ရှင်ပြန်ထမြောက်တော်မူသောခရစ်တော်သခင်သည် ကျွန်ုပ်တို့၏မျှော်လင့်ခြင်းဖြစ်သည်

ရှင်ပြန်ထမြောက်တော်မူသောခရစ်တော်သခင်သည် ကျွန်ုပ်တို့၏မျှော်လင့်ခြင်းဖြစ်သည်

~~~~~~~~~~~~~~~~~~~~~~~~~~

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ယမန်နှစ်ကဲ့သို့ပင် ကိုရိုနာဘေးကင်းလုံခြုံရေးအစီအမံ များကြောင့် စိန့်ပီတာဘာစီလီကာဘုရားကျောင်းအတွင်း၌ လူဦးရေအနည်းငယ်သာပါဝင်နိုင်သည့် အီစတာတနင်္ဂနွေ၏မစ္ဆားတရား‌တော်ကို ပူဇော်ခဲ့ပြီး၊ အီစတာသတင်းစကား “Urbi et Orbi message” ကို “ကမ္ဘာတစ်ဝန်းလုံးတွင် သာသနာတော်ကြီးမှ ‘လက်ဝါးကပ်တိုင်၌အသေခံတော်မူသော ယေဇူး သခင်သည် မိန့်တော်မူသည့်အတိုင်း ရှင်ပြန်ထမြောက်တော်မူပြီ၊’ အာလေလုယာ!” ဟူ၍အစပြုကာ ကမ္ဘာတစ်ဝန်းသို့ တိုက်ရိုက်ထုတ်လွှင့်ပေးပို့ခဲ့သည်။

နှစ်စဉ်နှစ်တိုင်းအီစတာပွဲတွင် စိန့်ပီတာရင်ပြင်၌ ပန်းများဖြင့်အလှဆင်နေကျဖြစ်သော်လည်း ကူးစက်ရောဂါကြောင့်ခေတ္တရပ်တန့်ခဲ့ရသည့် ဒတ်ခ်ျပန်းအလှပြင်သူများကပေးပို့သော Avalanche နှင်းဆီပန်းများဖြင့် ဘာစီလီကာတွင် ထူးခြားစွာအလှဆင်ထားသည်။

ရှင်ပြန်ထမြောက်တော်မူခြင်း၏ဖြစ်ရပ်မှန်သည် ခိုင်မာတိကျ၍ မြင်သာသောမျှော်လင့်ချက်နှင့် နှစ်သိမ့်မှုတို့ကိုပေးကြောင်း၊ သို့သော်၎င်းသတင်းစကားသည် ကျွန်ုပ်တို့အား ကမ္ဘာလောကကြီး၏ ခက်ခဲသည့်ဖြစ်ရပ်မှန်များမှ လွတ်မြောက်စေမည့်ထွက်ပေါက်တစ်ခု (သို့မဟုတ်) အံ့ဖွယ်ပုံသေနည်း တစ်ခုမဟုတ်ကြောင်း၊ ကူးစက်ရောဂါပျံ့နှံ့မှု၊ လူမှုရေးနှင့်စီးပွားရေးအကျပ်အတည်းများ၊ မပြီးဆုံးနိုင် သောလက်နက်ကိုင်များ၏ပြဿနာများနှင့် စစ်တပ်မှ လက်နက်ခဲယမ်းများအင်အားဖြည့် တင်းမှုသည် အထူးသဖြင့် ဆင်းရဲနွမ်းပါးသူများကို ထိခိုက်စေကြောင်း ရဟန်းမင်းကြီးက မှတ်ချက်ပြု ခဲ့သည်။

စိတ်ပျက်ခြင်းမရှိသောမျှော်လင့်ခြင်း

“အီစတာမျှော်လင့်ချက်သတင်းစကားက တိတိကျ ကျဖော်ပြနေတာကတော့ လက်ဝါးကပ်တိုင်မှာ သတ်ထားခြင်းခံရတော်မူတဲ့ ယေဇူးသခင်ကလွဲလို့၊ အဘယ်သူမျှ သေခြင်းကိုအောင်မြင်ပြီး ရှင်ပြန်ထမြောက်တယ်ဆိုတာမရှိဘူး။ ကျွန်ုပ်တို့ရဲ့အားနည်းချက်များ၊ ချည့်နဲ့မှုများ၊ အပြစ်ဝန်ထုပ်များနဲ့ ကျွန်ုပ်တို့ရဲ့သေခြင်းကိုတောင် မိမိကိုယ်တော်တိုင်ဆွဲယူခံထမ်းတော်မူခဲ့တဲ့ ယေဇူးသခင်ကို ခမည်းတော်ဘုရားက ပြန်လည်ထမြောက်စေခဲ့တယ်။ ခမည်းတော်ဘုရားသခင်က သားတော်ဘုရားကို ဂုဏ်ပြုချီးမြှောက်ခဲ့ပြီး၊ ခုချိန်မှာ ယေဇူးခရစ်တော်ဟာ ထာဝရအသက်ရှင်တော်မူတယ်။ ယေဇူးကိုယ်တော်က ထာဝရဘုရားဖြစ်တော်မူတယ်” ဟူ၍ ရဟန်းမင်းကြီးကပြောကြားခဲ့သည်။

ယေဇူးသခင်၏လက်တော်၊ ခြေတော်နှင့် နံဘေးတော်မှဒဏ်ရာများသည် ကျွန်ုပ်တို့ကိုချစ်တော်မူသော ကိုယ်တော်၏မေတ္တာတော်ကို ထာဝရတံဆိပ်ခတ်နှိပ်ခြင်းဖြစ်ကြောင်း၊ ကိုယ်ခန္ဓာ၌ လည်းကောင်း၊ ဝိညာဉ်ရေး၌လည်းကောင်း ဒုက္ခအခက်အခဲများကိုတွေ့ကြုံခံစားရသူအားလုံးသည် ၎င်းဒဏ်ရာတော် များ၌ခိုလှုံနိုင်ပြီး၊ စိတ်ပျက်ခြင်းမရှိသောမျှော်လင့်ခြင်းကျေးဇူးတော်ကိုရနိုင်ကြောင်း ရဟန်းမင်းကြီးက မှတ်ချက်ချသည်။

ကပ်ရောဂါကာလ၌ မျှော်လင့်ခြင်းနှင့်သွေးစည်းညီညွတ်မှု

ရှင်ပြန်ထမြောက်တော်မူသောခရစ်တော်သည် ကူးစက်ရောဂါခံစားနေရသူများ၊ ဖျားနာသူများနှင့် ချစ်ရသူကိုဆုံးရှုံးခဲ့ရသူများအတွက် မျှော်လင့်ချက်နှင့်နှစ်သိမ့်မှုပေးသည်ဟု ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။ ထို့နောက် “ဆရာဝန်များနှင့်သူနာပြုများသည် မိမိတို့၏ရဲရင့်သောကြိုးပမ်းမှုများကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြစေရန်အတွက် ဘုရားသခင်ကူညီတော်မူပါစေ” ဟု ဆုတောင်းခဲ့သည်။

ထို့နောက် လူသားအားလုံး အထူးသဖြင့် အားနည်းသူများသည် အကူအညီလိုအပ်ပြီး၊ စောင့်ရှောက်ခံပိုင်ခွင့်ရှိကြောင်းနှင့် ကာကွယ်ဆေးများမရှိမဖြစ်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး၊ ကာကွယ်ဆေးဖြန့်ဖြူးရေးနှောင့်နှေးမှုကို ကျော်လွှားနိုင်ရေးအတွက် ပါဝင်လုပ်ဆောင်ကြရန်နှင့် ၎င်းတို့ကိုဖြန့်ဖြူးရာ၌ အထူးသဖြင့် အဆင်းရဲဆုံးနိုင်ငံများတွင် ဖြစ်မြောက်အောင်ဆောင်ရွက်ကြရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့သည်။

