၅၄ ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ရဟန်းမင်းကြီး ဖရန်စစ်၏ ဒေဿနာတော် ဟောကြားချက်

၅၄ ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ရဟန်းမင်းကြီး ဖရန်စစ်၏ ဒေဿနာတော် ဟောကြားချက်

ဘုရား၏ မယ်တော်၊ မာရီးယားပွဲနေ့၊ မစ္ဆားတရားတော်မြတ်

Holy Mass on the Solemnity of Mary, Mother of God

(1st January 2023)

ရဟန်းမင်းကြီး ဖရန်စစ်၏ ဒေဿနာတော် ဟောပြောချက်

စိန့်ပီတာ ဗာဆီလီကာ ကျောင်းတော်ကြီး

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ တနင်္ဂနွေနေ့

အေဒီ ၄၃၁ ခုနှစ်၊ အမိအသင်းတော် ကောင်စီ အစည်းအဝေးမှာ အသင်းတော် ခေါင်းကိုင်ဖခင်များက မာရီးယာသည် ဘုရား၏ မယ်တော်လို့ ကြေညာသတ်မှတ်လိုက်တဲ့ အခါမှာ “ဘုရား၏ သန့်ရှင်းသော မယ်တော်!”လို့ ကြွေးကြော်ပြီး ဧဖက်ဆုမြို့က လမ်းမများမှာ ဘုရားသခင်ရဲ့ လူမျိုးတော်က ပျော်ရွှင်မြူးတူးခဲ့ကြပါတယ်။

အမှန်တရား ဆိုတာ ယုံကြည်ကိုးကွယ်မှုရဲ့ အခြေခံ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပြီး အံ့ဖွယ်ရာ အချက်အလက် ဖြစ်ပါတယ်။ ဘုရားသခင်မှာ မိခင် တစ်ပါး ရှိပါတယ်။ မိခင်က သားသမီးများကို ချစ်သကဲ့သို့ ဘုရားနဲ့ လူဟာ မိသားစု အဖြစ် အစဉ် ထာဝရ ပေါင်းစပ်တည်ရှိနေမှာ ဖြစ်ပြီး ကျွန်တော်တို့ရဲ့ လူသားဖြစ်တည်မှုဟာ ယေဇူးဘုရားရှင်ရဲ့ လူသားဖြစ်တည်မှု ဖြစ်လာပါတယ်။

ဒီအချက်ဟာ အင်မတန် အံ့ဖွယ်ကောင်းပြီး စိတ်ချမ်းမြေ့ဖွယ် အမှန်တရား ဖြစ်တာကြောင့် စိန့်ပီတာ ကျောင်းတော် အတွင်း ကျင်းပခဲ့တဲ့ လတ်တလော ကျင်းပခဲ့တဲ့ အသင်းတော် ကောင်စီ အစည်းအဝေးမှာ “ခရစ်တော်သည် လူ့အဖြစ်ကို ယူခြင်းအားဖြင့် ဘုရားသားတော်သည် တနည်းနည်းဖြင့် လူသား တစ်ဦးချင်းစီနှင့် ပေါင်းစပ်မှု ရှိလာပါသည်။ ယေဇူးသည် လူသား ခြေလက်နှစ်စုံဖြင့် အလုပ်လုပ်ခဲ့ပါသည်။ လူသားကဲသို့ တွေးခဲ့ပါသည်။ လူတစ်ဦးတွင် ရှိသော စိတ်ဆန္ဒဖြင့် ဆောင်ရွက်ခဲ့ပါသည်။ လူ့နှလုံးသားဖြင့် ချစ်မြတ်နိုးခဲ့ပါသည်။ ယေဇူးသခင်သည် ကညာစင် မာရီးယာမှ ဖွားမြင်တော်မူ၍ အပြစ်ပြုခြင်းမှ လွဲ၍ ကျွန်ုပ်တို့ အကြား၌ လူစစ်စစ် အဖြစ် နေထိုင်ခဲ့ပါသည်၊ (Gaudium et Spes, 22)။ ကညာစင် မာရီးယာမှ ဖွားမြင်ခြင်း ဟူသည်မှာလည်း ထာဝရ ဘုရား၏ အစီအမံ ဖြစ်ပြီး ဘုရား၏ အစီအမံမှာ လူသားထု တစ်ရပ်လုံးကို ခိုင်မာတည်တံ့သော အချစ်ဖြင့် ပြည့်ဝစွာ၊ စစ်မှန်စွာ လူသားထု ချစ်မြတ်နိုးရန် ဖြစ်ပါသည်။ ညီအစ်ကို မောင်နှမ အပေါင်းတို့၊ ဘုရားသခင်က ကျွန်တော်တို့ကို အပေါ်ယံ စာစကား၊ နှုတ်အားဖြင့်သာ ချစ်ပြသည် မဟုတ်၊ အမှန်တကယ် ချစ်ခြင်း ဖြစ်သည်။ ဘုရားရှင်သည် “အထက်ဘုံ အရပ်၊ အဝေးမှ” ချစ်သည် မဟုတ်၊ “အနီးအနားလာ၍ အတူနေကာ” “လူ့အဖြစ်ကို ယူခြင်းဖြင့်” ချစ်ခြင်း ဖြစ်သည်။ ဘုရားသည် မာတာ မာရီးယားမှ တဆင့် လူ့အဖြစ်၊ လူ့အသွေးအသားကို ခံယူတော်မူသည်၊ ကျွန်ုပ်တို့ လူတစ်ဦးချင်းစီ၌ အသက်ဆက်ပေးနေသော နှလုံးသားကို ဘုရားရှင်က ခံယူတော်မူသည်။

