အပြုံးတစ်ပွင့်က ဝေဒနာသည်တစ်ဦး၏  တစ်နေ့တာကို အဓိပ္ပါယ် ပေးနိုင်သည်

အပြုံးတစ်ပွင့်က ဝေဒနာသည်တစ်ဦး၏  တစ်နေ့တာကို အဓိပ္ပါယ် ပေးနိုင်သည်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့ သောကြာနေ့ မနက်ခင်းတစ်ခု၌ ရောမမြို့ ဂျဲ့မယ်လီ ကက်သလစ်တက္ကသိုလ်ကျောင်းသို့ သွားရောက်လည်ပတ်ကာ ကျောင်းတော်ကြီး၏ ယေဇူး ရွှေနှလုံးတော်အား အပ်နှံထားသော ဆေးဝါးနှင့် ခွဲစိပ်ဌာန တည်ထောင်းခြင်း နှစ် (၆၀) နှစ်ပြည့်အခ်းအနား မစ္ဆား တရားတော်မြတ်ကို ကျင်းပ ပူဇော် ပါဝင်ခဲ့ပါသည်။ ဆေးရုံနှင့် ဆေးရုံ ပုရဝုဏ်အား ဘုန်းတော်ကြီး ဖာသာရ် သြဂုတ်စတီးနို  ဂျဲ့မယ်လီအား အောက်မေ့ဖွယ် အပ်နှံထားပြီး ၄င်း၏ ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်လျှက်ရှိသည်။ အဆိုပါ ဆေးရုံသည် အီတလီနိုင်ငံတစ်ဝှမ်း၌ ကျန်းမာရေး ပြုစုစောင့်ရှောက်သူများအား မွေးထုတ်ပေးလျှက်ရှိပြီး အချက်အချာ ကျသော ဆေးရုံတစ်ခုလည်း ဖြစ်ပေသည်။

အရှင်သူမြတ်သည် ၄င်း၏ သြဝါဒကို ဆေးဌာနာ၏ အမည်နာမဖြစ်သော ယေဇူးရွှေနှလုံးတော်အား သဒ္ဓါကြည်ညို ခြင်းနှင့် စပ်လျှင်းထောက်ရှု၍ မိန့်ကြားသွားခဲ့ပါသည်။ 

"ယေဇူးရွှေနှလုံးတော်အား သဒ္ဓါကြည်ညိုခြင်းပြုတဲ့ ပထမသောကြာနေ့ဖြစ်တဲ့အတွက်ကြောင့် ကျွန်ုပ်အနေနဲ့ စကား ၃ ခွန်း မိန့်မှာချင်ပါတယ်။ အဲ့ဒီစကား ၃ ခွန်းကတော့ အောက်မေ့သတိရခြင်း၊ ဝေဒနာပြင်းပြခြင်း၊ နှစ်သိမ့်ပေးခြင်း တို့ ဖြစ်ပါတယ်"

(၁) အောက်မေ့သတိရခြင်း

"အောက်မေ့သတိရတယ်ဆိုတာ နှလုံးသားနှင့် နောက်ပြန်လှည့်ကြည့်ခြင်းတစ်မျိုးပါပဲ။ ယေဇူးဘုရားရှင်ရဲ့နှလုံးသားက မိမိကိုယ်တိုင်ရဲ့ဘဝ ပေးလှူခြင်းကို ပြသနေပါတယ်။ ခရစ်တော်ရဲ့နှလုံးသားက သနားကြင်နာခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး ဘုရားရဲ့ မေတ္တာသက်သက်ပေးထားတဲ့ ကျေးဇူးကောင်းမြတ်ခြင်းတွေကို အမှတ်ရဖို့ ဖိတ်ခေါ်နေပါတယ်။ ဒီယနေ့ ကမ္ဘာကြီးက အပူပင်တွေနဲ့ ဆောက်တည်ရာမဲ့ဖြစ်နေတယ်။ ဒီလိုအခြေအနေမှာ ဘုရားရဲ့ ကရုဏာသနားခြင်းကို ခံစား သိမြင်ဖို့လိုတယ်။ နှလုံးသားနဲ့ တစ်ချက်လေး စောင့်ငဲ့ကြည့်ပါဦး။ အမှတ်တရတွေမရှိရင် ဇစ်မြစ်လည်း မရှိဘူး။ အမြစ် မတည်မှတော့ ကြီးထွားဖို့လည်း မလွယ်ဘူး။ ဒါကြောင့် မိမိကို ချစ်ခြင်းမေတ္တာပေးခဲ့တဲ့၊ ဂရုစိုက်ခဲ့တဲ့၊ မြှင့်တင်ပေးခဲ့တဲ့ သူတွေကို ပြန်လည် သတိရကြပါ" လို့ အရှင်သူမြတ်က မိန့်မှာတော်မူခဲ့ပါတယ်။ 

