဂတ်၏ မသေချာမရေရာသည့် ပုံစံမျိုးဖြင့် ရိုက်ခတ် သည်။ ဤအကြပ်အတည်းသည် အမှန်တကယ်ပင် နာကျင်ရသည်။ ထို့အတူ ကောင်းကျိုးကိုလည်း ဖြစ်ပေါ်စေ ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤကပ်ရောဂါ ဆိုးကြီးကာလ၌ ကမ္ဘာပေါ်ရှိ လူသားများအား အချင်းချင်း ရက်ရောစွာ ကူညီ ရှိုင်းပင်းကြရန်၊ ‌ဝေမျှခံထမ်း ကြရန် တိုက်တွန်း နှိုးဆော် ခဲ့ကြသည်။ ဆွေးနွေး ညှိနှိုင်းခြင်း၌ တစ်ဦးကို တစ်ဦးနားထောင် တတ်ခြင်း၊ မတူညီသော အမြင်ကို ဖလှယ်ခြင်း၊ ထို့နောက် သဘော တူညီမှုကို ရယူကာ အတူတစ်ကွ လက်တွဲ လုပ်ဆောင်ခြင်းလည်း ပါသည်။ မျိုးဆက် များကြား ဤသို့သော ဆွေးနွေးညှိနှိုင်းတတ်သည့် ယဉ်ကျေးမှုကို မြှင့်တင် လုပ်ဆောင်ခြင်းဖြင့် တံတိုင်း ကဲ့သို့သော အတားအဆီးများ၊ မိမိနှင့် မဆိုင်သကဲ့သို့ နေတတ်သော အတားအဆီးများကို ဖျက်ဆီးကျော်လွှား သွားနိုင်သည်။ ထို့နောက် အဓွန့်ရှည်သောငြိမ်းချမ်းရေး မျိုးစေ့ကိုလည်း ကြဲချနိုင်သည်။

လူငယ်နှင့်နည်းပညာ...

မျက်မှောက် ကာလ၏ နည်းပညာများသည် မျိုးဆက်များအား ခွဲခြားရန် ဖန်တီး လုပ်ဆောင်နေသော်လည်း လက်ရှိ ကပ်ရောဂါ ဆိုးကြီးကမှု နိုင်ငံအချင်းချင်း အမှီသဟဲ မပြုဘဲ နေ၍မရသည်ကို ပြသနေသည်။ ခေတ်လူငယ်များသည် သက်ကြီးရွယ်အိုတို့က ဝေမျှသော ဉာဏ်ပညာများ၊ အတွေ့အကြုံများကို လိုအပ်သည်။ သက်ကြီးရွယ်အိုများမှာလည်း ဉာဏ်ပညာအတွေ့အကြုံများ ရှိသော်လည်း အင်အားများ ချိနဲ့လာသောကြောင့် လူငယ်တို့၏ ဆန်းသစ်မှု၊ အင်အားပြည့်ဝသော အထောက်အပံ့ကို လိုအပ်သည်။ အလွန်ကြီးမား သော လူမှုရေး စိန်ခေါ် ချက်များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ သမိုင်း ထိန်းသိမ်း‌သော သက်ကြီးရွယ်အိုများနှင့် သမိုင်းကို လက်ဆင့်ကမ်း သယ်ဆောင် ကြမည့် မျိုးသက်သစ်တို့အကြား ညှိနှိုင်းဆွေးနွေးရန် အလွန်လိုအပ် လာပါသည်။ မျိုးဆက်တစ်ဆက်တိုင်းသည် အခြား မျိုးဆက်အတွက် အကန့်ပြင်ထားရမည်။ အနိုင်ကျင့် ဗိုလ်ကျကာ အခြားရွေးချယ်စရာ မရှိတော့ သကဲ့သို့ မိမိ၏ စိတ်၀င်စားရာ၊ စိတ်အားသန်ရာကို အတင်းအကြပ် တိုက်တွန်း စည်းရုံးသည့် လုပ်ရပ်မျိုး မလုပ်ရပေ။ မျိုးဆက်များအကြား တွေ့ဆုံ ဆွေးနွေးခြင်း၏ နောက်ကွယ်၌ ဘယ်မျှသော နိုင်ငံရေး ရလဒ် ဖြစ်ပေါ်စေသည်ကို လက်ရှိကမ္ဘာ့ အကြပ်အတည်းက သက်သေပင် ဖြစ်သည်။

