ရဟန်းမင်းကြီးမှ အီရတ်အာဏာပိုင်များအား လူ့အဖွဲ့အစည်းကို စည်းလုံးညီညွတ်စွာပြန်လည်တည်ဆောက်ရန် တိုက်တွန်းခဲ့သည်

ရဟန်းမင်းကြီးမှ အီရတ်အာဏာပိုင်များအား လူ့အဖွဲ့အစည်းကို စည်းလုံးညီညွတ်စွာပြန်လည်တည်ဆောက်ရန် တိုက်တွန်းခဲ့သည်

**********************************

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် အီရတ်မှ အာဏာပိုင်များ၊ ပြည်သူ့ဝန်ထမ်းများနှင့် သံတမန်များအား မိန့်ခွန်းပြောကြားရာ၌ နှစ်ပေါင်းများစွာပဋိပက္ခများနှင့်အကြမ်းဖက်မှုများအပြီးတွင် တိုင်းပြည်၏စစ်မှန်သောပြန်လည်ထူထောင်ရေးလမ်းကြောင်းကိုလည်း ညွှန်ပြပေးခဲ့သည်။

အီရတ်ရင်ဆိုင်နေရသည့်ပြဿနာများကို အထူးသဖြင့်အားနည်းသူများနှင့် လိုအပ်နေသူများအတွက် ခိုင်မာသည့်ဂရုတစိုက်စောင့်ရှောက်မှုနှင့် အစေခံမှုများမှတစ်ဆင့် တစ်လုံးတစ်ဝတည်းရှိမှု၊ စည်းလုံးညီညွတ်မှုနှင့် သဟဇာတရှိမှုကိုအခြေခံ၍ လူ့အဖွဲ့အစည်းတစ်ခုတည်ဆောက်ခြင်းအားဖြင့် ကျော်လွှားနိုင်သည်။ အကျပ်အတည်းများစွာကြုံတွေ့ရပြီးနောက်၊ ကမ္ဘာကြီးကို အရင်ကထက် ပိုမိုကောင်းမွန်စွာ ပြန်လည်တည်ဆောက်နိုင်ရန် စည်းလုံးညီညွတ်မှုနှင့် အတူယှဉ်တွဲနေထိုင်ခြင်းများက ကျွန်ုပ်တို့အားကူညီပေးလိမ့်မည်။

Covid-19 မှ ရုန်းထွက်လာခြင်း

အီရတ်သို့သူ၏ခရီးစဉ်သည် အီတလီနိုင်ငံပြင်ပသို့ ရဟန်းမင်းကြီး၏ (၃၃) ကြိမ်မြောက် နိုင်ငံခြားခရီးစဉ်၍၊ Covid-19 ကူးစက်ရောဂါမှ တစ်ကမ္ဘာလုံးရုံးထွက်ရန်ကြိုးစားနေချိန်တွင် ပထမဆုံးအကြိမ် ခရီးသွားခြင်းပင်ဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။

ဤအခက်အခဲပြဿနာများသည် လူတို့၏ ကျန်းမာရေးကိုထိခိုက်စေရုံသာမက လူမှုရေးနှင့် စီးပွားရေးအခြေအနေများကို ပိုမိုဆိုးရွားစေသည့်အရေးပေါ်အခြေအနေကို ပြန်လည်ထူထောင်ကြရန် လိုအပ်သောခြေလှမ်းများလှမ်းနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းနှိုးဆော်နေသည်။ ဒီအကျပ်အတည်းများက “ကျွန်ုပ်တို့၏ဘဝပုံစံများနှင့် ကျွန်ုပ်တို့တည်ရှိနေမှု၏အဓိပ္ပာယ်ကို ပြန်လည်စဉ်းစားရန်” အားလုံးကို လှုံ့ဆော်သည်။ (Fratelli tutti, 33)

