သာသနာပြုရန် ဇွဲထက်သန်ခြင်း 

သာသနာပြုရန် ဇွဲထက်သန်ခြင်း 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အရှင်သူမြတ်၏ ဗုဒ္ဓဟူးနေ့ လူထု ပရိသတ်အား ဘုရားစကားသင်ကြားရာ၌ သာသနာပြုရန် ဇွဲထက်သန်ခြင်း ခေါင်းစဉ်ဖြင့် သွန်သင်တော်မူခဲ့သည်။

အရှင်သူ မြတ်သည် ဗုဒ္ဓဟူးနေ့တိုင်း ဘုရားစကားခေါင်းစဉ်တစ်ခုကို ရွေးချယ်၍ အပတ်စဉ်သင်ကြားပေးလေ့ရှိရာ မိမိကိုယ်ကို ဆန်းစစ်သုံးသပ်ခြင်း ခေါင်းစဉ်အား ယခင်အပတ် ဗုဒ္ဓဟူးနေ့၌ အဆုံးသတ်ခဲ့ပြီး ယခုအပတ်မှာ ခေါင်းစဉ်သစ် ရွေးချယ်၍ ပြန်လည်သင်ကြားခြင်းကို စတင်ခဲ့သည်။

ခရစ်ယာန်ဘဝအသက်တာမှာ မဖြစ်မနေလုပ်ရန်ရန် လိုအပ်သည့် အရာတစ်ခုမှာ သာသနာပြုခြင်း တစ်နည်းအားဖြင့်ပြောလျှင် တမန်တော်လုပ်ငန်း၌ စိတ်အားထက်သန်ခြင်း ဖြစ်သည်။ ၎င်းသည် သာသနာတော်၏ အသက်သွေးကြောသဖွယ် အလွန်လိုအပ်လှသည်။

သာသနာတော်ကြီးသည် တမန်တော် လုပ်ငန်း လုပ်ဆောင်ခြင်းအားဖြင့် အယူဝါဒသိမ်းသွင်းရန်မဟုတ်ဘဲ သာသနာပြုကြရန် မွေးလာခဲ့ခြင်းဖြစ်သည်။

သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ လမ်းပြဦးဆောင်မှုဖြင့် ခရစ်တော်အကြောင်း လူအများကြားသိစေရန် အနယ်နယ်အရပ်ရပ်သို့သွား၍ သတင်း ကောင်းဖြန့်ေ၀ သက်သေခံနိုင်ခဲ့ကြသည်။ ယုံကြည်ခြင်းအလင်းကို လက်ဆင့်ကမ်း ၍ ကမ္ဘာအစွန်းတိုင်အောင် ပြန့်နှံ့စေခဲ့လေသည်။ ကျွန်ုပ်တို့ခရစ်ယာန်များထဲမှာ မိမိအတွက်ပဲ ပိတ်ထားသည့်သူများလည်း ရှိသည်။

ယုံကြည်ခြင်းဟူသည် တစ်ပါးသူ ဧဝံဂေလိသတင်ကောင်းကြားသိစေရန် ဖြန့်ဝေခြင်းမပြုဘဲ မိမိအတွက်သာ သိမ်းဆည်းထားရန်မဟုတ်ပါ။ ဝင်ရိုးစွန်းတိုင် သာသနာပြုရန် လမ်းစပျောက်နေလျှင် သတင်းကောင်းမျှဝေခြင်းသည်လည်း လူနာတစ်ဦးပမာ ရှုနာရှိုက်ကုန်းဖြစ်နေပေတော့မည်။ တမန်တော်လုပ်ငန်း၌ စိတ်အားထက်သန်မှု လျော့နည်းလာလျှင် ယုံကြည်ခြင်းလည်း မှေးမှိန်ဆုတ်ယုတ်လာနိုင်ပေသည်။ သာသနာပြုခြင်းသည် ခရစ်ယာန်ဘဝအသက်တာအတွက် အောက်ဆီဂျင်သဖွယ် အသက်တာအား သန့်စင်ကြီးထွားမှုကို ဖြစ်စေသည်။

ရှင်မာကုဧဝံဂေလိကျမ်းစာမှာ မာတေဦးကို ခရစ်တော်က ခေါ်တော်မူသည့်အကြောင်း ဖတ်ရှုရသည်။ ခရစ်တော် က မာတေဦး ထိုင်နေသည်ကို မြင်တော်မူသည်ဟု အစချီထားသည်။ မာတေဦးသည် အခွန်ခံသူဖြစ်၍ ရောမအင်ပါယာကို အလုပ် အကျွေးပြုစုနေသူတစ်ယောက်ဟု သတ်မှတ်ခြင်းခံထားရသူဖြစ်သည်။ မိမိလူမျိုးအပေါ်မှာ သစ္စာဖောက်သူဟုလည်း ရှုတ်ချမေးငေါ့ခံနေရသေးသည်။ ခရစ်တော်၏ အမြင်မှာတော့ မာတေဦးသည် သနားစရာကောင်းသူတစ်ဦးအပြင် ကြီးမြတ်သူတစ်ဦးအဖြစ်ပါ ခရစ် တော်ကမြင်တွေ့ခဲ့သည်။ အပြစ်သားတစ်ဦးဖြစ်ပေမဲ့ ကြင်နာတတ်သူတစ်ဦးအဖြစ်လည်း ခရစ်တော်က မာတေဦးအား မြင်တွေ့ခဲ့သည်။ လူတွေက မာတေဦးအား လုပ်ရပ်ကို ကြည့်၍ ဆုံးဖြတ် သည်။ ခရစ်တော်က မာတေဦး ဘယ်သူလဲဆိုတာကို ကြည့်၍ ဆုံးဖြတ်သည်။ ဖြောင့်မတ်သူများအတွက် ငါလာသည်မဟုတ်၊ အပြစ်သားများ နောင်တရ ရန် ငါလာခြင်းဖြစ်သည်ဟုဆိုလျှက် မာတေဦးထံ ခရစ်တော်က အကြင်နာများစွာဖြင့် ချဉ်းကပ်ခဲ့သည်။ ခရစ်တော်၏ အကြင်နာ အကြည့်တို့က ဧဝံဂေလိသာသနာတော်ပြန့်ပွားခြင်းအစပင်ဖြစ်သည်။

