သာသနာ (Parish)တိုင်းအတွက် ဗာတီကန်လမ်းညွှန်ချက် (၅)ချက်

သာသနာ (Parish)တိုင်းအတွက် ဗာတီကန်လမ်းညွှန်ချက် (၅)ချက်

 

၂၀၂၀ ခုနှစ် ဇူလှိုင် ၂၀ ရက်နေ့တွင် ဗာတီကန်ဘုန်းတော်ကြီးများရုံး (Congregation for Clergy)က ကမ္ဘာအရပ်ရပ်ရှိ သာသနာအုပ်စုများအတွက် လမ်းညွှန်မှုအသစ်တွေကို ထုတ်ပြန်လိုက်ပါတယ်။ ဒီထုတ်ပြန်ချက်ကို ဗာတီကန်ရဲ့ တစ်ခုတည်းသော အင်တာနက် စာမျက်နှာဖြစ်တဲ့ press.vatican.va မှာ အသေးစိတ် အပြည့်အစုံ ဖတ်ရှုနိုင်ပါတယ်။ ကျွန်ုပ်ကတော့ အဓိကအချက်လေးတွေကို ဝေမျှသွားပါ့မယ်။

ဒီလမ်းညွှန်မှုအသစ်တွေရဲ့ ရည်ရွယ်ချက်နဲ့ ဦးတည်ချက်ကတော့ သာသနာအုပ်စုတိုင်းဟာ မိမိတို့ကိုယ်ကို တရားတော်ကို သက်သေခံနေသော သာသနာပြုများ ဖြစ်တယ်ဆိုတာကို သတိရကြဖို့ သတိထားကြဖို့ တိုက်တွန်းထားတာကို တွေ့ရပါတယ်။ ကျွန်ုပ်တာဝန်ကျရာ ရွှေပြည်သာက စိန်ဂျဲမားဂါလ်ဂါနီ သာသနာအုပ်စုဆိုရင် သာသနာပြုနေသော သာသနာအုပ်စုပါလို့ မကြာခဏ ပြောပြလေ့ရှိတာကို ပြန်သတိရမိပါတယ်။ အခု ဒီလမ်းညွှန်ချက်သစ်တွေဟာ ကျွန်ုပ်တို့ကို ပိုပြီးရှင်းလင်းသွားစေပါတယ်။ ဒါကြောင့် သာသနာအုပ်စု တစ်စုချင်းစီဟာ ဆုတောင်းမေတ္တာနဲ့ အလေးအနက် စဥ်းစားရမှာက မိမိတို့သာသနာအုပ်၊ မိမိတို့မှီတင်းနေထိုင်နေကြတဲ့ သာသနာအုပ်စုဟာ ဘာလဲ၊ ဘယ်လိုသာသနာအုပ်စုလဲ၊ ဘာအတွက် ရပ်တည်နေတာလဲဆိုတာ စဥ်းစားရမှာပါ။

၁။ သာသနာအုပ်စု (Parish)သည် သာသာနာပြုရာ (Mission) ဖြစ်ပါတယ်။

သာသနာပြုရာတစ်ခုဖြစ်တာမို့ နှုတ်ကပတ်တော် သတင်းကောင်းဟောပြောဖို့ မိမိတို့ကိုယ်ကိုယ် "ငါ" ဆိုတဲ့လောင်းရိပ်အောက်ကနေ ထွက်လာရပါလိမ့်မယ်။ သာသနာအုပ်စုကို စနစ်ကအစ ပြုပြင်မွမ်းမံဖို့ ကိရိယာတွေ ကမ်းလမ်းပြီး တဖွဲ့တည်းဆိုတဲ့ စိတ်ဓါတ်၊ အတူတူလက်တွဲခြင်းဆိုတဲ့ စိတ်ဓါတ်တွေအပြင် သနားကြင်နာခြင်းနဲ့ ကိုယ်ချင်းစာတရားတို့ ပေါင်းစပ်ပြီး သာသနာပြုကြရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် မိမိတို့ကိုယ်ကိုယ် ခရစ်တော်ရဲ့တပည့်အဖြစ်၊ သတင်းကောင်းရဲ့ သာသနာပြုအဖြစ် ဆေးကြောခြင်းခံယူခဲ့တာကို ပြန်လည်အသက်ဝင်သည်အထိ ပြန်လည်တူးဖော်ဖို့ လိုပါတယ်။