ဘုရား၏ သန့်ရှင်းသော မယ်တော်။ ကျွန်ုပ်တို့၏ ကညာစင် မာရီးယား အကြောင်း ရေးသားသည့် အခါ ခေတ်အဆက်ဆက်မှ စာအုပ်များနှင့် ဂူသင်္ချိုင်းများမှာ ဘုရား၏ မယ်တော် ဆိုတဲ့ ဂုဏ်ပုဒ်ကို အသုံးပြုလေ့ရှိပါတယ်။ ဒါပေမယ့် ဘုရား၏ မယ်တော်၊ မာရီးယား ဆိုတဲ့ ဂုဏ်ပုဒ်ဟာ သမိုင်းတလျှောက် ဘုရား၏ သန့်ရှင်းသော လူမျိုးတော်ရဲ့ နှလုံးသားနဲ့ စိတ်ထဲမှာ အစဉ် ကိန်းအောင်းနေပြီး နေ့တဓူဝ ဘုရားဆု‌တောင်းခြင်း၊ ဓမ္မတေးသီဆိုခြင်း၊ စိတ်အားငယ်ခြင်းနဲ့ စိတ်ခွန်အားရခြင်း၌ (Hail Mary!) ဆိုပြီး ဂုဏ်ကျေးဇူးတော် မေတ္တာကို သီဆိုဧကျူးလေ့ရှိပါတယ်။ နှုတ်ကပါတ်တော်က အချို့ အပိုဒ်များကို ကောက်နှုတ်မယ် ဆိုရင် ဂုဏ်ကျေးဇူးတော် မေတ္တာရဲ့ ဒုတိယပိုင်းမှာ “မြတ်စွာဘုရား၏ မယ်တော်၊ သန့်ရှင်းသော မာရီးယာ --- ကျွန်ုပ်တို့ အပြစ်သားများ အဖို့ငှာ ဆုတောင်းပေးတော်မူပါ၊”လို့ ဖော်ပြထားပါတယ်။ ဒီဆုတောင်းစာမှာ ဘုရားရှင်သည် မယ်တော်မှ တဆင့် ကျွန်ုပ်တို့နှင့် နီးစပ်ဖို့၊ ကျွန်ုပ်တို့ ဘဝထဲ ဖိတ်ခေါ်ဖို့၊ လူ့သမိုင်း ဖြစ်စဉ်ထဲ ဘုရားရှင် ပါဝင်စေဖို့ တောင်းဆိုခြင်းလည်း ဖြစ်ပါတယ်။