ဆက်လက်ပြီး ထိုဆေးရုံမှာ အရှင်သူမြတ်ကိုယ်တိုင် ဆေးကုသခံစဉ် ပြုစုကုသပေးခဲ့ကြသူတိုင်းကိုလည်း သီးသန့် ကျေးဇူး တင်ကြောင်း ဆိုခဲ့သည်။ "တစ်ကမ္ဘာလုံး ကပ်ဆိုက်နေတဲ့ ဒီလိုအချိန်မှာ နာကျင်ဝမ်းနည်းရဆုံးအချိန်တွေကို ပြန်သတိရ ဖို့ ကောင်းတယ်။ ဒီလိုသတိရတာဟာ ကိုယ့်ကို ပူဆွေးဝမ်းနည်းစေဖို့မဟုတ်ဘဲ အဖြစ်အပျက်တွေကြားမှာ ရွေးချယ်မှုတွေ ကောင်းကောင်း ပြုလုပ်နိုင်ဖို့အတွက်သာဖြစ်ပါတယ်။ ကိုယ့်ရဲ့ဘဝ၊ ကိုယ့်ရဲ့နှလုံးသားကို ထိစေတဲ့အရာ တစ်စုံတစ်ခုဖြစ် ဖြစ်၊ တစ်စုံတစ်ယောက်ပဲ ဖြစ်ဖြစ် ကျွန်ုပ်တို့ သတိရကြတာပဲ။ သခင်ယေဇူးရဲ့ နှလုံးသားက အတိတ်ဒဏ်ရာတွေကို ကုသ ပေးပါတယ်။ ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ ဘုရားရှင်က ကျွန်ုပ်တို့ကို ချစ်နေတယ်ဆိုတာကို မေ့ပစ်လို့ မရပါဘူး။ ဒါကြောင့်မို့ အတိတ် ကို သတိတရရှိခြင်း အနုပညာကို မွေးမြူထားကြပါ" လို့ အရှင်သူမြတ်က ဖိတ်ကြားအားပေးတော်မူခဲ့ပါသည်။

