ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ ဝိညာဉ်ရေး ခံယူချက် 

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ ဝိညာဉ်ရေး ခံယူချက် 

 

ရဟန်းမင်းကြီး တစ်ပါးစီသည် ၎င်းတို့ ပျံလွန်တော်မူသည်နှင့် ၎င်းတို့၏ ဝိညာဉ်ရေး ဆိုင်ရာ ခံယူချက် စာတမ်းအား ထုတ်ပြန်လေ့ရှိကြသည်။ 

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ သည် ၎င်း၏ ဝိညာဉ်ရေး ခံယူချက် စာတမ်းအား ၂၀၀၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် ရေးသားခဲ့ပြီး ရဟန်းမင်းကြီး ပျံလွန်တော်ပြီး နောက်တစ်နေ့တွင် ၁ ဇန်နဝါရီလ ၂၀၂၃ ခုနှစ်၊ စနေနေ့ ညနေပိုင်းတွင် ဗာတီကန်က ၎င်းဝိညာဉ်ရေး ခံယူချက် စာတမ်းအား ထုတ်ပြန်ခဲ့သည်။ 

အီတလီ ဘာသာဖြင့် ရေးသားထားသည့် ရဟန်းမင်းကြီး ဘက်နဒစ်၏ ဝိညာဉ်ရေး ခံယူချက်အား Catholic News Agency က အင်္ဂလိပ် ဘာသာဖြင့် ရေးသားပြန်ဆိုထားပါသည်။ 

 

ကျွန်ုပ်၏ ဝိညာဉ်ရေး ခံယူချက် 

 

ကျွန်ုပ်၏ သက်တာ၊ နောက်ဆုံး အချိန်ရောက်ချိန်တွင် ဖြတ်သန်းခဲ့သော ကျွန်ုပ် ဘဝအား နောက်ကြောင်းပြန်ကြည့်သော အခါ ကျွန်ုပ်အနေဖြင့် ကျေးဇူးတင်ရမည့် အကြောင်းရင်းများအား ပထမဦးဆုံး တွေ့ရသည်။ 

ပထမဆုံးနှင့် ဦးစွာ ကျေးဇူးတင်လိုသည်မှာ ကောင်းမြတ်သော ဆုကျေးဇူးတော်များ ပေးသနားသော ဘုရားသခင် ကိုယ်တော် ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်အား ရှင်သန်ခွင့် ဘဝတစ်ခုကို ပေးခဲ့သလို ရှုပ်ထွေးသော ကာလများတွင်လည်း ကျွန်ုပ်အား လမ်းညွှန်မှု ပေးခဲ့ပါသည်။ ကျွန်ုပ် လမ်းလွဲသည့် အချိန်တိုင်း၌ ကိုယ်တော် ကျွန်ုပ်အား အစဉ် ဖေးမတော်မူ၍ ကိုယ်တော်၏ မျက်နှာတော်မှ အလင်းကျေးဇူးအား ကျွန်ုပ် အစဉ် ခံစားလေ့ရှိပါသည်။ 

ပြန်လည် မျှော်ကြည့်လျှင် ကျွန်ုပ်၏ ကယ်တင်ခြင်း အတွက် မှောင်မိုက်သော၊ ပင်ပန်းနွမ်းနယ်စရာ ကောင်းသော ခရီးလမ်းရှည်အား လျှောက်လှမ်းရာတွင် ဘုရားသခင်သည် ကျွန်ုပ်၏ မိဘနှစ်ပါးမှ တဆင့် ကျွန်ုပ်အား ကောင်းစွာ လမ်းပြပေးခဲ့ပါသည်။ 

ခက်ခဲသောအချိန်၌ ကျွန်ုပ်အား ဖွားမြင်ပေးခဲ့သော၊ ကြီးစွာ အနစ်နာခံပေးဆပ်ကာ ပြုစုစောင့်ရှောက်ပေးခဲ့သော၊ ကျွန်ုပ်၏ မိဘနှစ်ပါးကိုလည်း ကျွန်ုပ် ကျေးဇူးတင်ပါသည်။ 

ကျွန်ုပ်၏ မိဘနှစ်ပါးသည် ၎င်းတို့၏ ချစ်ခြင်းမေတ္တာဖြင့် ရှင်းလင်းပြတ်သားသည့် အလင်းတန်း တစ်ရပ် ကဲ့သို့ ယနေ့တိုင်အောင် ဉာဏ်အလင်းပေးနေသော အံ့သြဖွယ်ရာ မိသားစု ပတ်ဝန်းကျင် တစ်ခုအား ပြင်ဆင်ဖန်တီးပေးခဲ့ပါသည်။ 