ဆွေးနွေးညှိနှိုင်း အဖြေရှာပါ...

တစ်ပွဲတိုး ဖြေရှင်းသည့် နည်းလမ်းမျိုး မဖြစ်ရ။ သို့သော် အခြားသူများအား ထူးခြားစွာ ချစ်သောနည်း၊ ‌ဝေမျှတတ်ရန်နှင့် အနာဂတ် အထိ အဓွန့်ရှည်သောလုပ်ဆောင်ချက်မျိုး ဖြစ်ရမည်။ အခက်အခဲများနှင့်ကြုံတွေ့ ရသောအခါ၌ ခြားနားသည့် မျိုးဆက်များကြား ညှိနှိုင်း ဆွေးနွေးသည့် အလေ့အထကို ပြုလုပ်သင့်သည်။ အဘယ်ကြောင့် ဆိုသော် ဤအလေ့အထသည် မျက်မှောက် အဖြစ်အပျက်ကို အခြေခံ၍ အတိတ်ကို ပြန်ငဲ့ကြည့်ပြီး၊ အနာဂတ်ကို မျှော်ရည်လုပ်ဆောင် တတ်သည်။ အတိတ်၏ သမိုင်းဖြစ်ရပ်ကိုလေ့လာ သင်ယူပြီး၊ ဒဏ်ရာ အဟောင်းကို ကုစားရသည်။ အဘယ်ကြောင့် ဆိုသော် အခါအားလျှော်စွာ ထိုဒဏ်ရာ အဟောင်းသည် အသစ်ပြန်ဖြစ် တတ်သည်။ အနာဂတ်ကို မျှော်ကြည့် ရခြင်းမှာ ကျွန်ုပ်တို့၏ ဇွဲအားထက်သန်မှုကို အားဖြစ် စေသည်။ ပူးပေါင်း လုပ်ကိုင်နိုင်စေသည်။ ဖြစ်လာနိုင်ချေများကို နိုးကြားရှင်သန်စေပြီး၊ မျှော်လင့်ချက် များကို ပွင့်ဖူး လာစေသည်။ အတူတကွ ရှိနေခြင်းဖြင့် တစ်ဦးထံမှ တစ်ဦးက သင်ယူနိုင်သည်။

ဘုံစံအိမ်ကမ္ဘာကြီးကို ဂရုစိုက်ပါ...

အမြစ်မရှိဘဲ အပင်တစ်ပင်သည် အဘယ်သို့ကြီး ထွားပြီး၊ အသီးများကို သီးနိုင်မည်နည်း။ ကျွန်ုပ်တို့အနေဖြင့် လူသားတို့၏ ဘုံစံအိမ်ကို ဂရုတစိုက် စောင့်ရှောက်ရန် လိုအပ်ပါသည်။ ပတ်၀န်းကျင်သည် မျိုးဆက်တိုင်း၏ စောင့်ရှောက်မှုကို ခံယူရန် လိုအပ်နေသည်။ ထို့အတူ လာမည့် မျိုးဆက်အားလည်း လက်ဆင့်ကမ်း ပေးရမည့် တာ၀န် ရှိသည်။ တရားမျှတသော ကမ္ဘာကြီးအား တည်ဆောက်နေသည့် မျိုးဆက်သစ် လူငယ်များအား ပိုမို တန်ဖိုးထား လေးစား သကဲ့သို့ အားပေး အားမြှောက်လည်း ပြုရမည်။ အဘယ်ကြောင့် ဆိုသော် မျိုးဆက်သစ်များသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း လုပ်ငန်းကို တာ၀န်ရှိသူ ပီသစွာ စောင့်ရှောက် ကြရမည် ဖြစ်သည်။ ၎င်းတို့သည် ဤတာ၀န်ကို မနားမနေ၊ ဇွဲလုံ့လနှင့် စိတ်အား ထက်သန်စွာ လုပ်ဆောင် ကြမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် လက်ရှိ၌ တွေ့ကြုံနေရသည့် လူမူရေးနှင့် စီးပွားရေး အကြပ်အတည်းများ ရုတ်ချည်းမပြောင်းလဲမီ လက်ဦးမှု ရယူရန် လိုသည်။