ဂုဏ်ကျေးဇူးတော် မေတ္တာကို ဘာသာစကား အမျိုးမျိုးနဲ့ စိပ်ပုတီး စိပ်ကြ၊ ရွတ်ဆိုကြတာ ဖြစ်ပြီး အကူအညီ လိုတဲ့ အချိန်မှာဆိုရင် သန့်ရှင်းသော ဘုရားပုံတော် ရှေ့မှာ ရွတ်ဆိုခြင်း၊ လမ်းသွားလမ်းလာလုပ်ရင်း ရွတ်ဆိုခြင်းများ ပြုကြပါတယ်။

ဘုရားရှင်၏ မယ်တော်ကလည်း ကျွန်ုပ်တို့ တောင်းလျှောက်ရာကို အစဉ် နားညောင်းတော်မူပါတယ်၊ သူမရဲ့ ရင်ခွင်က သူငယ်တော် ယေဇူးကို ပိုက်ထားရင်း၊ ကျွန်ုပ်တို့ကို ကောင်းချီးပေးနေပါတယ်၊ နူးညံ့တဲ့ ဘုရားရှင် ချစ်ခြင်း ဖြစ်တဲ့ လူအဖြစ်ကို ယူတဲ့ အရှင် ယေဇူးကို ကျွန်ုပ်တို့ထံသို့ ဆောင်ယူပေးလာပါတယ်။ ပြောရမယ် ဆိုရင် မယ်တော် မာရီးယာက ကျွန်ုပ်တို့ကို မျှော်လင့်ချက် ပေးပါတယ်။

ဒီနှစ်သစ်မှာတော့ ကမ္ဘာကြီးဟာ မိုးရေကို တောင့်တသလိုမျိုး ကျွန်တော်တို့လည်း မျှော်လင့်ခြင်းကို လိုလားပါတယ်။ ဘုရားရဲ့ မယ်တော်၊ မာတာမိခင်ပွဲနဲ့ ဖွင့်လှစ်ကြိုဆိုတဲ့ နှစ်သစ် အရ မယ်တော် မာရီးယာဟာ မျှော်လင့်ခြင်းရဲ့ သော့ချက် အခရာကျ‌ကြောင်း ဖော်ကျူးနေပါတယ်။ ‌မယ်တော်ရဲ့ ကြားဝင်ဆုတောင်းခြင်းကို မျှော်လင့်ခြင်းနဲ့ တောင်းလျှောက်ကြပါတယ်။ ဒီနေ့မှာတော့ အနားယူသွားပြီ ဖြစ်တဲ့ ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ကို အမွန်မြတ်ဆုံး မယ်တော်ထံမှာ ကျွန်ုပ်တို့ အပ်နှံပါတယ်၊ ရဟန်းမင်းကြီး၏ ကမ္ဘာမြေမှ ဘုရားရှင်ထံသို့ သွားရာ လမ်းတလျှောက်တွင် မယ်တော်ရှင်မြတ်သည် ရဟန်းမင်းကြီး ဘက်နဒစ်အား အတူတကွ လက်တွဲ လျှောက်လှမ်းပါလိမ့်မည်။

အတိဒုက္ခရောက်နေသော၊ ဆုတောင်းရန် ခွန်အားမရှိတော့သော မယ်တော်၏ သားသမီးများ အတွက်လည်း ကျွန်ုပ်တို့သည် မယ်တော်ရှင်မြတ်ထံ အထူးတလည် ဆုတောင်းပေးကြပါစို့။ ဆောငးတွင်း အားလပ်ရပ်များတွင်ပင် အမှောင်ထု၌ အေးခဲစွာ ပိတ်မိနေသော ကမ္ဘာအဝှမ်းရှိ အကြောက်တရားနဲ့ နေထိုင်ရတဲ့ ဆင်းရဲသားများ၊ စစ်ဘေးသင့် ညီအစ်ကို မောင်နှမများ၊ အကြမ်းဖက်မှုနဲ့ လစ်လျူရှုခြင်း ခံရသူများ အတွက်လည်း ကျွန်ုပ်တို့ ဆုတောင်းပေးကြပါစို့။ ငြိမ်းချမ်းခြင်း မခံစားရသောသူတို့သည်လည်း ကမ္ဘာလောကထံ ငြိမ်းချမ်းခြင်းရဲ့ သခင်ကို ဖွားမြင်ခေါ်ဆောင်လာသော မယ်တော်ကို တောင်းလျှောက်ကြစို့။

