ရောမမြို့နဲ့ ကမ္ဘာအဝှမ်းသို့ ဦးတည်ပြောကြားတဲ့ ပုပ်ဖရန်စစ်ရဲ့ ၂၀၂၂ ခုနှစ်၊ ခရစ်စမတ် သတင်းစကား

"URBI ET ORBI"

ရောမမြို့နဲ့ ကမ္ဘာအဝှမ်းသို့ ဦးတည်ပြောကြားတဲ့ ပုပ်ဖရန်စစ်ရဲ့ ၂၀၂၂ ခုနှစ်၊ ခရစ်စမတ် သတင်းစကား

 

ရောမမြို့နဲ့ ကမ္ဘာအဝှမ်းက ညီအစ်ကို မောင်နှမ အပေါင်းတို့၊ မယ်ရီ ခရစ္စမတ်လို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။

ကညာစင် မာရီးယာမှ ဖွားမြင်တော်မူတဲ့ ယေဇူးသခင် အားဖြင့် သင်တို့ အားလုံးသည် ဘုရားရှင်၏ ချစ်ခြင်းမေတ္တာ ရကြပါစေ၊ မျှော်လင့်ခြင်းနဲ့ ယုံကြည်မှုများ လက်ခံရရှိပါစေ၊ ဗက်သလင်ဟင်မြို့ရှိ သိုးထိန်းများကို ထင်ရှားပြတဲ့ ကောင်းကင်တမန်များ ကြေညာကြွေးကြော်သော ငြိမ်းချမ်းခြင်း ကျေးဇူးတော်များ ရရှိကြပါစေ။

ယေဇူးသခင်ရဲ့ မွေးနေ့မြတ် ယနေ့မှာ ကျွန်တော်တို့အားလုံး ဗက်သလင်ဟင်မြို့ကို အာရုံစိုက်ကြပါတယ်။ အမိမယ်တော် တည်းခိုခန်းမှာ နေစရာ မရတာကြောင့် သခင်ဘုရားဟာ နွားစားခွက်မှာ ဖွားမြင်ခဲ့ပါတယ်။ ဘုရားရှင်ဟာ လူ့လောကကို ကြွလာချိန်မှာ ညနက်သန်းခေါင်ချိန် ဖြစ်ပြီး လူမသိသူမသိ တိတ်ဆိတ်စွာ ရောက်ရှိလာပါတယ်။ သခင်ယေဇူးဟာ ဘဝရဲ့ အဓိပ္ပာယ်ကို ဆောင်ကြဉ်းပေးတဲ့၊ လမ်းမှန် အလင်းမှန် ပြသတဲ့ ဘုရားရှင်ရဲ့ နှုတ်ကပါတ်တော် ဖြစ်ပါတယ်။ လူတိုင်းကို အလင်းဆောင် လမ်းပြမယ့် အလင်းပေး သူဟာ လူ့လောကထံ ဆင်းကြွလာကြောင်း စိန်ယောဟန် ကျမ်းမှာ ဖော်ပြထားပါတယ်။

ယေဇူးသခင်ဟာ ကျွန်တော်တို့ လူသားထု အလယ်မှာ ဖွားမြင်လာပါပြီ။ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု စတဲ့ ကျွန်တော်တို့ရဲ့ နေ့တဓူဝ သက်တာမှာ အဖော်ပြု အားပေးဖို့ ယေဇူးသခင်ဟာ ကျွန်တော်တို့ အလယ်မှာ ရောက်ရှိလာပါပြီ။ ဘုရားရှင်က ကူရာမဲ့တဲ့ ကလေးသူငယ် အနေနဲ့ ကြွမြန်းလာတာပါ။ အေးဆိမ့်တဲ့ ည၊ ဆင်းရဲသားက အဆင်းရဲဆုံး အနေအထားမှာ သူငယ်တော် ယေဇူး ဖွားမြင်လာတာပါ။ အရာတိုင်းမှာ လိုအပ်ချက်တွေ ရှိပေမယ့် သူငယ်တော် ယေဇူးခရစ်တော် ဘုရားရှင်ဟာ နွေးထွေးမှု၊ ခိုလှုံခွင့် ရဖို့ ကျွန်တော်တို့ နှလုံးသား တံခါး လာခေါက်နေပါတယ်။