အရေးကြီးသောပညာရေး...

အဓွန့်ရှည်သော ငြိမ်းချမ်းရေးကို တည်ဆောက်ရန်မှာ ပညာ ရေးနှင့် အလုပ်အခွင့်အလမ်းကိုလည်း ဖြတ်တောက်ထား၍မရပေ။ ဤအချက် (၂) ခုသည်လည်း မျိုးဆက်များကြားထည့်သွင်း ဆွေးနွေး ညှိနှိုင်း ရမည့်အကြောင်းအရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပညာရေးသည် မျိုးဆက်များကြား ညှိနှိုင်း ဆွေးနွေးရာ၌ နည်းလမ်းတကျ ရှိရန် ထိန်းကျောင်း ပေးသည်။ အလုပ် လုပ်ရာမှ မတူညီသော အမျိုးသား၊ အမျိုးသမီး မျိုးဆက်များသည် အတူယှဉ်တွဲလုပ်ဆောင်ခြင်း၊ ကျွမ်းကျင်မှုများကို ဖလှယ်ခြင်း၊ အတွေ့အကြုံများနှင့် အမြင်များကို ဖလှယ်ခြင်းနှင့် ဘုံကောင်းကျိုးကို ရှေ့ရှုတတ်လာသည်။

၃။ သင်ကြားခြင်းနှင့် ပညာရေးကို ငြိမ်းချမ်းရေးကိုမောင်းနှင်သူ အဖြစ် များမကြာမီ နှစ်များ ပြုလုပ်ခဲ့ရာ ပညာရေးနှင့် သင်တန်းအတွက် ရံပုံငွေ ရရှိမှုလျော့နည်း ခဲ့သည်။ ဤသို့ပြုလုပ်ခြင်းကို ရင်းနှီးမြှုပ်နှံသည်ဟု သတ်မှတ်ခြင်းထက် စမ်းသပ်သည်ဟုမြင်ကြသည်။ အမှန်မှာ ဤနည်းလမ်းသည် လူသားထုတစ်ရပ်လုံး၏ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပဓာဏကျသော နည်းလမ်း ဖြစ်သည်။ တစ်ဦးစီအားလွတ်လပ်မှုနှင့် တာ၀န်ခံ တတ်မှုကို လုပ်ဆောင်ပေးသည်။ ငြိမ်းချမ်းရေးကို ကာကွယ်ရန်နှင့် တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ချက်များ ဖြစ်သည်။