ကျွန်ုပ်တို့လည်း တစ်ပါးသူများအား မည်သို့ ရှုမြင်နေကြသနည်း။ သူတစ်ပါး၏ အပြစ်၊ အမှားများကိုသာ တွေ့မြင် နေကြလား။ သူတို့၏ ဆောင်ရွက်ချက်အတိုင်း သူတို့အား တံဆိပ်ကပ်၍ သတ်မှတ်နေကြပြီလား။ ခရစ်တော်ဘုရားက သူတစ်ပါးကို မေတ္တာ ကရုဏာဖြင့် ရှုမြင်သကဲ့သို့ ကျွန်ုပ်တို့လည်း ထိုနည်းတူပြုကြရန် ခရစ်တော်က ဖိတ်ခေါ်နေသည်။ ကျွန်ုပ်တို့၏ အားနည်းခြင်းများ၊ မပြည့်စုံခြင်းများထဲမှာပင် ခရစ်တော်က ချဉ်းကပ်၍ ဒဏ်ရာများကို ကုစားပေးနေသည်။ မာတေဦးထံ ချဉ်းကပ်သည့်အခါ သူ့အဆင့်နှင့်သူ ခရစ်တော်က သွားခဲ့သည်။ ပထမအဆင့်မှာ ကြည့်နာသော အကြည့် ဖြစ်၍ ဒုတိယအဆင့်မှာ ချဉ်းကပ်ခဲ့ခြင်းဖြစ်သည်။

တတိယအဆင့်မှာ ငါ့နောက်သို့ လိုက်လော့ဟု ဖိတ်ခေါ်ခြင်းဖြစ်သည်။ မာတေဦးသည်လည်း ထ၍ ကိုယ်တော် နောက်သို့ လိုက်လျှောက်ခဲ့လေသည်။ ထ၍ လိုက်လျှောက်သည်ဆိုသောစကားမှာ အင်မတန် အဓိပ္ပါယ်ရှိ သည်။ ထိုအချိန်အခါက တစ်နေရာမှာ ထိုင်ရသူသည် မတ်တပ်ရပ်နေသူထက် သြဇာရှိသူဖြစ်သည်။ သခင် ယေဇူးက မာတေဦးအား သူ၏ သြဇာနေရာကို စွန့်ခွာရန် ဦးစွာကမ်းလှမ်းလိုက်သည်။ ထိုင်နေသူတစ်ဦးမှ ထ၍ သူတစ်ပါးထံ ချဉ်းကပ်သူဖြစ်လာရန် ဖိတ်ခေါ်ခဲ့လိုက်သည်။ ဤသည်မှာ ခရစ်ယာန်တို့အတွက် စံထားရာ အချက်ပင် ဖြစ်သည်။ မိမိထိုင်နေရာမှာ ဆက်ထိုင်မနေဘဲ လူအများထံ ထ၍ သွားရောက်ရမည်။ သူတို့လာပါစေ ငါဒီမှာ ရှိတယ်ဟု အခန့်သား ပြော၍ မရတော့။ ထ၍ ဦးစွာ ပထမ ချဉ်းကပ်သူဖြစ်လာရတော့မည်။ မိမိကိုယ် မိမိ ပြည့်စုံလာ သည်အထိ စောင့်ဆိုင်းရန်မလိုဘဲ ရှိနေသည့်အခြေအနေလိုက် ထလျှောက်လှမ်းကြရန် အရေးကြီးသည်။ ကျွနု်ပ်တို့၏ သာသနာပြုခြင်း ယခုအချိန် ယခုသင်ရှိနေသည့်နေရာမှာ စတင်ရမည်။ မိမိအကြောင်း ကြွားလုံးထုတ်ပြောရန်မဟုတ်ဘဲ ဘုရား သခင်အကြောင်း သက်သေခံရန်လုပ်ဆောင်ရပေမည်။ ခရစ်တော်၏ အကြင်နာ အကြည့်တို့ဖြင့် လူအများအား ဆွဲဆောင် ၍ သာသနာပြုခြင်းကို ကြိုးပမ်းလုပ်ဆောင် ကြရပေတော့ မည်။

သီကိုရှင်း

 

Photo courtesy > google images

Add new comment

4 + 8 =