ဗက်သလင်ဟင်မှ သိုးထိန်းများဟာ အလင်းတန်းနောက်ကို လိုက်ခဲ့ကြသလို ကျွန်တော်တို့လည်း ဘုရားရှင် ပေးတဲ့ အမှတ်သင်္ကေတများကို သတိပြု လိုက်နာတတ်ကြပါစေ။ ကျွန်တော်တို့ဟာ ဝိညာဉ်ရေး ဆိုင်ရာ တုံ့ဆိုင်းမှုကို ကျော်လွှားနိုင်ကြပါစေ။ အပေါ်ယံဆန်တဲ့ ပွဲကျင်းပခြင်းတွေကြောင့် မွေးနေ့ရှင် သခင်ခရစ်တော်ကို မေ့ပစ်သလို မလုပ်ပါနဲ့။ ခရစ္စမတ် ကာလမှာ ရုပ်ပိုင်းဆိုင်ရာ အခမ်းအနား ပွဲတွေ ပြင်ဆင်လုပ်ဆောင်ရခြင်း၊ အလှဆင်ခြင်း၊ လက်ဆောင်ပေးခြင်းတွေကိုထက် ဘုရားသားတော် ယေဇူးက ကျွန်တော်တို့အတွက် ဖွားမြင်လာတယ် ဆိုတဲ့ အချက်ကိုသာ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။

ညီအစ်ကို မောင်နှမ အပေါင်းတို့၊ သူငယ် တော် ဖွားမြင်ရာ ဗသလက်ဟင်ကို ကြည့်ပြီး ငြိမ်းချမ်းခြင်း သခင်ရဲ့ ပထမဆုံး ငိုကြွေးသံကို နားထောင်ရအောင်။ လောကကမ္ဘာကြီးက မပေးနိုင်တဲ့ ငြိမ်းချမ်းခြင်းကို အဖဘုရားရှင်က သူ့ရဲ့ သားတော် ယေဇူးသခင်ကို စေလွှတ်ခြင်းအားဖြင့် ဘုရားရှင်ရဲ့ ငြိမ်းချမ်းခြင်းကို တည်ထောင်ပါတယ်။

မဟာ စိန့်လီယိုက “သခင်ယေဇူးရဲ့ ဖွားမြင်တော်မူခြင်းဟာ ငြိမ်းချမ်းရေးကို ဖွားမြင်ခြင်း ဖြစ်တယ်။” (Natalis Domini, natalis est pacis) လို့ လက်တင်ဘာသာစကားနဲ့ ခရစ္စမတ် သတင်းစကားကို အနှစ်ချုပ် ဖော်ပြခဲ့ပါတယ်။

ယေဇူး ခရစ်တော် သခင် ဆိုတာဟာ ငြိမ်းချမ်းရေး လမ်းစဉ် ဖြစ်ပါတယ်။ ခရစ်တော်က လူ့အဖြစ်ကို ယူခြင်း အားဖြင့် ခရစ်တော်ရဲ့ ကားတိုင် လမ်းစဉ်၊ သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်း အားဖြင့် စစ်ပွဲရဲ့ အမိုက်မှောင်မှာ ပိတ်လှောင်နေတဲ့ ကမ္ဘာကြီးကို တံခါးဖွင့်ပေးခဲ့ပါတယ်။ ခရစ်တော် လမ်းပြဦးတည်စေတဲ့ တံခါးက လွတ်လပ်မှု၊ ပွင့်လင်းမှု၊ ငြိမ်းချမ်းခြင်းနဲ့ ညီအစ်ကိုချင်း မေတ္တာထားစိတ်မှာ ရှင်သန်နေထိုင်စေမယ့် သက်တာ ဖြစ်ပါတယ်။ ညီအစ်ကို မောင်နှမ အပေါင်းတို့၊ ခရစ်တော် ပြသနေတဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို လိုက်ကြပါစို့။