၂။ ကိုယ်တော်မြတ်နှင့် ဆင်းရဲသားတွေဟာ သာသနာအုပ်စုတစ်စုရဲ့ ဘဝပဲ ဖြစ်သင့်ပါတယ်။

ကိုယ်တော်မြတ်ရဲ့ နက်နဲဖွယ်ရာ မစ္ဆားတရားတော်ကျင်းပခြင်းဟာ သာသနာအုပ်စုတစ်စုလုံးရဲ့ အရင်းအမြစ်နဲ့ အထွဥ်အထိပ်ဖြစ်ပြီး၊ ဒါဟာ သာသနာအုပ်စု Community ရဲ့ မဖြစ်မနေ အရေးပါတဲ့ တဒင်ဂလေးပဲ ဖြစ်ပါတယ်။

ဒီလို သာသနာအုပ်စုရဲ့ နှလုံးသားဗဟိုမှာ ဆင်းရဲသားတွေကို နေရာပေးပါ။ ဗိမာန်တော်ဟာ အားလုံးကိုဖွင့်ပေးထားသလို သာသနာအုပ်စုကလည်း ခြွင်းချက်တစ်စုံတစ်ရာမထားဘဲ ဆင်းရဲသားတွေနဲ့ ဖိနှိပ်ခံတွေကို အထူးနေရာပေယသင့်ပါတယ်။

၃။ နယ်မြေပိုင်ခြားမှုအရေးပါပါတယ်။ သို့သော် ဒါဟာ အကန့်သပ်တစ်ခု မဖြစ်သင့်ပါ။

ကျွန်ုပ်တို့သိတဲ့အတိုင်း သာသနာအုပ်စုတွေဟာ နယ်မြေတွေနဲ့ ပိုင်းခြားထားပါတယ်။ သို့သော်လည်း ရွေ့ပြောင်းနေထိုင် အခြေချသူတွေတိုးလာသည်နဲ့အမျှ၊ ဒီဂျစ်တယ်မီဒီယာတွေ နေရာယူလာသည်နဲ့အမျှ အထက်ပါ ပထဝီနယ်မြေအကန့်အသပ်နဲ့ နေထိုင်ရတယ်ဆိုတာ လက်တွေ့ကျမလာတော့ပါဘူး။ သို့သော်လည်း သာသနာအုပ်စုရဲ့ ပထဝီနယ်မြေပိုင်းခြားမှုတွေဟာ အရေးပါလျက်ရှိတာကို သတိချပ်ကြရပါလိမ့်မယ်။ သာသနာအုပ်စုတစ်ခုရဲ့ သာသနာပြုခြင်းကတော့ ပထဝီနယ်မြေတစ်ခုတည်းမှာပဲ အဆုံးမသတ်ပြန်ပါဘူး။ ဒါ့ကြောင့် သာသနာအုပ်စု သိုးစုတိုင်းဟာ မိမိတို့ရဲ့ ပထဝီနယ်မြေပိုင်းခြားမှုတွေကို အလေးထားပြီး သာသနာပြုရာမှာတော့ မိမိတို့ သာသနာအုပ်စုထက် ကျော်လွန်ပြီး ပြုနိုင်ပါတယ်။