“ဒီအရာတွေကိုကျော်လွှားပြီး ကျွန်ုပ်တို့အရင်ကထက်ပိုကောင်းလာအောင်၊ ကျွန်ုပ်တို့ကိုကွဲပြားစေတဲ့အရာတွေထက် ကျွန်ုပ်တို့ကိုပိုပြီးစည်းလုံးစေမယ့်အရာတွေအပေါ်အခြေခံပြီး အနာဂတ်ကိုပုံဖော်ကြရမှာဖြစ်တယ်” ဟု ရဟန်းမင်းကြီးကဆိုသည်။

ညီရင်းအစ်ကိုပမာအတူယှဉ်တွဲနေထိုင်ခြင်း

ရဟန်းမင်းကြီးက စစ်ပွဲများ၏ဆိုးကျိုးများ၊ အကြမ်းဖက်မှုဘေးအန္တရာယ်နှင့် အီရတ်နိုင်ငံကိုဆယ်စုနှစ်ပေါင်းများစွာခံစားခဲ့ရသော လူမျိုးရေးပဋိပက္ခများသည် မတူကွဲပြားသော လူမျိုးစုများ၊ ဘာသာရေးအစုအဖွဲ့များ၊ အတွေးအခေါ်အယူအဆများနှင့် ယဉ်ကျေးမှုများဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းကိုလက်ခံနိုင်စွမ်းမရှိစေရန် အမြစ်တွယ်နေခဲ့ပြီဖြစ်ကြောင်း၊ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာကိုသာမက နှစ်များကြာရှည်စွာပြန်လည်ကုသရမည့် စိတ်နှလုံးကြေကွဲခြင်းနှင့် ဒဏ်ရာများကို သယ်ဆောင်ခဲ့ကြောင်း၊ ကျွန်ုပ်တို့သည် မိမိတို့၏ကွဲပြားခြားနားမှုများကိုကျော်လွန်၍ တစ်ဦးနှင့်တစ်ဦး မိသားစုဝင်များအဖြစ်ရှုမြင်ရန်သင်ယူမှသာလျှင် ထိရောက်သော ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်ကို စတင်နိုင်ပြီး နောင်လာနောက်သားများအတွက် တရားမျှတ၍လူသားဆန်သည့်ကမ္ဘာကြီးအဖြစ် ပိုမိုကောင်းမွန်သောအနာဂတ်ကို ချန်ရစ်ပေးနိုင်မည် ဖြစ်ကြောင်း၊ ဤကိစ္စနှင့်စပ်လျဉ်း၍ အထူးသဖြင့်အရှေ့အလယ်ပိုင်းဒေသများတွင် ကွဲပြားခြားနားမှုများသည် ပဋိပက္ခကိုဦးတည်သွားစေမည့်အစား လူ့အဖွဲ့အစည်းအတွင်း သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုဖြစ်စေသည်ကို လူတိုင်းအားပြသရန် အီရတ်သည် ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမျိုးစုကွဲပြားမှုကွဲပြားခြားနားမှုများအားဖြင့် ဖိတ်ခေါ်ခြင်းခံရကြောင်းကိုလည်း ထောက်ပြခဲ့သည်။

ထို့နောက် ညီရင်းအစ်ကိုပမာအတူယှဉ်တွဲနေထိုင်ခြင်းဆိုသည်မှာ စိတ်ရှည်ခြင်း၊ ရိုးသားခြင်းတို့ပါဝင်သော တွေ့ဆုံဆွေးနွေးမှု၊ တရားမျှတခြင်းနှင့် ဥပဒေကိုလေးစားလိုက်နာခြင်းဖြင့်ကာကွယ်ထားမှု၊ အားလုံး၏အနစ်နာခံဆက်ကပ်မှုကို တောင်းဆိုသော ခက်ခဲသည့်အလုပ်တစ်ခုပင်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့သည် ပြိုင်ဆိုင်မှုများနှင့်ဆန့်ကျင်ဘက်ဖြစ်ခြင်းများကိုဘေးဖယ်ထားပြီး ဖန်ဆင်းရှင်ဖြစ်တော်မူသည့် တစ်ပါးတည်းသောဘုရားသခင်၏ သားသမီးချင်းများအဖြစ် ကျွန်ုပ်တို့၏ အနက်ရှိုင်းဆုံးဝိသေသလက္ခဏာမှ တစ်ဦးကိုတစ်ဦးလေးစားရန်လိုအပ်ကြောင်းကိုလည်း ဆက်လက်ပြောကြားခဲ့သည်။