“ဘုရားသခင်သည် သင်တို့ အပေါ် ကျရောက်လာသည့် စစ်ဘေးဒုက္ခအား ဖယ်ရှားပေးတော်မူ၍ သင်တို့ထံ ငြိမ်းချမ်းခြင်း ဆောင်ကြဉ်းပေးပါစေ၊” ဟူသည့် ဓမ္မဟောင်းကျမ်းလာ ဆုတောင်းသံသည် မယ်တော် သခင်မ၊ ငြိမ်းချမ်းခြင်းရဲ့ ဘုရင်မ၌ ပြီးပြည့်စုံခဲ့ပါပြီ။

မယ်တော်၏ လက်တော်၌ ဘုရားရှင်၏ ငြိမ်းချမ်းခြင်းသည် ကျွန်ုပ်တို့ တစ်ဦးစီ၏ နေအိမ်အတွင်း၊ နှလုံးသား အတွင်းနှင့် ကမ္ဘာပေါ်၌ သက်ရောက်လာပါသည်။

သို့ပေမယ့် ငြိမ်းချမ်းခြင်း ရအောင် ကျွန်ုပ်တို့ မည်သည့် အရာအား မဖြစ်မနေ ကျင့်ကြံ ဆောင်ရွက်ရမည်နည်း။

ယနေ့ ကျမ်းစာမှာ သူငယ်တော်နဲ့ မယ်‌တော်ကို လာရောက်တွေ့ဆုံတဲ့ သိုးထိန်းများကို စံနမူနာယူကြရအောင်။ သူတို့ဟာ ဆင်းရဲကြတယ်၊ သူတို့ဟာ ညပိုင်းမှာလည်း အလုပ်လုပ်ကြတယ်၊ သူတို့ဟာ ပညာရှိကြီးတွေ/ အာဏာရှိသူတွေ မဟုတ်ဘူး၊ ဒါပေမယ့် ဒီသိုးထိန်းများဟာ လူတွေကြားက ဆင်းရဲသားများကိုချစ်သော ဘုရားရှင်၊ ဆင်းရဲသားများနဲ့ အတူ ရှိလိုသော ဘုရားရှင်ကို သတိပြုမိကြပါတယ်။ ဧဝံဂလိ ကျမ်းစာက သိုးထိန်းများ လုပ်ခဲ့တဲ့ အချက် နှစ်ချက်ကို မီးမောင်းထိုး ဖော်ပြထားပါတယ်။ အဲဒီနှစ်ချက်က ရိုးရှင်းပေးမယ့် လုပ်ဖို့ မလွယ်တဲ့ အချက်များ ဖြစ်ပါတယ်။ သိုးထိန်းများသည် လာကြ၍ ကြည့်ရှုခဲ့ကြသည်လို့ ဖော်ပြထားပါတယ်။ သိုးထိန်းများ လုပ်တဲ့ လုပ်ရပ် နှစ်ခုကတော့ Going သွားခြင်း၊နဲ့ Seeing ကြည့်ခြင်း ဖြစ်ပါတယ်။