(၂) ဝေဒနာပြင်းပြခြင်း

"ယေဇူးရွှေနှလုံးတော်ဟာ နူးညံ့သိမ်မွေ့တဲ့ သဒ္ဓါကြည်ညိုခြင်းတစ်ခု သက်သက်မဟုတ်ပါဘူး။ ပြင်းထန်တဲ့ ဝေဒနာ တွေကို ရည်ညွှန်းထားတဲ့ ဘုရားတရားကျင့်စဉ်တစ်ခုဖြစ်ပါတယ်။ အချစ်ကြောင့် ဒဏ်ရာတွေရခဲ့ပြီး ကားတိုင်ပေါ် မှာ ဟက်တက်ကွဲအောင် ဖွင့်ပြခဲ့တဲ့ ဝေဒနာ နှလုံးသားတစ်ခုဖြစ်ပါတယ်။ ဘုရားရဲ့ နှလုံးသားက ဝေဒနာပြယုဂ်တစ်ခု ဖြစ် ပါတယ်။ လူတွေအပေါ်ထားတဲ့ အပြင်းစား သိမ်မွေ့ခြင်း၊ ချစ်တတ်သော ဝေဒနာနှလုံးသားကို ပြပေးပါတယ်။ ဘုရားရဲ့ နှလုံးသားက လူတွေအတွက် ပြင်းပြတောက်လောက်နေခဲ့တယ်။ ဘုရားကို အမှန်ချစ်ရင် လူတွေအတွက်လည်း ပြင်းပြင်းပြပြခံစားတတ်ရမယ်။ အထူးသဖြင့် ဝေဒနာသည်တွေအတွက် ခံစားပေးရပါမယ်။ ဒဏ်ရာနဲ့ ဝေဒနာသည်ကို အစေခံတဲ့အခါမှာ ကျွန်ုပ်တို့လည်း နှစ်သိမ့်ခြင်းခံရသလို ပျော်ရွှင်ဝမ်းမြောက်ခြင်းရှိလာတယ်။ ဒဏ်ရာရှိတဲ့နှလုံးသားက ပြည့်ဝတယ်။ စကားတွေအများကြီးပြောဖို့ မလိုအပ်ဘူး" ဟု အရှင်သူမြတ်က ဆက်လက် မိန့်ကြားတော်မူခဲ့ပါသည်။

(၃) နှစ်သိမ့်ပေးခြင်း

"တတိယ စကားတစ်ခွန်းကတော့ နှစ်သိမ့်ပေးခြင်းပါ။ နှစ်သိမ့်ခြင်းက လူတွေဆီက လာတဲ့ ခွန်အားတစ်ခုမဟုတ် ပါဘူး။ လူတွေနဲ့အတူ ရှိတဲ့ ဘုရားဆီက လာတဲ့ အားအင်တစ်ခုဖြစ်ပါတယ်။ ဘုရားရဲ့ နှလုံးသား မေတ္တာက ဒုက္ခအမော တွေကြားမှာ နှစ်သိမ့်မှုနှင့် ခွန်အားတွေကို ပေးပါတယ်။ ကပ်ရောဂါတွေ ဆိုက်ရောက်တဲ့အချိန် ကျွန်ုပ်တို့ရဲ့ မတတ်စွမ်းနိုင်ခြင်းတွေကို ပိုသိလာကြတယ်။ ဘယ်က ဘယ်လို ပေါ်လာတဲ့ ကူးစက်ရောဂါတစ်ခုကြောင့် ဆေးလောကကြီး တောင် လမ်းပျောက်သလို ဖြစ်ခဲ့ရတယ်။ ကုသခြင်းတွေလုပ်ဖို့ အားထုတ်ကြိုးပမ်းမှုတွေလည်း အများကြီး လုပ်ခဲ့ရပါတယ်။ လူတွေလည်း စိတ်ဓါတ်တွေ ပြိုလဲကျသွားနိုင်တယ်။ ဒါကြောင့် နှစ်သိမ့်အားပေးမှုဆိုတာ လိုအပ်လာတယ်။ ဘုရားရဲ့ နှလုံး ခုန်သံ စည်းချက်တိုင်းက ကျွန်ုပ်တို့ကို ပြန်လည်နှစ်သိမ့်ပေးတယ်။ သင့်ရဲ့ ရောဂါဝေဒနာထက် ဘုရားရဲ့ မေတ္တာက ပိုပြီး ကြီးမားပါတယ်။ ဘုရားက သင်တို့အတွက် နှစ်သိမ့်မှုပေးတဲ့ သူ တစ်ဦးပါပဲ" ဟု အရှင်သူမြတ်က အားပေးနှစ်သိမ့်စကား မိန့်တော်မူခဲ့ပါသည်။ 

 

ဘာသာပြန် - သီကိုရှင်း

Photo courtesy of CBC

https://bit.ly/3H2Nzx6

Add new comment

1 + 8 =