လိုရင်းကို ပြောရမည်ဆိုပါလျှင် သင်ကြားခြင်းနှင့် ပညာရေးသည် လူမှုအသိုင်းအဝိုင်း စုစည်းပေးသော အခြေခံ အုတ်မြစ်ဖြစ်သည်။ မျှော်လင့်ခြင်း၊ တိုးပွါးခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းကို မွေးဖွားပေးနိုင်စွမ်းသည်။ အခြားတစ်ဖက်၌ စစ်အေး တိုက်ပွဲ အပြီး၌ စစ်သုံးစရိတ်သည် သတ်မှတ်ချက်ထက် ပိုလျှံ သုံးစွဲလာသည်။ အလွန်အကျွံ သုံးစွဲလာသည်ဟု ထင်ရသည်။ နိုင်ငံ၏ အစိုးရသည် ပညာရေးထက် လက်နက်များ၀ယ်ယူခြင်းကို ပိုမို တိုးမြင့်လုပ်ဆောင် လာသည်ကို မြင်တွေ့ လာနေရသည်။ နိုင်ငံတကာ လက်နက်လျော့ချ ဖျက်သိမ်းရေးကို နည်းလမ်းမှန်ကန်စွာလုပ်ဆောင် နိုင်မှသာလျှင် လူသားနှင့် နိုင်ငံ၏ တိုးတက် ဖွံ့ဖြိုးရေးကို အမှန်တကယ် လုပ်ဆောင်နိုင်မည်။ သို့မှသာ လက်နက် ၀ယ်ယူရန် သုံးဖြုန်း နေသောငွေကြေးများကို ကျန်းမာရေး စောင့်ရှောင်မှု၊ စာသင် ကျောင်းများ၊ နိုင်ငံတော် အုပ်ချုပ်မှု အပိုင်း၊ မြေယာနှင့် အခြားသော ဖွံ့ဖြိုးရေး ကဏ္ဍများ၌ အကျိုးရှိစွာအသုံးပြု နိုင်သည်။ ပညာရေး၌ ရင်းနှီး မြှုပ်နှံမှုသည် ကျွန်ုပ် (ရဟန်းမင်းကြီး)၏ မျှော်လင့်ချက် ဖြစ်ပြီး၊ ဤရင်းနှီး မြှုပ်နှံမှုနှင့်အတူ ယဉ်ကျေးမှုကို ထိန်းသိမ်းမြင့်တင်ခြင်း ကိုလည်း တစ်ပါတည်း လုပ်ဆောင်နိုင်သည်။ ဤနည်းအားဖြင့် တာ၀န်ယူမှု၊ တာ၀န်ခံမှုမရှိသည့် လူမှု အဖွဲ့အစည်း အတွင်း၌ ရှိနေသော အဟန့် အတားများ၊ ကွဲပြားနေမှုများကို ပြန်လည်ပေါင်းကူးပေးသော တံတား ဖြစ်လာနိုင်သည်။ နိုင်ငံ တစ်နိုင်ငံသည် ၎င်း၏ အရောင်အသွေး မတူသော ယဉ်ကျေးမူများဖြစ်သည့် လူသိများသော ယဉ်ကျေးမှု၊ နိုင်ငံ တကာ၌ ၀င်ဆန့်သော ယဉ်ကျေးမှု၊ လူငယ်နှင့် ဆိုင်သော ယဉ်‌ကျေးမှု၊ အနုပညာနှင့် ဆိုင်သော ယဉ်ကျေးမှု၊ နည်းပညာဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ မိသားစု ဆိုင်ရာနှင့် သတင်းမီဒီယာ ဆိုင်ရာယဉ်ကျေးမှု များကို အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်း နိုင်ပါက တိုးတက်ဖွံ့ဖြိုး လာမည် ဖြစ်သည်။ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်သည့် ပညာရေး စနစ်နှင့် အနာဂတ် မျိုးဆက်များအ တွက် တန်း၀င်သည့် ယဉ်ကျေးမှုပုံစံကိုမီးပြင်း တိုက်၍ လုပ်ဆောင် ရမည်။ ထိုယဉ်ကျေးမှုကား မိသားစု၊ အသင်းအဖွဲ့၊ ကျောင်းများ၊ တက္ကသိုလ်များ၊ အဖွဲ့အစည်းများ၊ ဘာသာရေးများ၊ အုပ်ချုပ်မှု အပိုင်းများနှင့် လူသား မိသားစု တစ်ရပ်လုံး လေးစား တန်ဖိုးထားတတ်သော ယဉ်ကျေးမှု ဖြစ်သည်။ ငြိမ်းချမ်းရေးစံတရားနှင့်ညီပြီး၊ သဘာ၀ ပတ်၀န်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လည်းပါ၀င်သော ပညာရေးမြှင့်တင်ရေးလုပ်ငန်းစဉ်သည် ညီအစ်ကိုရင်း စိတ်ဓာတ်နှင့်လူသား နှင့် သဘာ၀ တရားက ထားရှိသော အညမညတရားသဘော၌ တည်သည်။ မျိုးဆက်သစ် များအားပညာပေးခြင်းနှင့် သင်တန်းများ ပို့ချမျှ‌ဝေ၍ ရင်းနှီးမြှုပ်နှံခြင်းသည် ၎င်းတို့အား ပို၍ အာရုံထား ပြုစုပေးနိုင်သော အစီအစဉ်များ ကူညီပေးနိုင်သည်။ ဤသို့ဖြင့် ၎င်းတို့သည် စီးပွားရေး စျေးကွက်၌ လူမှန်၊ နေရာမှန်စွာ ပညာယူတတ် လာပေမည်။