ပထမ အချက်ကတော့ Going သွားခြင်း ဖြစ်ပါတယ်။ သိုးထိန်းများဟာ “ခပ်မြန်မြန် သွားခဲ့သည်၊”လို့ (ရှင်လုကာ ၂:၁၆) ‌ဖော်ပြထားပါတယ်။ သိုးထိန်းများက ထိုင်စောင့်မနေပါဘူး။ သိုးထိန်းများက သိကြားတမန်တော်များထံက သတင်းကောင်း ကြားတဲ့ အခါမှာ ညဘက် ဖြစ်နေပြီး သိုးများကိုလည်း စောင့်ရှောက်နေရတဲ့ အချိန် ဖြစ်ပါတယ်၊ ညဘက်ဆို သိုးထိန်းများက ပင်ပန်းတဲ့ အပိုင်းလည်း ရှိပါတယ်။ မနက်ရောက်မှ လင်းလင်းထင်းထင်းနဲ့ သူငယ်တော် ယေဇူးကို တွေ့မြင်နိုင်ဖို့ သိုးထိန်းများက ကယ်တင်ရှင်ကို ချက်ချင်းသွား မတွေ့ဘဲ အချိန်စောင့်ပြီး နံနက်ခင်းမှ ထသွားလို့ ရပါတယ်။ ဒါပေမယ့် သူတို့က ယေဇူးသူငယ်တော်ကို အလေးထားလွန်းတာကြောင့် မနက်အထိ မစောင့်ဘဲ ညဘက်မှာတင် သူငယ်တော် ယေဇူးထံ မြန်မြန်ဆန်ဆန် သွားခဲ့ပါတယ်။ ကျွန်တော်တို့လည်း ဘုရားရှင်နဲ့ ပတ်သက်လာရင် အချိန်မလင့်စေဘဲ “သန့်ရှင်းသော ဝိညာဉ်တော် ဘုရားရဲ့ ကျေးဇူးတော် အတွက်” အလျင်အမြန် တုံ့ပြန်‌ဆောင်ရွက်ရပါမယ်။ သူတို့ သူငယ်တော်လေးထံ မြန်မြန်ဆန်ဆန် သွားလို့ ဖူးတွေ့ခွင့် ရခဲ့ပါတယ်၊ ယေဇူးသခင် ကြွလာတော်မူဖို့ အတိတ်က ပုဂ္ဂိုလ်များ အပြင် လူအပေါင်း စောင့်ခဲ့ရတာလည်း ရာစုနှစ်များစွာ ကြာပြီမို့ သိုးထိန်းများဟာ ဖွားမြင်လာတဲ့ သူငယ်တော်ကို အချိန်မဆိုင်းဘဲ သွားကြည့်ပါတော့တယ်။

ညီအစ်ကို မောင်နှမ အပေါင်းတို့၊ ဘုရားရှင်နဲ့ ဘုရားပေးတဲ့ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ ကြိုဆိုမယ် ဆိုရင် ကျွန်တော်တို့ ဘာမှ မလုပ်ဘဲ နေလို့ မရပါဘူး၊ ငြိမ်းချမ်းရေး ဆိုတာ စောင့်စားနေတာထက် စာရင် ငြိမ်းချမ်းရေး ရဖို့၊ အခြေအနေတွေ တိုးတက်လာဖို့ ကြိုးစားရပါမယ်။ ကျွန်တော်တို့ နှိုးထပြီး ဆောင်ရွက်ရပါမယ်၊ ကျေးဇူးတော် အချိန်အခါကို သတိပြုတတ်ရပါမယ်၊ အရဲစွန့်ပြီး ဆောင်ရွက်ရပါမယ်။

ဒီနေ့ နှစ်သစ်မှာ မရေရာ မသေချာနဲ့ ချီတုံချီချဖြစ်နေတာထက် အပြောင်းအလဲ ဖြစ်မယ့် အရာတွေကို စဉ်းစားရပါမယ်၊ မျှော်လင့်ချက် ထားတတ်ရပါမယ်။ ကျွန်တော်တို့ ကိုယ်ကို ပြန်မေးရပါမယ်၊ “ဒီနှစ် ဘာပန်းတိုင် ချမှတ်ထားသလဲ။ ကျွန်တော်တို့ ဘယ်သူ့ကို ကူညီနိုင်မလဲ၊” စတာတွေကို မေးရပါမယ်။ လူ့အဖွဲ့အစည်းအတွင်းက အမိအသင်းတော် အတွင်းက လူများကတော့ သင် လုပ်မှသာ ရနိုင်မယ့် အရာတွေကို မျှော်လင့်ကိုးစားကြပါတယ်။ ပတ်ဝန်းကျင်က လူတွေက ကျွန်တော်တို့ ကူညီတာကို စောင့်နေကြပါတယ်။

