ရဟန်းသိက္ခာခံယူခြင်းသည် အစေခံခြင်းဆုလက်ဆောင်ဖြစ်သည်

ရဟန်းသိက္ခာခံယူခြင်းသည် အစေခံခြင်းဆုလက်ဆောင်ဖြစ်သည်

*********************************************

ရောမ၏ဆရာတော်ဖြစ်သော ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ကောင်းသောသိုးထိန်း တနင်္ဂနွေနေ့တွင် စိန့်ပီတာဘာစီလီကာ၌မစ္ဆားတရားတော်ပူဇော်ကာ ရောမဂိုဏ်းအုပ်သာသနာအတွက် ဦးပဉ္ဇင်းကြီး (၉) ပါးဖြစ်သော Georg Marius Bogdan, Salvatore Marco Montone, Manuel Secci, Diego Armando Barrera Parra, Salvatore Lucchesi, Giorgio de Iuri, Riccardo Cendamo, Samuel Piermarini, and Mateus Henrique Ataide da Cruz တို့အား ရဟန်းသိက္ခာတင်ပေးခဲ့သည်။

ခရစ်တော်၏ရဟန်းအဖြစ်တော်ကိုဖော်ပြခြင်း

ရဟန်းမင်းကြီးကဩဝါဒမြွက်ကြားရာတွင် အဆိုပါရဟန်းသစ် (၉)ပါးအား ခရစ်တော်ကိုသာ အစဉ်အမြဲ အာရုံစိုက်ရန်တိုက်တွန်းခဲ့သည်။ ၎င်းတို့၏တာဝန်မှာ ခရစ်တော်သခင်၏ ဆရာဘဝ၊ ရဟန်းဘဝနှင့် သိုးထိန်းဘဝကို ဖော်ပြရန်ဖြစ်သည်ဟု ဆိုသည်။

“ရဟန်းတော်တွေဆိုတာ ဆရာတော်ကြီးများရဲ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်တယ်၊ ဆရာတော်ကြီးများနဲ့ အတူ သာသနာပြုလုပ်ငန်းတွေမှာပါဝင်ပြီး ဘုရားသခင်ရဲ့လူမျိုးတော်အတွက် အမှုတော်ထမ်းဆောင်ဖို့ ခေါ်တော်မူခြင်းခံကြရတာဖြစ်တယ်။ သူတို့ရဲ့တာဝန်က ဧဝံဂေလိတရားကိုကြေညာဟောပြောခြင်း၊ ဘုရားသခင်ရဲ့လူမျိုးတော် (ဘာသာဝင်သားသမီးများ) ကို ထိန်းကျောင်းခြင်းနဲ့ မစ္ဆားတရားတော် ပူဇော်ခြင်းဖြစ်တယ်” ဟူ၍ ရဟန်းမင်းကြီးကပြောကြားခဲ့သည်။

သနားကြင်နာတတ်သောသိုးထိန်းများ

ရဟန်းမင်းကြီးက “သင်တို့ဟာ ရဟန်းတစ်ပါးဖြစ်လာပြီဆိုတာနဲ့ သိုးထိန်းကောင်းဖြစ်တဲ့ ယေဇူးသခင်နဲ့တူအောင် ကျင့်ကြံရမယ်။ ရဟန်းဘဝဆိုတာ အသက်မွေးဝမ်းကျောင်းလုပ်ငန်း တစ်ခုမဟုတ်ဘူး။ အစေခံခြင်းလုပ်ငန်းဖြစ်တယ်” ဟူ၍ အလေးပေးမိန့်မြွက်ခဲ့သည်။

ထို့နောက် မိမိတို့၏အစေခံခြင်း၌ “ဘုရားရှင်နှင့်နီးကပ်မှုရှိခြင်း၊ ဆရာတော်ကြီးများနှင့် နီးကပ်မှုရှိခြင်း၊ ရဟန်းတော်များအချင်းချင်းနီးကပ်မှုရှိခြင်းနှင့် ဘုရားရှင်၏သားသမီးများနှင့် နီးကပ်မှုရှိခြင်း” ဟူသော ဤလေးမျိုးကို သနားကြင်နာခြင်းနှင့် နူးညံ့သိမ်မွေ့ခြင်းတို့ဖြင့် လေ့ကျင့်ပျိုးထောင်ကြရန် ရဟန်းတော်များအား တောင်းဆိုခဲ့သည်။

ပြဿနာများကို ရင်ဆိုင်ပါ

ရဟန်းမင်းကြီးက ပြဿနာနှင့်ရင်ဆိုင်နေရသူများအား အချိန်ယူ၍ နားထောင်ပေးရန်နှင့် နှစ်သိမ့်ပေးရန် အလွန်အရေးကြီးကြောင်းရှင်းပြကာ “ပြဿနာတွေကြုံရတဲ့အခါ သင်တို့ရဲ့ နှလုံးသားကို ပိတ်မထားပါနဲ့” ဟူ၍တိုက်တွန်းခဲ့သည်။ ကရုဏာတရားသည် ခွင့်လွှတ်ခြင်းနှင့် သနားခြင်းသို့ ခေါ်ဆောင်သွားတတ်ကြောင်းရှင်းပြပြီးနောက်၊ “ကျေးဇူးပြု၍ သနားကရုဏာစိတ် ထားကြပါ။ ခွင့်လွှတ်ကြပါ။ ဘုရားသခင်ဟာ အရာအားလုံးကို ခွင့်လွှတ်တတ်တဲ့ ပုဂ္ဂိုလ်တော်မြတ်ဖြစ်တယ်။ ခွင့်လွှတ်ရတာကို မောပန်းခြင်းမရှိတဲ့ဘုရားဖြစ်တယ်” ဟု အားပေးတိုက်တွန်းခဲ့သည်။

ဂုဏ်ပကာသနကို ရှောင်ပါ

ရဟန်းမင်းကြီးက “ငွေဂုဏ်မောက်ခြင်း”နှင့် ဂုဏ်ပကာသန၏အန္တရာယ်တို့ကို သတိပေးခဲ့သည်။ “နတ်ဆိုးဟာ သင်တို့ရဲ့အိတ်ကပ်တွေထဲက ထွက်လာလိမ့်မယ်။ ဘုရားသခင်ရဲ့သားသမီးတွေ ဆင်းရဲကြသလိုမျိုး သင်တို့လည်း ဆင်းရဲသားတွေဖြစ်ကြပါစေ” ဟု သတိပေးခဲ့သည်။

“အထက်ကကျွန်ုပ်ဖော်ပြခဲ့တဲ့ နီးကပ်မှုလေးမျိုးဟာ သိုးထိန်းများဖြစ်ကြရမယ့် လမ်းကြောင်းဖြစ်တယ်။ ယေဇူးခရစ်တော်ဟာ ကောင်းသောသိုးထိန်းဖြစ်ပြီး၊ သိုးထိန်းတွေကိုလည်း နှစ်သိမ့်ပေးတော်မူတယ်။ ယေဇူးသခင်၌သာ နှစ်သိမ့်ခြင်းကိုရှာကြပါ။ သင်တို့ရဲ့နေ့စဉ်ဘဝမှာ ဒုက္ခအခက်အခဲတွေကို ခံထမ်းပါ။ မစိုးရိမ်ကြပါနဲ့၊ အရာရာတိုင်းအဆင်ပြေပါလိမ့်မယ်” ဟုအားပေးစကားပြောကြားကာ ဩဝါဒကို နိဂုံးချုပ်ခဲ့သည်။

Credit to CBCM OSC

https://bit.ly/3dRPFUb 

Add new comment

7 + 2 =