၄။ ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းနှင့် ဆက်လက်ထိန်းသိမ်းနိုင်ရေး အတွက် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးခြင်း၊ အာမခံများ ထားရှိခြင်းသည် မဖြစ်မနေ ရှိရမည့် အနေအထား တစ်ခုဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ဤအနေအထားသည် ကျွန်ုပ်တို့ ကိုယ်တိုင်နှင့် ကိုယ်စွမ်းကိုယ်စ များကို ဖော်ထုတ် ပြသခြင်း ဖြစ်သည်။ ထို့အတူ ကျွန်ုပ်တို့ကိုယ်ကို အလုပ်ပေးခြင်း၊ ရင်းနှီး မြှုပ်နှံခြင်း၊ အခြားသူများနှင့် လက်တွဲ လုပ်ဆောင် လာတတ် စေသည်။ အဘယ်ကြောင့် ဆိုသော် အလုပ်အကိုင် တစ်ခုကိုလုပ်တိုင်း ကျွန်ုပ်တို့သည် တစ်ဦး တစ်ယောက်အတွက်လုပ်ဆောင် နေခြင်း ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့ အလုပ် လုပ်တိုင်း တစ်ဦး တစ်ယောက်ကို အကျိုး ဖြစ်ထွန်း စေကြောင်းနှင့် ထိုအကျိုးတရား ကြောင့် ကမ္ဘာကြီးအား ပို၍ ပြည့်၀ စုံလင်သွားစေကြောင်းကို မြင်တွေ့လာမည်။