ဒါပေမယ့် ဒီလမ်းစဉ်ကို လိုက်မယ် ဆိုရင် ခရစ်တော်နောက်လိုက်ရာမှာ အတားအဆီး ဖြစ်စေတဲ့ ဝန်ထုတ်ဝန်ပိုးတွေ၊ ခရစ်တော် လမ်းစဉ်ကို လိုက်ဖို့ ပိတ်ဆို့နေတဲ့ အရာတွေကနေ ကိုယ့်ကိုကိုယ် ရှောင်လွှားရပါမယ်။

ခရစ်တော် နောက်လိုက်ရာမှာ အတားအဆီး ဖြစ်စေတဲ့ ဒီဝန်ထုတ်တွေက ဘာတွေလဲ။ အဲဒါကတော့ ယေဇူးသခင် ဖွားမြင်တော်မူခြင်းကို အသိအမှတ်မပြုလိုတဲ့၊ မကြိုဆိုလိုတဲ့ ဟေရုတ်ဘုရင်နဲ့ သူ့လူမျိုးတွေမှာ ရှိတဲ့ သြဇာအာဏာ၊ ငွေကြေး၊ ဂုဏ်ပကာသ၊ ရှေ့နောက်မညီတဲ့ စိတ်၊ အမှားကို ခုံမင်တဲ့ စိတ်စတဲ့ ဆိုးရွားတဲ့ စိတ်အခံတွေ ဖြစ်ပါတယ်။ ဒီလို စိတ်အခံများဟာ ဗက်သလက်ဟင် သွားဖို့၊ ခရစ္စမတ်ရဲ့ ကျေးဇူးတော်များ လက်ခံရရှိရေး အတွက်၊ ငြိမ်းချမ်းရေး လမ်းစဉ်ကို သွားဖို့ အတွက် အတားအဆီး ဖြစ်စေပါတယ်။ အမှန်တကယ်တော့ ကျွန်တော်တို့ ဝမ်းနည်းစွာ အသိအမှတ်ပြုရတော့မှာက ငြိမ်းချမ်းရေး အရှင်သခင်ကို ကျွန်တော်တို့ လက်ခံထားသော်လည်း စစ်ပွဲရဲ့ အေးစက်လှတဲ့ ရက်စက်မှုများဟာ လူသားထုတစ်ရပ်လုံးကို သက်ရောက်နေတုန်းပါပဲ။

ခရစ္စမတ်ဆိုတာဟာ ဘုရားသားတော် ဖွားမြင်ခြင်း၊ ငြိမ်းချမ်းရေးကို လက်သင့်ခံခြင်းလို့ ယူဆတယ် ဆိုရင် ကျွန်တော်တို့ အတွက် ဖွားမြင်လာတဲ့ ယေဇူးသူငယ်တော်ရဲ့ မျက်နှာကို ထောက်ရှုရအောင်။ သူငယ်တော် ယေဇူးရဲ့ သေးငယ်ပြီး အပြစ်ကင်းစင်တဲ့ မျက်နှာတော်ကို ကြည့်ပြီး စစ်ဘေးကြုံနေရလို့ ငြိမ်းချမ်းခြင်းကို လိုလားနေတဲ့ ကမ္ဘာအဝှမ်းက ကလေးအားလုံးရဲ့ မျက်နှာကို မြင်ကြည့်ကြပါ။