ကျွန်ုပ်ဖခင် (ဂျိုးဇက် အလွိုက်ရှက် ရက်ဇင်ဂါ (စီနီယာ) Joseph Aloisius Ratzinger, Sr) ၏ ရှင်းလင်းပြတ်သားသော ယုံကြည်သက်ဝင်မှုသည် ကျွန်ုပ်တို့ သားသမီးများကို ဘုရားရှင် အပေါ် ယုံကြည်ခြင်းရှိရန် သွန်သင်ပေးခဲ့သလို နောင်တစ်ချိန်၌ ကျွန်ုပ်သည် ယုံကြည်ခြင်း ဆိုင်ရာ သင်ယူလေ့လာမှု ပြုသည့် အခါတွင် ယုံကြည်ခြင်း ခိုင်မာတည်မြဲစေရန် ကျွန်ုပ်ဖခင်၏ ယုံကြည်ခြင်းသည် လမ်းညွှန်ဆိုင်းဘုတ် ကဲ့သို့ လမ်းပြနေပါသည်။ 

ကျွန်ုပ်၏ မိခင် (မာရီးယာ ရက်ဇင်ဂါ/ Maria Ratzinger) သည်လည်း အလွန်လေးနက်သော ယုံကြည်ကိုးကွယ်မှုနှင့် ကြီးမြတ်သော ချစ်လေးမြတ်ခြင်းဖြင့် ကျွန်ုပ်တို့ သားသမီးများအား ပြုစုသွန်သင်ခဲ့ရာ ကျွန်ုပ်တို့ အနေဖြင့် မိခင်အား ကျေးဇူးဆပ်တင်၍ မကုန်နိုင်ပါ။ 

ကျွန်ုပ်၏ အစ်မ (မာရီးယာ ရက်ဇင်ဂါ/ Maria Ratzinger) သည် ကိုယ်ကျိုးမဖက်ဘဲ ကျွန်ုပ်အား ဆယ်စုနှစ်ပေါင်းများစွာ ဂရုဏာမေတ္တာဖြင့် ကူညီထောက်ပံ့ခဲ့ပါသည်။ 

အစ်ကိုကြီး၏ ခိုင်မြဲသော ဆုံးဖြတ်သုံးသပ်မှုများဖြင့် ကျွန်ုပ်၏ အစ်ကို (ဂျော့ ရက်ဇင်ဂါ/ Georg Ratzinger) သည် ခိုင်မာသော သံန္နိဋ္ဌာန်နှင့် တည်ငြိမ်အေးချမ်းသော စိတ်နှလုံးသား ပိုင်ဆိုင်သော ပုဂ္ဂိုလ်ဖြစ်ကာ သူသည် ကျွန်ုပ်အား ဦးဆောင်လမ်းပြခဲ့ပါသည်။ 

ထိုသို့ အစ်ကို၊ အစ်မတို့၏ ရှေ့မှ ဦးဆောင်လမ်းပြမှု၊ အဖော်ပြုမှုတို့သာ မရရှိပါက ကျွန်ုပ်သည် လမ်းမှန်သို့ ရောက်ရှိမည် မဟုတ်ပေ။

မိတ်ဆွေသူငယ်ချင်းများ၊ ကျွန်ုပ်အား အားပေးကူညီရန် ဘုရားရှင် စေလွှတ်ခဲ့သော အမျိုးသား၊ အမျိုးသမီးများ၊ ကျွန်ုပ်၏ ဘဝ အချိုးအကွေ့တိုင်းတွင် ကျွန်ုပ်နှင့် ပူးပေါင်းဆောင်ရွက်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စသည့် အယောက်စီတိုင်း အတွက် ဘုရားရှင်ကို ကျွန်ုပ်၏ နှလုံးသားမှ ကျေးဇူးတင်ပါသည်။  

ကျွန်ုပ်နှင့် ဆုံတွေ့ခဲ့သူ အားလုံးကို ဘုရားရှင်၏ ကောင်းမြတ်တော်မူခြင်း၌ အပ်နှံပါသည်။ 

ယင်းနောက် ဗာဗေးရီးယား အပ်စ်တောင်ခြေရှိ လှပသော မွေးရပ်မြေ အတွက် ဘုရားရှင်အား ကျေးဇူးတင်လိုပါသည်။ ဖန်ဆင်းရှင် ဘုရားသခင်၏ ခံ့ညားထည်ဝါသော အလှတရားသည် ကျွန်ုပ်၏ အမိမြေ၊ ဗာဗေးရီးယား တောင်တန်းမှ တဆင့် ထွန်းတောက်နေသည်ကို ကျွန်ုပ် မြင်တွေ့ခဲ့ရပါသည်။ 

