အိမ်ထောင်ရေးပဋိပက္ခများဟာ ဝဋ်ကြွေးကျိန်စာ မဟုတ်၊ အခွင့်အရေးသာဖြစ်သည်

အိမ်ထောင်ရေးပဋိပက္ခများဟာ ဝဋ်ကြွေးကျိန်စာ မဟုတ်၊ အခွင့်အရေးသာဖြစ်သည်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် နိုဝင်ဘာလ (၆) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာတစ်ဝှမ်းမှ ခရစ်ယာန် အိမ်ထောင်ရှင်များ ပြန်လည် ပေါင်းစည်းရေး လှုပ်ရှားမှုအခမ်းအနားသို့တက်ရောက်ကာ အားပေးစကားချီးမြင့်တော်မူခဲ့သည်။ အဆိုပါ တွေ့ဆုံခြင်းသည် အိမ်ထောင်ရေးပြသနာကြုံတွေ့နေရသည့် လင်မယားတို့ကြား ရင်းနှီးဆက်နွယ်မှုကို ပြန်လည်တည်ဆောက် ပေးသည့် အခွင့်အရေးတစ်ခုသာဖြစ်ပြီး ဇနီးမောင်နှံများအဖြစ် ရှင်သန်ကြီးထွားရန် အထောက်အပံ့ပေးသော အခမ်းအနား တစ်ခုဖြစ်သည်။

ရဟန်းမင်းကြီးသည် အိမ်ထောင်ရေးပြသနာ အခက်ခဲ ရှိကြသူ ဇနီးမောင်နှံများအား ကူညီပေးနေသည့် ယင်းလှုပ်ရှားမှု အဖွဲ့အစည်းမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

"ယနေ့ခေတ်ကြီးမှာ လူတွေအတွက် တကယ့်ကို အကူအညီတွေလိုအပ်နေပြီ။ အိမ်ထောင်ရေး ပြသနာတွေကြုံရတာဟာ ကျိန်စာ ဝဋ်ကြွေးတစ်ခုလိုမျိုး မဟုတ်ပါဘူး။ ဒါတွေဟာ အိမ်ထောင်သည်ဘဝခရီးလမ်းရဲ့ အစိတ်အပိုင်းတွေသာဖြစ်ပြီး ရင်ဆိုင်ဖြတ်သန်း ရမယ့် အခွင့်အခါတွေသာ ဖြစ်ပါတယ်။ ဆရာတော်များနှင့် ဘုန်းတော်ကြီးများကလည်း ဒီလိုအခက်ခဲကြုံတွေ့နေတဲ့ ဇနီးမောင်နှံတွေကို လင်မယားပေါင်းသင်းဆက်ဆံရေးခက်ခဲတင်းမာမှုတွေကြားက အခွင့်ရေးတစ်ခုအဖြစ် မြင်အောင် ပြသပေးဖို့လိုတယ်" ဟု အရှင်သူမြတ် က အားပေးမိန့်တော်မူခဲ့သည်။

အဆိုပါ (Retrouvaille အဖွဲ့အစည်း) အိမ်ထောင်သည်များအား ကူညီပေးသည့် အစီစဉ်သည် ၁၉၇၇ ခုနှစ်တွင် ကနေဒါ နိုင်ငံ ကက်သလစ်သာသနာတော်မှ စတင် ခဲ့ပြီး လူမျိုးဘာသာမရွေး ကူညီပေးလျှက်ရှိသည်။ ၎င်းအဖွဲ့အစည်း၌ ပရဟိတလုပ်ကိုင်သည့် အသင်းများလည်း ရှိပြီး ကနေဒါနိုင်ငံ၊ အမေရိကန်အလယ်ပိုင်းနှင့် တောင်ပိုင်းတို့နှင့် အာဖရိက၊ ဥရောပနိုင်ငံအသီးသီးတို့၌လည်း ဖြန့်ကျက်လုပ်ကိုင်နေပြီဖြစ်သည်။

Retrouvaille ဟူသော ဝေါဟာရသည် ပြင်သစ်ဘာသာစကားမှ ဆင်းသက်လာပြီး ပြန်လည် ရှာဖွေဆုံဆည်းစေခြင်း ဟု အနက် ရလေသည်။ အိမ်ထောင်ရေးပြသနာကြုံတွေ့ရသော ဇနီးမောင်နှံများအား ကူညီပေးနေသည့် ထိုအဖွဲ့အစည်းအား ပုပ်ရဟန်းမင်း ကြီးမှ ချီးမွမ်း စကား မိန့်ခဲ့ပါသည်။