၄။စနစ်ဟာ သာသနာပြုဖို့ဖြစ်ပြီး ဗြူရိုကရေစီကတော့ ဖျက်စီးတတ်တယ်။

သာသနာအုပ်စုတစ်စုဟာ သာသနာပြုခြင်းအတွက် ပေါ်လစီတွေ၊ အစီစဥ်တွေ၊ နည်းစနည်းတွေချကြတဲ့အခါ ဗျူရိုကရေစီဆန်လွန်ပြီး အရာမရောက်တဲ့ နည်းစနစ်တွေဖြစ်မသွားဖို့ ရှောင်ကျဥ်ကြရပါမယ်။ ဒါ့ကြောင့်သာသနာအုပ်စုရဲ့ ခေါင်းဆောင်တွေဟာ စိတ်ဓါတ်ရေးရာနဲ့ ခံယူချက်တွေမှာ အတွင်းစိတ်ကအစ အမြဲမွမ်းမံပြီး အကျင့်ပြောင်းလဲနေဖို့ လိုပါတယ်။

၅။ သာသနာအုပ်စုရဲ့ သာသနာပြုခြင်းတာဝန်ဟာ ဘာသာဝင်တိုင်းမှာရှိပါတယ်။ ဒါပေမယ့် တစ်ဦးချင်းဆီမှာ အခန်းကဏ္ဍ တစ်ခုစီရှိပါတယ်။

သာသနာပြုခြင်းကို ဘုန်းကြီး၊ သီလှရှင်၊ ဓမ္မဆရာ၊ဆရာမများနဲ့ ဘာသာဝင်အားလုံး ပူးပေါင်းလုပ်ဆောင်ကြရပါမယ်။ ဒါပေမယ့် သတိချပ်ရမှာက တစ်ဦးချင်းဆီမှာ မိမိတို့ရဲ့ခေါ်တော်မူခြင်းအလိုက် ပါဝင် လုပ်ဆောင်ရမယ့် အခန်းကဏ္ဍ ကိုယ်စီရှိတယ်ဆိုတာပါပဲ။ အထူးသဖြင့် သာသနာအုပ်စုတစ်ခုမှာ "Care of souls" သိုးစုရဲ့ဝိညာဥ်စောင့်ရှောက်ခြင်းဟာ ဘုန်းတော်ကြီးရဲ့သီးသန့် အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။ ဒါဟာ သာမန်ဘာသာဝင်တွေရဲ့ အခန်းကဏ္ဍ ကိုကန့်သပ်ခြင်း မဟုတ်ဘူးဆိုတာ သိထားသင့်ပါတယ်။ ဒီလို အခန်းကဏ္ဍ (pastoral care) အတွက် သာမန်ဘာသာဝင်တွေထက် ဒီကင်တွေကို ပိုပြီးလုပ်စေပါတယ်။ Clericalization of the laity ကို သတိချပ်ကြရပါလိမ့်မယ်။ သာမန်ဘာသာဝင်တွေမှာလည်း တကယ်တော့ လုပ်စရာ ကဏ္ဍတွေ အများကြီးရှိသေးတယ်။ မိမိတို့နဲ့ နီးစပ်ရာတိုင်းမှာ ဘုရားသခင်ကို သက်သေခံပြီး သာသနာပြုနိုင်ကြပါတယ်။

သာသနာအုပ်စုဟာ သာသနာပြုခြင်း၊ တရားဟောခြင်းရဲ့ အခြေခံကျတဲ့နေရာဖြစ်ပြီး မစ္ဆားတရားပူဇော်ရာ နေရာ၊ သဟာဇတကျရာနေရာ၊ မေတာကရုဏာပွားများရာနေရာဖြစ်ပြီး ထိုနေရာမှတဆင့် ခရစ်ယာန်သက်သေခံချက်များ ထွန်းတောက်ရာ နေရာဖြစ်ကြောင်း ပြန်လည်ရှာဖွေနိုင်ဖို့ ေမျှာ်လင့်ပါတယ်။

ညွှန်ကြားချက်များ အပြည့်အစုံဖတ်လိုပါက

 https://bit.ly/39hU1Qu

 

ဒိုမီနီကန်ကိုရင်

 

 

Add new comment

8 + 1 =