ခရစ္စမတ်မှာ နေအိမ်နဲ့ ဝေးကွာပြီး မှောင်မိုက်၊ အေးစိမ့်နေတဲ့ ရာသီဥတုနဲ့ ကြုံတွေ့နေရတဲ့ ယူကရိန်းက စစ်ဘေးကြုံနေရတဲ့ ညီအစ်ကို မောင်နှမများရဲ့ မျက်နှာကို တွေးမြင်ကြည့် ပါ။ အတိဒုက္ခရောက်နေတဲ့ သူတွေကို ကူညီပေးလိုတဲ့ ညီအစ်ကိုရင်း စိတ်ဓာတ်ရှိကြပါစေ။ လက်နက်သံများ တိတ်ဆိတ်အောင်၊ အဓိပ္ပာယ်မဲ့တဲ့ စစ်ပွဲကြီးများ ရပ်စဲအောင် ဘုရားရှင်က သက်ဆိုင်သူများကို ဉာဏ်အလင်းပေးပါစေ။ စိတ်မကောင်းရာကတော့ သာမန်ပြည်သူတွေဟာ ဘုရားရှင်ရဲ့ ငြိမ်းချမ်းရေးထက် သူတို့ စိတ်အလိုကျ စစ်ခေါင်းဆောင်များ၊ စစ်သဘောတရားကိုသာ နားထောင်ကြပါတယ်၊ ပိုမို နှစ်သက်လက်ခံကြပါတယ်။ ဒါပေမယ့် အပြစ်မဲ့ ကလေးငယ်များရဲ့ အသံကို ဘယ်သူနားထောင်ပါသလဲ။

ဒီနေ့ခေတ်အခါမှာ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေး ငတ်မွတ်တဲ့ ဒဏ်ကို ကမ္ဘာ့နေရာ အတော်များများမှာ တတိယ ကမ္ဘာစစ် အခင်းအကျင်းနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။ ဆီးရီးယား နိုင်ငံကို ကြည့်ကြမယ် ဆိုရင် ဆယ်စုနှစ် တစ်ခုကျော် ကြအောင် လက်နက်ကိုင် ပဋိပက္ခ ရှိခဲ့ပြီး လက်ရှိအချိန်မှာလည်း အပြီးမသတ်နိုင်သေးပါဘူး။ ဘုရားရှင်ရဲ့ သန့်ရှင်းသောမြေ၊ ဂျေရုစလင်ကို ကြည့်မယ် ဆိုရင်လည်း လွန်ခဲ့တဲ့ လများမှာ အကြမ်းဖက် သတ်ဖြတ်မှုများနဲ့ လက်နက်ကိုင် ပဋိပက္ခများ ပိုတိုးဖြစ်ပွားလာပြီး သေကြေဒဏ်ရာရမှုများ တိုးလာပါတယ်။

ခရစ်တော် ဖွားမြင်တဲ့ မြေမှာ အစ္စရေးနဲ့ ပါလက်စတိုင်း လူမျိုးများ အကြား အပြန်အလှန် ယုံကြည်မှုများ တည်ဆောက်ကာ ဆက်လက် ဆွေးနွေးမှုများဖြင့် သတ်ဖြတ်ခြင်းများ အဆုံးသတ်စေရပါမယ်။ မတူကွဲပြားသော ဘာသာတရားများ အကြား အပြန်အလှန် ဆွေးနွေးနှီးနှောခြင်းအားဖြင့် အရှေ့အလယ်ပိုင်းမှာ ရှိတဲ့ ခရစ်ယာန် အစုအဖွဲ့များကိုလည်း ခရစ်တော်ရှင်ဘုရား ကာကွယ်စောင့်ရှောက်ပါစေ။

လက်ဘနွန်နိုင်ငံကိုလည်း ခရစ်တော်ယေဇူး ကူညီပေးတော်မူပါ။ လက်ဘနွန်မှာ နိုင်ငံတကာရဲ့ အကူအညီနဲ့ ညီအစ်ကိုရင်း ချစ်စိတ်၊ တလုံးတဝတည်း ရိုင်းပင်းကူညီသော စိတ်အားဖြင့် ပြန်လည် ထူထောင်နိုင်ပါစေ။ စစ်ပွဲနဲ့ အကြမ်းဖက်မှုများကြောင့် လူမျိုးစုများအကြား အတူလက်တွဲ ယှဉ်တွဲနေထိုင်ခြင်း၊ ဒေသ ထုံးတမ်းအစဉ်အလာများ ပျောက်ပျက်ခြင်းများ ရင်ဆိုင်နေကြတဲ့ Sahel ဒေသမှာ ခရစ်တော်၏ ဉာဏ်အလင်း ကျေးဇူးတော်များဖြင့် ငြိမ်းချမ်း‌ရေး အလင်းကို မြင်နိုင်ပါစေ။