ကိုဗစ်ကပ် ရောဂါဆိုးသည် အလုပ်စျေးကွက်ကို ထိခိုက် ပျက်ဆီး သွားစေခဲ့သည်။ ထို့ကြောင့် စိန်ခေါ်မှုကြီး မြင့်မား လာခဲ့သည်။ သန်းနှင့် ချီသော စီးပွားရေးလုပ်ကွက်များ၊ ထုတ်ကုန်လုပ်ငန်း များလည်းရပ်တန့်သွားခဲ့ရ၊ ဆုံးရှုံး သွားခဲ့ရသည်။ လက်လုပ် လက်စားများအတွက် အထိ အခိုက်အလွန် ကြီးမားခဲ့သည်။ အာမခံချက် အပြည့်အ၀ ရရှိထားကြသော အလုပ် သမားများပင်လျှင် အကျိုး ခံစားခွင့် များလျော့နည်းသွား ခဲ့သည်။ အခြေအနေများစွာ၌ အွန်လိုင်းမှ ပို့ချပေးသော ပညာရပ်များလည်း ထိရောက်မှု မရှိခြင်းများနှင့် သင်ကြားပေးရသော သင်ခန်းစာများလည်းနောက်ကျ၍ မပြီးစီးမှုများ ဖြစ်လာခဲ့သည်။ ၎င်းအပြင် လူငယ်များ အလုပ် စျေးကွက်ထဲသို့ အရှိန်ဖြင့် တိုး၀င်လာသောကြောင့် သက်ကြီး အလုပ် လက်မဲ့များထပ်တိုး လာပြန်သည်။ စနစ်တကျ မဟုတ်သော စီးပွားရေးအကြပ်အတည်း၌ ပြောင်းရွှေ့အလုပ်သမားများအား ထိခိုက်နစ်နာမှု များစွာ ဖြစ်ပေါ် စေသည်။ ထိုပြောင်းရွေ့မှုများသည် နိုင်ငံတော် တရားဥပဒေ၏ အသိအမှတ် ပြုခြင်းကိုပင် မခံရသည့် အပြင် ရှိသည်ဟုပင်သတ်မှတ် မခံရပေ။ ၎င်းတို့နှင့် ၎င်းတို့အား မှီခိုနေရသော မိသားစု ၀င်များသည် အာမခံချက် လုံး၀မရှိသော အခြေအနေ၌ ရှင်သန်နေရသည်။ ခေတ်သစ်ကျွန်ပြုစနစ် အမျိုးမျိုး၏ သားကောင် ဖြစ်နေရသည်။ မည်သည့် အကာအကွယ်မျှ လည်းမရှိ။ ပေးမထားပေ။ လက်ရှိ၌ ကမ္ဘာပေါ်ရှိ အလုပ် လုပ်နိုင်သော အသက် အရွယ်၏ သုံးပုံ တစ်ပုံသာလျှင် ဥပဒေ၏ အကာ အကွယ်ကို အပြည့်အ၀ ရရှိထားသည်။ ဤအကျိုး ခံစားခွင့် သည်လည်း တင်းကြပ်သော စည်းဘောင်များကြားမှ ရရှိထားခြင်း ဖြစ်သည်။ အကြမ်းဖက်လုပ်ရပ်နှင့် စီစဉ်၍ ကျူးလွန်သော ရာဇ၀တ်မှုများသည် နိုင်ငံအတော်များများ၌ တိုးမြင့်လျှက်ရှိသည်။ ထိုရာဇ၀တ် မှုများကား လူတစ်ဦး၏ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာကို ပိတ်ပင်ခြင်း၊ စီးပွားရေးကို မလည်ပတ်နိုင် အောင်ဖျက်ဆီးလိုက်ခြင်း၊ ဘုံအကျိုးကိုဟန့်တားလိုက်ခြင်း၊ ခြိမ်းချောက်ခြင်းများကိုပြုလုပ်ခြင်းဖြစ်သည်။

အလုပ်နှင့် လူ့ဂုဏ်သိက္ခာ လေးစားကာကွယ်ပါ...