ကျွန်ုပ်၏ မွေးရပ်ဇာတိ ဒေသခံများ၌ ကက်သလစ် ခရစ်ယာန် ယုံကြည်ခြင်း၏ အလှတရားကို ကြိမ်ဖန်များစွာ ခံစားခွင့် ရရှိသည့် အတွက် ကျွန်ုပ်အနေဖြင့် ၎င်းတို့အား ကျေးဇူးတင်လိုပါသည်။ 

ကျွန်ုပ်၏ မွေးရပ်မြေသည် ကက်သလစ် ယုံကြည်ခြင်း အားကောင်းရာ နယ်မြေအဖြစ် အစဉ် တည်ရှိစေရန် ကျွန်ုပ်၏ မွေးရပ်မြေ အတွက် ဆုတောင်းလိုက်ပြီး ကျွန်ုပ်၏ မွေးရပ်မြေမှ နိုင်ငံသားအပေါင်းသည် ကက်သလစ် ယုံကြည်ခြင်းမှ သွေဖယ်ခြင်း မရှိစေဘဲ ယုံကြည်ခြင်း ခိုင်မြဲကြဖို့ ကျွန်ုပ် အနူးအညွှတ် မေတ္တာရပ်ခံပါသည်။ 

နောက်ဆုံးအနေဖြင့် ဘုရားရှင်အား ကျေးဇူးတင်လိုပါသည်။ 

ကျွန်ုပ်၏ ဒုတိယ မွေးရပ်မြေဖြစ်သော အီတလီ နိုင်ငံနှင့် ရောမမြို့၌ နေထိုင်သည့် ကျွန်ုပ် အသက်တာ တလျှောက်လုံးတွင် ခံစားရရှိခဲ့သော အဖြစ်အပျက်များနှင့် အလှတရားများ အတွက် ဘုရားရှင်အား ကျွန်ုပ်ကျေးဇူးတင်ပါသည်။ 

တစ်နည်းနည်းဖြင့် ကျွန်ုပ်ကျူးလွန်စော်ကားမိသော သူအပေါင်းတို့သည် ကျွန်ုပ်အား အပြစ်ခွင့်လွှတ်ပေးပါရန် ကျွန်ုပ် ရင်တွင်းမှ တောင်းဆိုပါရစေ။ 

ကျွန်ုပ်၏ မိခင်နိုင်ငံမှ လူအ‌ပေါင်းတို့အား ကျွန်ုပ် မှာကြားသကဲ့သို့ အမိအသင်းတော် အတွင်း ကျွန်ုပ်၏ ဦးဆောင်မှုအား ယုံကြည်လက်ခံသူ အပေါင်းကိုလည်း ကျွန်ုပ် မှာကြားပါမည်။ 

ခရစ်ယာန် ယုံကြည်ခြင်း၌ ခိုင်မြဲခြင်း ရှိကြလော့။ မိမိကိုယ်ကို အာရုံထွေပြားစေမည့် အခြေအနေသို့ မရောက်စေပါနှင့်။ သဘာဝ သိပ္ပံ Natural Science ကဲ့သို့ သိပ္ပံကဏ္ဍက တစ်ဖက်နှင့် သမိုင်းသုတေသန လေ့လာမှု (အထူးသဖြင့် သမ္မာကျမ်းစာတော်မြတ်အား လေ့လာဖွင့်ဆိုခြင်း Exegesis of Sacred Scripture)က တစ်ဖက် ရှိရာ ၎င်းတို့သည် ကက်သလစ် ခရစ်ယာန် ယုံကြည်ခြင်းနှင့် ထပ်တူမကျ ကွဲလွဲနေသည်ဟု ထင်ယောင်ထင်မှား ဆိုကြပါသည်။ 

သဘာဝ သိပ္ပံပညာရပ် ဆိုလျှင် အပြောင်းအလဲများစွာ ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်ကြောင်း ကျွန်ုပ် သိရှိနားလည်ထားပြီး ဖြစ်ရာ ယုံကြည်ကိုးကွယ်မှု/ ဘာသာတရား အပေါ် တိုက်ခိုက်နေသော ခိုင်မာသည်ဟု ယူဆသည့် သိပ္ပံအခြေပြု စွပ်စွဲချက်များမှာလည်း သိပ္ပံနည်းမကျကြောင်း တွေ့ရှိလာရကာ တဖြည်းဖြည်း ပျောက်ကွယ်သွားပါသည်။ 

ဖီလော်ဆော်ဖီ တွေးခေါ်မှုအရ အဓိပ္ပာယ် ဖွင့်ဆိုချက်များသည် သိပ္ပံပညာနှင့်အညီ ဖွင့်ဆိုသည်မှာ ထင်ရှားလာပါသည်။ 