"ဒီအလုပ်ဟာ အင်မတန် အရေးကြီးတယ်။ ပြသနာကို မကြောက်ရဘူး။ ပြသနာတွေက ကြီးထွားစေဖို့ ကူညီပေးတယ်။ ပိုပြီး မကွဲပြားစေ ဖို့အတွက် သတိထားပြီး ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်တယ်။ ပဋိပက္ခတွေဖြစ်သွားရင် နှလုံးသားတွေပိတ် အသည်းတွေမာကြောလာပြီး အဖြေရှာဖို့ ခက်လာတယ်။ ဒဏ်ရာဆိုတာ ရှိကြတယ်။ ကုသဖြေရှင်းပေးနေတဲ့သူတွေမှာလည်း ကိုယ်ပိုင်ဒဏ်ရာတွေနဲ့ပဲ။ သူတို့လည်း ကုစားခဲ့ကြပြီး ဒဏ်ရာနဲ့သူတွေကို ပြန်လည် ကုသပေးနိုင်လာကြတာပါ။ သင်တို့မှာပြသနာရှိတယ်၊ ဒဏ်ရာတွေရှိတယ်ဆိုရင် ဘုရားရဲ့ အကူညီကို တောင်းခံပါ။ ညီအစ်ကိုမောင်နှမတွေရဲ့ အကူညီနဲ့ ပြန်လည် ကုသကြပါ။ ကိုယ့်ရဲ့ ဘဝအတွေ့အကြုံကနေ သူများကို ပြန်ပြီး ကူညီပေးနိုင်သူတွေဖြစ်အောင် လုပ်ယူကြပါ။ ဘဝမှာ ကျော်ဖြတ်စရာ စိန်ခေါ်မှုတွေက တစ်ပုံတစ်ပင်ကြီးရှိတယ်။ ဒါ ဘဝပဲ။ ဒါကြောင့်မို့ အချင်းချင်း ရုန်းကန်ကြိုးစားပြီး ခရီးပြု လျှောက်လှမ်းပေးတတ်အောင် ကက်သလစ်ဘုန်းတော်ကြီးတွေရော သာမန်လူတွေရော ခရစ်တော်ဘုရားရှင်ဆီကနေ သင်ယူရမယ်။ ခရစ်တော်က ရှင်ပြန်ထမြောက်ပြီးနောက်မှာ ဧမာဦးမြို့သို့ ထွက်ပြေးတိမ်းရှောင်သွားတဲ့ တပည့်တော်ကြီး ၂ ပါးကို ဘယ်လို တွေ့ဆုံ ခရီးပြုပေးလဲဆိုတာ မြင်ယောင်ကြည့်ပါ။ ခရစ်တော်က ကောင်းကနေ ရုတ်တရက် ကျလာတာမဟုတ်ဘူး။ မင်းတို့ နောက်ပြန်လှည့်ဆိုပြီး အမိန့်အာဏာသံလည်း မပြုဘူး။ ရိုးရိုးလေးပါပဲ။ သူတို့နဲ့အတူ ခရီး အတူတူ လျှောက်လှမ်းပေးးတယ်။ သူတို့ရဲ့ ခံစားချက်နာကျင်ဒုက္ခတွေကို နားထောင်တယ်။ ခရီးလျှောက်လှမ်းပေးတယ်ဆိုတာ ပြသနာကြုံနေတဲ့ အခြေအနေတွေရဲ့ ပြတင်းတံခါးတွေကို ပိတ်ပေးဖို့ အချိန်ပေးလိုက်ခြင်းတာမျိုးဖြစ်တယ်။ စိတ်ရှည်ရမယ်။ တစ်ဦးနဲ့တစ်ဦး လေးစားပေး ရမယ်။ အချိန်ပေးပြီး အဆင်သင့်ရှိပေးဖို့လိုတယ်" ဟု အရှင်သူမြတ်က အခမ်းအနား မိန့်ခွန်း၌ ဆုံးမသြဝါဒ မြွက်ကြားအားပေး တော်မူခဲ့ပါသည်။

ဘာသာပြန် - သီကိုရှင်း

https://bit.ly/3Cy9pFh

Add new comment

4 + 12 =