ဒီနေ့ခေတ်မှာ ဘယ်အရာမဆို စိတ်အားထက်သန်မှု မရှိတာ၊ စိတ်မပါတာတွေကြောင့် လူတွေရဲ့ စိတ်ဟာ ထုံထိုင်းလာပါတယ်၊ လူတွေကို မချစ်၊ မမုန်း၊ လစ်လျူရှုတဲ့ အကျင့်တွေကြောင့် ကျွန်တော်တို့ နှလုံးသားတွေက အလုပ်မလုပ်တော့ပါဘူး၊ ကွန်ပြူတာ‌ရှေ့မှာ မလိုအပ်ဘဲ အချိန်ဖြုန်းချင်တဲ့ စိတ်တွေ များနေကြပါတယ်။

ယေဇူးသူငယ်တော်ကို ညဉ်နက်သန်းခေါင် သွားရောက်ဖူးမြှော်တဲ့ သိုးထိန်းများကတော့ သခင်ခရစ်တော်ထံ ထသွားဖို့၊ ကမ္ဘာ့ရေးရာ လူမှုရေး လုပ်ငန်းများမှာ ပါဝင်ဖို့၊ ကျွန်တော်တို့ ကိုယ်ကို ညစ်ပေမှာ မကြောက်ဘဲ အများအကျိုးဆောင်ဖို့၊ ကောင်းမှုကုသိုလ်လုပ်ဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်နေပါတယ်။

ဘုရားသခင် လမ်းဖွင့်ပေးမယ့် အတွေ့အကြုံသစ်တွေ ရဖို့ ကျွန်တော်တို့ မိမိကိုယ်ကို အဆင်သင့်ဖြစ်နေဖို့ ကျွန်တော်တို့ရဲ့ အချိန်ဇယား၊ ကျွန်တော်တို့ အပျော်အပါးမက်တဲ့ အချိန်တွေကို ဘေးဖယ်ထားပြီး အများ အကျိုးဆောင်လိုတဲ့ နှိမ့်ချခြင်း၊ အများကို ကူညီဖို့ သတ္တိမွေးခြင်းအားဖြင့် ဘုရားရှင်ပေးတဲ့ ကျေးဇူးတော်များ လက်ခံရရှိဖို့ သိုးထိန်းများက ကျွန်တော်တို့ကို ဖိတ်ခေါ်နေပါတယ်။

ညီအစ်ကို မောင်နှမ အပေါင်းတို့၊ သိုးထိန်းများကို ကျွန်တော်တို့ နမူနာယူကြပါစို့။

ဘုရားရှင် အလိုတော် ရှိသည့် အတိုင်း အမြန်ဆုံး ဆောင်ရွက်ကြပါစို့။

သိုးထိန်းများ ရောက်လာတဲ့ အခါမှာ သိုးထိန်းများက “မေရီနဲ့ ဂျိုးဇက်ကို တွေ့သလို နွားစားခွက်ထဲက သူငယ်တော်လေးကို တွေ့ကြောင်း” ဧဝံဂလိကျမ်းမှာ ဖော်ပြထားပါတယ်။ သိုးထိန်းများက “သူငယ်တော်လေးကို မြင်တွေ့ဖူးမြှော်ပြီးနောက်မှာ” ထွက်ခွာသွားပြီး သူတို့ရင်မှာ အံ့ဖွယ်ဝမ်းမြောက်မှုနဲ့ ပြည့်ပြီး ယေဇူးသခင် အကြောင်း သူတပါးကို ကြေညာပြောပြပါတယ်၊ မြင်တွေ့ကြားသိရတဲ့ အရာတိုင်း အတွက် ဘုရားရှင်ကို ချီးမွမ်းထောပနာ ပြုကြပါတယ်။ အရေးအကြီးဆုံးကတော့ သိုးထိန်းများက သူငယ်တော် ယေဇူးကို မြင်တွေ့လိုက်ရတာပါပဲ။ သိုးထိန်းများက အမြင်ဖွင့်ထားပါတယ်၊ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုပါတယ်၊ မယ်တော်ရဲ့ ရင်ခွင်က သူငယ်တော် ယေဇူးအနားမှာ ခေတ္တရပ်နားပြီး ဖူးမြှော်ပါတယ်။ သူတို့က သူငယ်တော် ယေဇူးကို ဘာမှ မပြောပါဘူး၊ ဘာမှ မမေးပါဘူး၊ ဘာမှ မတောင်းဆိုပါဘူး၊ ဘာမှ မလုပ်ပါဘူး။ သူတို့က သူငယ်တော် ယေဇူးကို တိတ်တဆိတ်သာ ကြည့်နေခဲ့တယ်၊ ကြည်ညိုနေခဲ့တယ်၊ လူ့အဖြစ်ကို ခံယူတဲ့ ဘုရားရှင်ရဲ့ သိမ်မွေ့နူးညံ့တဲ့ ချစ်ခြင်းမေတ္တာ၊ မိခင်မာရီးယားရဲ့ ချစ်မေတ္တာကို ထောက်ရှုသုံးသပ်နေခဲ့ပါတယ်။