အခြားတစ်ဘက်တွင် သဘာဝ သိပ္ပံကဏ္ဍနှင့် ယုံကြည်ကိုးကွယ်ရာ ဘာသာတရား အကြား အမြင်ဖလှယ်သည့် ဒိုင်ယာလော့ ဆွေးနွေးပွဲများ ကျင်းပလာသည် ဖြစ်ရာ သိပ္ပံကဏ္ဍ၏ နယ်ပယ်နှင့် အထူးပြုမှု၏ အကန့်အသတ်ကိုလည်း ပိုမို နားလည်သဘောပေါက် သိရှိလာပါသည်။ 

ကျွန်ုပ်သည် အထူးသဖြင့် သမ္မာကျမ်းစာဆိုင်ရာ  သိပ္ပံနည်းကျလေ့လာမှုဖြင့် သီသြလော်ဂျီ ခရီးလမ်း၌ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လျှောက်လှမ်းလာသည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ခြောက်ဆယ်ကျော်လာပါပြီ။

ထိုကာလများ အတွင်း သီသြလော်ဂျီ မျိုးဆက်များစွာကို မြင်တွေ့ခဲ့ရပါသည်။ 

၎င်းသီသြလော်ဂျီ မျိုးဆက်များမှာ (ပညာရှင် Harnack နှင့် Jülicher၊ အခြားပညာရှင်တို့ ဦးဆောင်ခဲ့သော) (Liberal Theology Generation) လစ်ဘရယ် သီသြလော်ဂျီ မျိုးဆက်၊ (Bultmann ကဲ့သို့ ပညာရှင်များ ဦးဆောင်ခဲ့သော) (Existentialist Generation) လူ့ဖြစ်တည်မှု အပေါ် သုံးသပ်သော ဝါဒ မျိုးဆက်နှင့် (Marxist Generation) လက်ယာ ကွန်မြူနစ် မားစ်ဝါဒီ အခြေပြုသော သီသြလော်ဂျီ မျိုးဆက်တို့ ဖြစ်ကြသည်။

၎င်းသီသြလော်ဂျီ မျိုးဆက်များက မပြိုလဲ/ ခိုင်မြဲသည်ဟု ယူဆခဲ့သော သုံးသပ်ချက်များ (Theses) အား ရေးသားထုတ်ပြန်ခဲ့ကြသော်လည်း နှစ်အချို့အတွင်း ၎င်းတို့၏ သုံးသပ်ချက်များသည် အတည်ပြု၍ မရသော သဘောတရားများ (Hypotheses) အဖြစ်သာ သက်ဆင်းသွားကြသည်။ 

ခရစ်ယာန် ယုံကြည်ကိုးကွယ်မှု၏ ကျိုးကြောင်းဆီလျော်စွာ သုံးသပ်နိုင်မှုသည် ရှုပ်ထွေးပွေလီလှသော အယူဝါဒများ အကြားမှ အောင်မြင်စွာ ထွန်းတောက်ပေါ်ထွက်လာသည်ကို ကျွန်ုပ် ကြိမ်ဖန်များစွာ မြင်တွေ့ခဲ့သလို မြင်တွေ့နေဆဲ ဖြစ်သည်။ 

တစ်ခုတည်းသော လမ်းမှန်ဖြစ်သော၊ တစ်ခုတည်းသော အမှန်တရားနှင့် အသက်စမ်းရည်သည် ယေဇူးသခင်သာ ဖြစ်သလို အမိကက်သလစ် ခရစ်ယာန် အသင်းတော်သည် မည်မျှပင်အားနည်းချက်များ ရှိနေပါစေ၊ ယေဇူးသခင်၏ စစ်မှန်သော ခန္ဓာတော်သာလျှင် ဖြစ်ပေသည်။  

ကျွန်ုပ်အနေဖြင့် အားနည်းချက်များ၊ အပြစ်များ မည်မျှပင် များပြားပါစေ ထာဝရ ဘုရား၏ စံအိမ်တော်၌ ကျွန်ုပ်အား ကြိုဆိုလက်ခံစေရန် ကျွန်ုပ် အတွက် ဆုတောင်းပေးကြဖို့၊ နောက်ဆုံးအနေဖြင့် ကျွန်ုပ် နှိမ့်ချစွာ တောင်းဆိုပါရစေ။ 

ကျွန်ုပ်အား ယုံကြည်ကိုးစားသူ အပေါင်း ကျွန်ုပ်အတွက် နေ့စဉ်နေ့တိုင်း ဆုတောင်းပေးသူတိုင်းကိုလည်း ကျွန်ုပ်သည်လည်း နှလုံးသားမှ ပြန်လည် ဆုတောင်းပေးပါသည်။

 

အာဗီအေဘာသာပြန်- Lawrence Jangma Mungsong

https://bit.ly/3XOrIRA

Add new comment

2 + 0 =