မြန်မာနိုင်ငံ၊ ယီမန်နဲ့ အီရန်နိုင်ငံများမှလည်း သွေးထွက်သံယို သတ်ဖြတ်မှုများ အဆုံးသတ်ကာ အစဉ်တည်မြဲမယ့် ငြိမ်းချမ်းရေး သဘောတူညီချက်မျိုး ရရှိနိုင်ပါစေ။

ခရစ္စမတ်ကာလကြောင့် တောင်နဲ့ မြောက် အမေရိကတိုက် နိုင်ငံများရဲ့ နိုင်ငံရေး အကြီးအကဲများနဲ့ အမေရိကန် ပြည်သူလူထုသည် နိုင်ငံရေး၊ လူမှုရေး တင်းမာမှုများ လျော့ကျပါစေ။ ဟေတီနိုင်ငံမှာလည်း သဘာဝဘေး၊ လူလုပ်တဲ့ ကပ်ဘေးများမှ ခံစားကြရတဲ့ ကာလကြာရှည် အတိဒုက္ခများ အဆုံးသတ်ပါစေ။

ဒီနေ့မှာ စားကောင်းသောက်ဖွယ်ရာများ ပြည့်နေတဲ့ စားပွဲဝိုင်းမှာ အတူ ထိုင်ရင်း ဗက်သလင်ဟင်မှာ ဖွားမြင်တဲ့ မွေးနေ့ရှင် ခရစ်တော်ကို အာရုံစိုက်ကြရအောင်။ ဗက်သလင်ဟင်ဆိုတဲ့ အဓိပ္ပာယ်ကတော့ “စားနပ်ရိက္ခာများနဲ့ နေအိမ်”လို့ အဓိပ္ပာယ် ရပြီး ငတ်မွတ်နေတဲ့ ကလေးသူငယ်များကို မကျွေးမွေးဘဲ စစ်လက်နက်များ ဝယ်ယူနေခြင်းကြောင့် အလဟသ ဖြစ်သွားတဲ့ ငွေကြေးသယံဇာတများကို နှမြောတတ်ရအောင်။

ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ စစ်ကြီးရဲ့ သက်ရောက်မှုကြောင့် အာဖဂန်နစ္စတန်နဲ့ အာဖရိကနိုင်ငံများမှာ အငတ်ဘေး သက်ရောက်လာမှု အပေါ် သတိပြုရအောင်။ စစ်ပွဲတွေ ဖြစ်ပွားတိုင်း စားနပ်ရိက္ခာထက် စစ်လက်နက်အပေါ် ဦးစားပေးတာတွေ၊ အမှန်တကယ် ဆင်းရဲနွမ်းပါးသူများ အတွက် စားနပ်ရိက္ခာ မပေးကမ်းတာတွေကို ကျွန်တော်တို့ အားလုံး သတိပြုကြမိမှာပါ။

ခရစ္စမတ်နေ့မှာ ငြိမ်းချမ်းရေး သခင်ထံကနေ လေ့လာသင်ယူကြရအောင်။ နိုင်ငံရေး တာဝန်ယူထားသူများ အနေနဲ့ လူထု အစားအသောက် ဖူလုံရေးက ငြိမ်းချမ်းခြင်းရဲ့ လက်နက်တစ်ခု အဖြစ် မှတ်ယူဆောင် ရွက်နိုင်ကြဖို့ ပြင်ဆင်ဆောင်ရွက်ရအောင်။ မိသားစုဆွေမျိုးများ စုစည်းချိန်မှာ တစ်ဦးကို တစ်ဦး အခက်အခဲ ဒုက္ခများကို နားထောင်ပေးရအောင်။ ယနေ့ခေတ်အခါမှာ စီးပွားရေး ပျက်ကပ်၊ အလုပ်အကိုင် မရှိခြင်း၊ အခြေခံ လိုအပ်ချက်များ မရရှိတဲ့ အခြေအနေများကို စာနာနားထောင်ပြီး တတ်နိုင်သမျှ ကူညီရအောင်။