ဒီနှစ်သစ်ကာလမှာ ကျွန်တော်တို့ လုပ်ချင်တာ၊ ကြုံတွေ့ခံစားလိုတာတွေ အားလုံးထဲမှာ အမှန်တကယ် အဓိပ္ပာယ်ရှိတဲ့ ဘုရားသခင်နဲ့ မိမိပတ်ဝန်းကျင်က လူများ ကဲ့သို့ အဖိုးတန် အရာများကို မြင်တွေ့ဖို့၊ ခံစားတွေ့ကြုံဖို့ အချိန် ပေးကြရအောင်။

ဘုရားရှင် တန်ဖိုးထားတဲ့ လူအချင်းချင်း တွေ့ဆုံရာမှာ ခံစားရရှိတဲ့ အံ့သြဝမ်းသာမှုတွေကို ခံစားရရှိဖို့ သတ္တိမွေးရအောင်။ ဒါတွေက တဒင်္ဂသာ သာယာစေတဲ့ လောကီစည်းစိမ်က ပေးတဲ့ ပျော်ရွှင်မှုနဲ့ အလွန် ကွာခြားတတ်ပါတယ်။ ဘုရားရှင်မှ ရတဲ့ အံ့သြဖွယ်ရာ၊ လူလူချင်းတွေ့တဲ့ ဝမ်းမြောက်ဖွယ်ရာ အခြေအနေဟာ ကျွန်တော်တို့ နှလုံးသားကို ငြိမ်းချမ်းခြင်း ဆောင်ကြဉ်းပေးပါတယ်။

လောကီက ပေးတဲ့ ပျော်ရွှင်မှုက ဒုက္ခတွေကို ခဏတာ မေ့စေတဲ့ အိပ်မွေ့ချဆေးနဲ့ တူပါတယ်၊ တဒင်္ဂအချိန်လေးမှာသာ လောကီ ပျော်ရွှင်မှုက သာယာစေတာပါ။

ကျွန်တော်တို့ ဘဝမှာ ဘုရားသခင်နဲ့ နီးစပ်ဖို့၊ ဘုရားရဲ့ နှုတ်ကပတ်တော်ကို ကြားနာဖို့၊ ဆုတောင်းဖို့၊ ဘုရားရှင်ကို ဆက်ကပ် ပူဇော်ဖို့၊ ဘုရားရဲ့ ဂုဏ်တော် ချီးမွမ်းဖို့ အတွက် ခဏတာ အချိန်ပေးရန် ဘယ်လောက်တောင် လစ်ဟင်းကြသလဲ။ ဘုရားကို သာမက ပတ်ဝန်းကျင်က လူတွေကိုလည်း ဒီလိုနည်းနဲ့သာ ကျွန်တော်တို့ ဆက်ဆံနေခဲ့ကြပါတယ်။ ကျွန်တော်တို့ အရေးကိစ္စများမှာသာ အာရုံစိုက်နေကြပြီး ကိုယ့်အမျိုးသား၊ ကိုယ့်ဇနီး၊ ကိုယ့်ကလေးတွေကို စကားပြောဖို့၊ သူတို့ နေကောင်းကျန်းမာရဲ့လား စတဲ့ သာမန် မေးခွန်းတွေ သာမက စိတ်ချမ်းသာရဲ့လား စတာတွေ မေးဖို့ အချိန်မပေးတာတွေ ဖြစ်တတ်ပါတယ်။