ရှင်ပြန်ထမြောက်တော်မူသောသခင်ဘုရားသည် အလုပ်လက်မဲ့များ၊ စီးပွားရေးအခက်အခဲနှင့် ကြုံတွေ့နေရသူများအတွက် နှစ်သိမ့်မှုဖြစ်ကြောင်းပြောကြားခဲ့ပြီး၊ အထူးလိုအပ်နေသည့်မိသားစုများကို ကူညီပံ့ပိုးပေးရန် ပြည်သူ့အာဏာပိုင်များအား လှုံ့ဆော်ပေးပါမည့်အကြောင်း ခရစ်တော်သခင်ထံ ဆုတောင်းခဲ့ပြီးနောက်၊ ကျောင်းမသွားရခြင်း (သို့မဟုတ်) သူငယ်ချင်းများထံ အလည်အပတ်သွားခွင့်မရခြင်းစသဖြင့် အိမ်ထဲတွင်သာနေရန် အတင်းအကျပ်စေခိုင်းခံရသည့် လူငယ်များအပေါ် ရောဂါကူးစက်မှု၏စိတ်ပိုင်းဆိုင်ရာထိုးနှက်မှုကိုလည်း ရည်ညွှန်းဖော်ပြကာ ရဟန်းမင်းကြီးက “ကမ္ဘာအနှံ့ရှိလူငယ်များနှင့် နီးကပ်စွာရှိနေပါကြောင်း” အားပေးစကား ပြောကြားခဲ့သည်။

ညီအစ်ကိုမောင်နှမရင်းကဲ့သို့နေထိုင်ခြင်း

ရဟန်းမင်းကြီးက ရှင်ပြန်ထမြောက်ခြင်းသည် ငြိမ်သက်ခြင်းနှင့် လုံခြုံမှုပေးရန် သခင်ဘုရားအား ကျွန်ုပ်တို့တောင်းဆိုသည့်ဂျေရုဆလင်မြို့သို့ ကျွန်ုပ်တို့အားခေါ်ဆောင်သွားခြင်းကြောင့် ၎င်းသည် ညီအစ်ကိုမောင်နှမများအဖြစ် အချင်းချင်းမြင်နိုင်သည့်နေရာဖြစ်ရန် ခေါ်တော်မူခြင်းခံရသည်ကို မြတ်နိုးစွာခံယူနိုင်ကြောင်းမြွက်ကြားပြီးနောက်၊ အစ္စရေးနှင့်ပါလက်စတိုင်းတို့အား နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှုတို့ဖြင့် အတူယှဉ်တွဲနေထိုင်နိုင်ရန် အဖြေတစ်ခုရှာတွေ့နိုင်စေသည့် “တွေ့ဆုံဆွေးနွေးမှု၏စွမ်းအားကို ပြန်လည်ဖော်ထုတ်ရန်” အားပေးခဲ့သည်။

ထို့နောက် ပြီးခဲ့သည့်လက အီရတ်သို့အလည်အပတ်ခရီးစဉ်ကို ပြန်ပြောပြပြီး၊ ထိုနိုင်ငံသည် ငြိမ်းချမ်းရေးလမ်းခရီးကိုဆက်လက်လျှောက်လှမ်းရန်နှင့်၊ ဘုရားသခင်၏ သားသမီးများအားလုံး ကိုကြိုဆိုကာ ဧည့်ဝတ်ကျေပွန်ရန်ဟူသည့် လူသားကမ္ဘာမိသားစုအတွက် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်လည်း ဆုတောင်းပေးခဲ့သည်။

စစ်ကို ကျော်လွှားအောင်မြင်စေလိုခြင်း

အာဖရိကမှ ပြည်တွင်းအကြမ်းဖက်မှုနှင့် အပြည်ပြည်ဆိုင်ရာအကြမ်းဖက်မှုများခံစားနေရသောဒေသ များ အထူးသဖြင့် ဆဟဲလ်၊ နိုင်ဂျီးရီးယား၊ တီဂရေးနှင့် ကာဘိုဒေလ်ဂါးဒိုရှိ မိုဇမ်ဘစ်ဒေသများတွင် ပဋိပက္ခများကို ‘ပြန်လည်သင့်မြတ်ခြင်းနှင့် စစ်မှန်သောစည်းလုံးညီညွတ်မှု စိတ်ဓာတ်တို့နှင့် ဆွေးနွေးညှိနှိုင်းကြခြင်းအားဖြင့်’ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန်အတွက် ဆုတောင်းပေးခဲ့သည်။