ညီအစ်ကို မောင်နှမ အပေါင်းတို့၊ ယနေ့မှာ ယေဇူးသခင်ဟာ ဘုရားကို မကြိုဆိုတဲ့ ဖျားနာနေတဲ့ ကမ္ဘာ လူသားထုထံ လောကအလင်း အဖြစ် ကြွလာတော်မူပါပြီ။ ယနေ့ ကမ္ဘာလောကဟာ ဘုရားရှင်ကို လက်မခံလို သကဲ့သို့ နိုင်ငံခြားသား၊ ရွှေ့ပြောင်းလုပ်သား/ ဒုက္ခသည်များ၊ ဆင်းရဲသားများကိုလည်း လက်သင့်မခံတတ်ပါဘူး။

ဒီနေ့မှာ ကျွန်တော်တို့ထံမှ အစားအစာ၊ အဝတ်အစား၊ နေစရာ စတဲ့ အကူအညီ လိုအပ်နေတဲ့ စစ်ဘေးဒုက္ခသည်များကို ကူညီပေးဖို့၊ နှစ်သိမ့်အားပေးဖို့ မမေ့မလျော့ ကြိုးပမ်းရအောင်။ အနှိမ်ခံများ၊ အထီးကျန်နေသူများ၊ မိဘမဲ့ ကလေးလူငယ်များ၊ ကျွန်တော်တို့ကို အသိပညာများ ဝေငှပေးနိုင်ပေမယ့် တစ်ကိုယ်တည်း ခိုကိုးရာမဲ့ဖြစ်နေတဲ့ သက်ကြီးရွယ်အိုများ၊ အကျဉ်းသားများကို ကူညီစောင့်ရှောက်ရအောင်။

ညီအစ်ကို မောင်နှမ အပေါင်းတို့၊ ဘုရား သခင်က ဗက်သလင်ဟင်မြို့မှာ ရိုးရှင်းတဲ့ သက်တာကို ဉာဏ်ပညာရှင်များကို ပြသခဲ့တာ မဟုတ်ဘဲ နှလုံးသား တံခါးကို ဖွင့်ထားတဲ့ ဖြူစင်သော သေးငယ်သူ၊ ဆင်းရဲသားများကို ဖော်ပြခဲ့ပါတယ်။သိုးထိန်း များ ကဲ့သို့ ဘုရားရှင်ထံ အလျင်အမြန် ချဉ်းကပ်ကြပါစို့။ သိုးထိန်းများကဲ့သို့ ကျွန်တော်တို့ရဲ့ ကယ် တင်ခြင်း အတွက် လူ့အဖြစ် ယူတော်မူတဲ့ ဘုရားရှင်ကို အံ့အားသင့်စွာ လက်ခံကြရအောင်။

အလုံးစုံ တတ်နိုင်တော်မူတဲ့ ကောင်းမြတ်သော ဘုရားဟာ ဆင်းရဲသူ အဖြစ် နိမ့်ကျတဲ့ လူ့အဖြစ်ကို ခံယူခဲ့ပါတယ်။ ဘုရား သခင်ရဲ့ ကြီးမြတ်လွန်းတဲ့ ဒီလို ချစ်မေတ္တာကို ကျွန်တော်တို့ရဲ့ အနက်ရှိုင်းဆုံး နှလုံးသားနဲ့ ခံယူခံစားကြပါစို့။

ကျွန်တော်တို့ လူသားတွေနဲ့ အတူ ရှိလိုလွန်းတာကြောင့် ဘုရားရှင်ရဲ့ ဘုန်းဂုဏ်တော်ကို စွန့်လွှတ်ပြီး လူ့အဖြစ်ကို ခံယူတဲ့ ယေဇူးသခင်ရဲ့ နောက်တော် လိုက်ကြပါစို့။

 

 

၂၅ ဒီဇင်ဘာလ ၂၀၂၂ ခုနှစ်၊

ဘာသာပြန်- Lawrence Jangma Mung Song

https://bit.ly/3YOVnLR

Add new comment

1 + 0 =