ဤဆိုးရွားသော မလုံခြုံသည့် အလုပ်အကိုင်ပြဿနာအား ကိုင်တွယ် ဖြေရှင်းရန်မှာ ဂုဏ်သိက္ခာ ရှိသော အလုပ်အကိုင် အခွင့်အလမ်းများကို ကျယ်ကျယ် ပြန့်ပြန့် ဖန်တီးပေးရန်ဖြစ်သည်။ တရားမျှတခြင်းနှင့်အတူတကွခံထမ်း‌ဝေမျှတတ်ခြင်းသည် ဂုဏ်သိက္ခာရှိသောအလုပ်အကိုင် ကိုဖန်တီးရန်လိုအပ်သော လူမှုအသင်းအဖွဲ့တိုင်း၏အခြေခံအုတ်မြစ်ဖြစ်သည်။ ထို့ကြောင့် လူတို့၏လုပ်အားလိုအပ်ချက်၌ နည်းပညာများဖြင့် အစားထိုးရန်မကြိုးစားသင့်ပေ။ အဘယ် ကြောင့်ဆိုသော် နည်းပညာများကို အစားထိုးလာခြင်းသည် လူအသိုင်းအ၀ိုင်းကို ဆိုးရွားစွာ ထိခိုက် စေသည်။ အလုပ်သည် လိုအပ်ချက် ဖြစ်သည်။ အလုပ်သည် လူ့ဘ၀ ရှင်သန်ရခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အလုပ်သည် ကြီးထွားရန်၊ လူ့ဘ၀ဖွံ့ဖြိုး ပြောင်းလဲရန်နှင့် မိမိ၏ ရည်မှန်းချက် ပြီးပြည့်စုံ စေခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ အတွေး အခေါ်နှင့် အားထုတ်မှုကို ပေါင်းစပ်ရသည်။ သို့မှသာ အလုပ် လုပ်ရန် အသက်အရွယ် ရောက်ပြီး သူတိုင်းအား အလုပ်အကိုင် အခွင့်အရေးကို ဖန်တီးဖြေရှင်းပေးနိုင်သည်။ ၎င်းတို့၏ လုပ်အားဖြင့် ၎င်းတို့၏ မိသားစုအား ပြန်လည် ထောက်ပံ့ ပေးနိုင်သည်။

ဤသို့ တောက်ပံ့ ပေးနိုင်ခြင်းဖြင့် လူ့အသိုင်းဝိုင်းကို တစ်နည်း တစ်လမ်းအားဖြင့် ထောက်ပံ့ပေးခြင်းဖြစ်သည်။ ဂုဏ်ရှိပြီး၊ လုံခြုံသော အလုပ်ကို ဖန်တီးပေးရန် ပို၍ လိုအပ်သည်။ သို့မှသာ ဘုံကောင်းကျိုးနှင့်ဖန်ဆင်းခြင်း လုပ်ငန်းစဉ်ကို စောင့်ရှောက် ပေးနိုင်မည်ဖြစ်သည်။ လွတ်လပ်သော စီးပွားရေး ဖော်ဆောင်မှု၌ အာမခံချက်နှင့် အထောက်အပံ့ ရရှိရန် လိုအပ်သည် ။ လူမှုရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုကိုလည်း ဆန်းသစ်ရန် အားစိုက်ထုတ်ရမည်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်ခြင်းသည်၊ အကျိုးအမြတ်ရရုံသက်သက် မဟုတ်ဘဲ လူ့အသိုင်းအဝိုင်း တစ်ခုလုံးကို ပြုပြင် ပြောင်းလဲ ပေးခြင်းလည်း ဖြစ်ပါသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှု အသစ်များကို အားပေးရန်၊ ကြိုဆိုရန်၊ ထောက်ပံ့ရန် လိုအပ်သည်။ ကုမ္ပဏီများအားလည်း အလုပ်သမားတို့၏ အခြေခံ အခွင့်အရေးများကို လည်းလိုက်နာ စောင့်ထိန်းကြရန်၊ အဖွဲ့အစည်းများဖက်မှသာ နားလည်ပေးခြင်းမဟုတ်ဘဲ စားသုံးသူများ၊ လူမူအသိုင်းအ ၀ိုင်းနှင့်လုပ်ငန်းရှင်များဖက်မှလည်း နားလည် ပေးရမည်။ အလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍသည် ပို၍ အရေးပါ အခရာကျလာရာ လူ့ဂုဏ် သိက္ခာကို ပိုမိုလေးစား လိုက်နာ ရမည့်နေရာဖြစ်လာသည်။ ဤသို့ဖြင့် ငြိမ်းချမ်းရေးကိုတည်ဆောက်ရာ၌ ပါ၀င် ကူညီသူ များဖြစ်လာကြသည်။ ဤနေရာ၌ နိုင်ငံရေး အနေဖြင့် လွတ်လပ်သောစီးပွားရေးနှင့် တရားမျှတမှုကို ချိန်ခွင်လျှာမျှ ထိန်းညှိပေးရမည် ဖြစ်သည်။ ဤကဏ္ဍ၌ လုပ်‌ဆောင်သော သူမှန်သမျှသည် ကက်သလစ် အလုပ်သမားများ၊ ကက်သလစ် လုပ်ငန်းရှင်များနှင့် စတင် လုပ်ဆောင်ရမည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ကက်သလစ်သာသနာ တော်ကြီး၏ လူမူရေး ဆိုင်ရာသွန်သင်ချက်၌သေချာစွာ ညွှန်ကြား ထားသည်။