စည်းလုံးညီညွတ်မှု

ရဟန်းမင်းကြီးက “ပဋိပက္ခတွေဖြစ်ပွားပြီးတဲ့နောက် အားလုံးကဂုဏ်သိက္ခာရှိတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကျွန်ုပ်တို့ ပြန်ပြီးတည်ဆောက်သင့်တယ်။ ကျွန်ုပ်တို့ဟာ အကျပ်အတည်းတွေထဲက အရင်အတိုင်းပြန်ဖြစ်အောင်ရုန်းထွက်တာမဟုတ်ဘူး၊ ပိုကောင်းလာတာပဲ ဖြစ်ဖြစ် ပိုဆိုးသွားတာပဲဖြစ်ဖြစ် ကျွန်ုပ်တို့ ရုန်းထွက်ကြရမယ်” ဟု ဆိုသည်။

သို့သော် တစ်ဦးနှင့်တစ်ဦး စည်းလုံးညီညွတ်စွာနေထိုင်သောလူ့အဖွဲ့အစည်းသည် ပိုမိုကောင်းမွန်လာသည်။ စည်းလုံးညီညွတ်မှုသည် ပါရမီတစ်ပါးဖြစ်၍ အားနည်းသူများနှင့် မိသားစုဝင်များကိုသော်လည်းကောင်း၊ ချစ်ခင်မြတ်နိုးရသူများကိုသော်လည်းကောင်း ဆုံးရှုံးခဲ့ရသူများ၊ အကြမ်းဖက်ခံရမှုနှင့် နှိပ်စက်ညှဉ်းပန်းခံရမှုတို့ကြောင့် မိမိတို့၏နေအိမ်များနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးရသူများ၊ ဤကဲ့သို့သောသူများအတွက် တိကျခိုင်မာသည့်စောင့်ရှောက်မှုနှင့် အစေခံမှု လုပ်ငန်းများလုပ်ဆောင်ရန်အတွက် ကျွန်ုပ်တို့အား တွန်းအားပေးသည်ကိုလည်း ထောက်ပြခဲ့သည်။

အစိုးရခေါင်းဆောင်များနှင့် သံတမန်များသည်လည်း ၎င်းစည်းလုံးညီညွတ်မှု၏စိတ်ဓာတ်ကို မြှင့်တင်ရန် ဖိတ်ခေါ်ခြင်းခံကြရကြောင်း၊ သူတို့သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ အာဏာအလွဲသုံးစားမှုနှင့် ဥပဒေကိုလျစ်လျူရှုမှုတို့အား တိုက်ဖျက်ရေးတို့ဖြင့်လည်းကောင်း၊ တရားမျှတမှုကိုမြှင့်တင်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းနှင့် ပွင့်လင်းမြင်သာခြင်းတို့ကိုတိုးမြှင့်ခြင်းနှင့် ဤအရာများပြုလုပ်ကြရန် အဖွဲ့အစည်းများကို ခွန်အားပေးခြင်း စသည်တို့ဖြင့် မိမိတို့၏ဖိတ်ခေါ်ခံရခြင်းကို ပြည့်စုံစွာဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်းနှင့် ဤကြိုးပမ်းမှုများသည် တည်ငြိမ်သောလူ့ဘောင်ကို ရရှိစေပြီး အထူးသဖြင့် အီရတ်လူငယ်များအား ‘ကောင်းမွန်သောအနာဂတ်အတွက် သေချာသည့်မျှော်လင့်ချက်’ ကိုပေးလိမ့်မည်​ဖြစ်ကြောင်း ဆက်လက်အားပေးတိုက်တွန်းခဲ့သည်။

Credit to CBCM

https://bit.ly/3vaYzTb

Add new comment

15 + 4 =