ရဟန်းမင်းကြီးက စစ်ပွဲများစွာနှင့်အကြမ်းဖက်မှုများစွာသည် ကျွန်ုပ်တို့၏ကမ္ဘာကြီး၌ ကူးစက်ပျံ့နှံ့နေသည်ဟု ညည်းညူခဲ့သည်။ “ကျွန်ုပ်တို့၏ငြိမ်သက်ခြင်းဖြစ်သော ထာဝရဘုရား သခင်သည် ဤစစ်ပွဲများကိုကျော်လွှားရန် ကျွန်ုပ်တို့ကိုကူညီတော်မူပါစေ” ဟူ၍ဆုတောင်းခဲ့သည်။

ယူကရိန်းအရှေ့ပိုင်းနှင့် Nagorno-Karabakh တို့တွင် ပဋိပက္ခဖြစ်ခြင်းမှ အကျဉ်းသားများလွတ်မြောက်နိုင်ရေးနှင့် လက်နက်ပြိုင်ဆိုင်မှုကိုလျှော့ချရန်၊ မြေမြှုပ်မိုင်းများဖြင့် အပြစ်မဲ့သူများစွာကို နှစ်စဉ်နှစ်တိုင်းသတ်ဖြတ်နေခြင်းကို ရပ်တန့်ရန်လည်း ထပ်လောင်းပြောကြားခဲ့သည်။

“ဒီလို သေစေတဲ့လက်နက်တွေသာမရှိရင် ကျွန်ုပ်တို့ရဲ့ကမ္ဘာကြီးဟာ ဘယ်လောက်တောင် ကောင်းမြတ်နေလိမ့်မလဲ”

ခရစ်တော်၏ဒဏ်ရာတော်များအားဖြင့်ကုသခြင်း

နိဂုံးချုပ်အနေဖြင့် ရဟန်းမင်းကြီးဖရန်စစ်သည် နေရာဒေသများစွာတွင် တင်းကျပ်သောကန့်သတ် ချက်များအောက်၌ ခရစ်ယာန်များ၏အီစတာပွဲတော်ကျင်းပခဲ့ကြခြင်းကို အသိအမှတ်ပြုခဲ့ပြီး၊ တစ်ခါတစ်ရံ ဘာသာရေးအခမ်းအနားများသို့ပင်မတက်ရောက်နိုင်ခဲ့ကြကြောင်းနှင့်၊ ၎င်းတို့အပြင် ကမ္ဘာတစ်ဝန်းတွင် ဘာသာရေးဆိုင်ရာ ကန့်သတ် ချက်များအားလုံးကိုဖယ်ရှားနိုင်ပြီး၊ လွတ်လပ်စွာဝတ်ပြုကိုးကွယ်ခွင့် ရကြကာ ဘုရားသခင်အား လွတ်လပ်စွာဆုတောင်းနိုင်ရန်နှင့် ကျေးဇူးတင်ချီးမွမ်းနိုင်ကြစေရန် ဆုတောင်းပေးခဲ့သည်။

ရဟန်းမင်းကြီးက “ဤဆင်းရဲဒုက္ခများစွာကြားမှ ခရစ်တော်၏ဒဏ်ရာတော်များဖြင့် ကျွန်ုပ်တို့အနာကိုငြိမ်းစေပြီ၊ ကျွန်ုပ်တို့ခံရသောဆင်းရဲဒုက္ခများသည်လည်း ရှင်ပြန်ထမြောက် တော်မူသောသခင်ဘုရား၏အလင်းတော်၌ ပြောင်းလဲသွားကြသည်ကို ကျွန်ုပ်တို့ အစဉ်အမြဲသတိရသင့်သည်။ သေခြင်းရှိခဲ့သော်လည်း ယခု အသက်ရှင်လေပြီ” ဟုဆိုသည်။

“ဒီကုသမှုရဲ့အကျိုးကျေးဇူးတွေ ကမ္ဘာအနှံ့ပျံ့နှံ့စေဖို့ ကျွန်ုပ်ဆုတောင်းပါတယ်။ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောအီစတာပွဲတော်ဖြစ်ပါစေလို့ သင်တို့ အားလုံးကို ကျွန်ုပ်နှုတ်ခွန်းဆက်သ မေတ္တာပို့လိုက်ပါတယ်!”

ဤကဲ့သို့ အီစတာသတင်းစကားပေးပို့ပြီးနောက် ကမ္ဘာတစ်ဝန်းလုံးအား ရဟန်းမင်းကြီးမှ အထူးကောင်းချီးမင်္ဂလာတော်ပေးခဲ့သည်။

Credit: CBCM

Source: https://bit.ly/3cSuL6K

Add new comment

4 + 15 =