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့...

ကျွန်ုပ်တို့သည် ကပ်ရောဂါ ဆိုးကြီးမှ ရုန်းထွက်နိုင်ရန်အတွက် အင်အားများကို စုပေါင်းကြသည်။ ပညာရေး၊ လုံခြုံရေး၊ လူ့အခွင့်အရး၊ ကာကွယ်ရေး၊ ဆေးဝါး ထောက်ပံ့ရေး၊ နေထိုင် မကောင်းသော သူများနှင့် မိသားစု ၀င်များ တွေ့ဆုံ နိုင်အောင် စီစဉ်ပေးခြင်း၊ စီးပွားရေး ခက်ခဲ ကြပ်တည်းနေသောသူများ၊ အလုပ်လက်မဲ့ ဖြစ်သွားသော သူများအား တက်ကြွစွာ တာ၀န်ခံ ကူညီပေး နေကြသူများကို ကျေးဇူးတင်ကြောင်း ထပ်လောင်း ပြောကြား လိုပါသည်။ ထိုကပ် ဆိုက်ရောက်မှုကြောင့် မိသားစု၀င်များဆုံးရှုံးခဲ့ရသော မိသားစုများ အတွက်လည်း သတိရ ဆုတောင်း ပေးလျှက်ရှိသည်။ အစိုးရခေါင်းဆောင်များ၊ နိုင်ငံရေး၊ လူမှုရေးပိုင်း၌ တာ၀န်ရှိသောသူများ၊ ကက်သလစ် ရဟန်းတော်များ၊ ကရုဏာရေးလုပ်ငန်း လုပ်ကိုင်သူများ၊ စိတ်ကောင်းနှလုံးကောင်း ရှိသော အမျိုးသား၊ အမျိုးသမီးများအားလုံးကို ‘ကျွန်ုပ်တို့ အားလုံး သတ္တိရှိရှိနှင့် ဆန်းသစ်တီထွင်မှုများဖြင့် မျိုးဆက်များကြား ဆွေးနွေးညှိနှိုင်းမှု၊ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရင်း အတူတကွ လျှောက်လှမ်း ကြပါစို့။ ပိုမိုများပြားသော အမျိုးသား၊ အမျိုးသမီးများလည်း ငြိမ်းချမ်းရေးကို ပုံဖော် ထုဆစ်သော သူများအဖြစ် သတ္တိရှိရှိ နေ့စဉ် ရုန်းကန် လုပ်ဆောင် နိုင်ကြပါစေ။ ၎င်းတို့သည် ငြိမ်းချမ်းရေး ဘုရားသခင်၏ အလင်းကျေးဇူးပေးမှု၊ လမ်းပြပေးမှု၊ ကောင်းကြီးကို ခံစားကြရပါစေ ဟုတိုက်တွန်းနှိုးဆော် လိုက်ပါသည်။

(၂၀၂၁၊ ဒီဇင်ဘာ ၈) ရက်နေ့၊ ဗာတီကန်

ဘာသာပြန် - ဖာသာရ်ကလေးမင်း အားတယ်

https://bit.ly/3pTTpu5

Add new comment

2 + 1 =