အကယ်၍များ ကျွန်တော်တို့ရဲ့ ဘဝ အဓိပ္ပာယ်ကို လေးလေးနက်နက် သိရှိနားလည်ဖို့၊ အမှတ်ရနေဖို့၊ ကိုယ့်ရဲ့ နောက်ခံ အခင်းအကျင်း/ မျိုးရိုးဇစ်မြစ်ကို သိဖို့ အတွက် ကျွန်တော်တို့သာ သက်ကြီးရွယ်အို ဖိုးဖွားမိဘတွေကို အချိန်ပေးပြီး သူတို့ စကား နားထောင်ဖြစ်မယ် ဆိုရင် ဘယ်လောက် ကောင်းမြတ်လိုက်ပါမလဲ။

ကျွန်တော်တို့ အိမ်နီးနားချင်းတွေ၊ တစ်တိုက်တည်း နေတဲ့ သူတွေ၊ တစ်လမ်းတည်း နေတဲ့ သူတွေကို တွေ့ဆုံစကားပြောရဲလားလို့လည်း ကိုယ့်ကိုကိုယ် မေးမယ့် အချိန် ရောက်နေပါပြီ။

ညီအစ်ကို မောင်နှမ အပေါင်းတို့၊ သိုးထိန်းများကို အတုယူရအောင်။

ကျွန်တော်တို့ မြင်နိုင်ဖို့ ကြိုးစားရအောင်။

ကျွန်တော်တို့ နှလုံးသားနဲ့ ရှုမြင်ပြီး နားလည်ဖို့ ကြိုးစားရအောင်။

ကျွန်တော်တို့ နှလုံးသားတံခါးဖွင့်ပြီး မြင်တတ်ဖို့ လေ့လာရအောင်။

သွားခြင်းနှင့် မြင်တွေ့ခြင်း - ဒီနေ့ခေတ်အခါမှာ သခင်ဘုရားက ကျွန်တော်တို့ကြားထဲ ဆင်းကြွလာနေဆဲ ဖြစ်ပါတယ်။ သန့်ရှင်းသော ဘုရား၏ မယ်တော်က ကျွန်တော်တို့ ရှေ့မှာ သားတော် ယေဇူးကို ‌ဆောင်ကြဉ်းလာပါပြီ။ ဒီနှစ်မှာတော့ ဘုရားပေးတဲ့ အတွေ့အကြုံ“သစ်”တွေ ရရှိဖို့ လျှို့ဝှက်ချက်တွေကို မြင်တွေ့နိုင်ဖို့ စိတ်ဓာတ် တက်ကြွစွာ ကြည့်တတ်ကြပါစို့။

လွဲမှားနေတဲ့ အတုအယောင် ငြိမ်းချမ်းရေးမှာ နစ်မွန်းမနေဖို့ ကြိုးစားရအောင်။

ညီအစ်ကို ‌မောင်နှမ အပေါင်းတို့ ကညာစင် မယ်တော် မာရီးယာကို အားလုံး မော်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ အားလုံး မယ်တော်ရဲ့ နာမတော်မြတ်ကို ဧဖက်ဆု မြို့သားများရဲ့ ဝမ်းမြောက်ရွှင်လန်းစွာ ကြွေးကြော် သကဲ့သို့ အတူတကွ ကြွေးကြော်ရအောင်။

 

“ဘုရားရှင်၏ သန့်ရှင်းသော မယ်တော်!

ဘုရားရှင်၏ သန့်ရှင်းသော မယ်တော်!

ဘုရားရှင်၏ သန့်ရှင်းသော မယ်တော်!”

 

 

အာဗီအေဘာသာပြန်- Lawrence Jangma Mung Song

Photo courtesy : Google images

https://bit.ly/3G4AZxK

Add new comment

5 + 1 =