ရဟန်းမင်းကြီးဖရန်စစ်၏ (၂၀၂၃) ပါစကားမစ္ဆားတရားအတွင်းဟောကြားသောဩ၀ါဒ

ရဟန်းမင်းကြီးဖရန်စစ်၏ (၂၀၂၃) ပါစကားမစ္ဆားတရားအတွင်းဟောကြားသောဩ၀ါဒ

ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၂၃) ခုနှစ်၏မစ္ဆားတရားတော်မြတ်ကို အစဉ်အလာမပြတ်စိန့်ပီတာဘာရင်ပြင်၌ခမ်းနားစွာပူဇော်ခဲ့သည်။ အဆိုပါမစ္ဆားတရားပူဇော်ခြင်း၌ ဘာသာတူ (၁၀၀၀၀၀) ပါ၀င်ပူဇော်ခဲ့ကြသည်။ မစ္ဆားတရားအပြီး၌လည်း အစဉ်အလာမပြတ် ရဟန်းမင်းကြီးသည် ရောမမြို့သူမြို့သားများနှင့်ကမ္ဘာသို့ပါစကားဩ၀ါဒမိန့်ကြားထုတ်လွှင့်မည်ဖြစ်သည်။ ယနေ့သည်နေသာသောဆောင်းအကုန်နွေအကူးစကူးမကူးနေ့၌ကျရောက်သောပါစကားတနဂ်နွေနေ့ဖြစ်သည်။ ယနေ့သည် 'သမိုင်း၌အလွန်အရေးကြီးပြီး လှပသောနေ့တစ်နေ့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်သည်သေခြင်းမှရှင်ပြန်ခဲ့သောကြောင့်ဖြစ်သည်' ဟုမိန့်ကြားခဲ့သည်။
သာသနာတော်ကြီးနှင့်ကမ္ဘာကြီး၀မ်းမြောက်ပါစေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် သေခြင်း၏နံရံ၌သာအဆုံးသတ်နိဂုံးချုပ်သွားခြင်းမဟုတ်တော့ဘဲ သေခြင်း၏အခြားဖက်၌လည်းဆက်လက်၍အသက်ဆက်နိုင်ရန်ယေဇူးသခင်သည်ပေါင်းကူးတံတားကိုတည်ဆောက်ပေးပြီဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် လည်ပြွန်နာသောကြောင့်အရေးအပေါ်ဆေးရုံတက်ရောက်လိုက်ရပြီး (၃) မျှကြပ်မတ်စောင့်ရှောက်ခံခဲ့သည်။ သက်သာလာသောကြောင့် ဧပြီ (၁) ရက်နေ့တွင်ဗာတီကန်သို့ပြန်ကြွလာခဲ့သည်။ ဆေးရုံဆင်းခါစဟုဆိုသော်လည်း ရဟန်းမင်းကြီးသည်ပါစကားနေ့ကြီးအခါကြီး (၃) ရက်၏၀တ်ပြုခြင်းအခမ်းအနားများကိုမနားတမ်းဦးဆောင်ခဲ့သည်။ ယခုနှစ်သောကြာ နေ့ကြီးတွင် 'Colosseum' (စိတ်ရိုင်းပေါက်‌အောင်အစာငတ်ခံထားသောတိရစ္ဆာများအားအစာအဖြစ်ခရစ်ယာန်များကိုချကျွေးပြီး ဘုရင်နှင့်ရောမလူမျိုးများမျက်စိအရသာခံကြည့်ရှုခဲ့သောပြဇာတ်ရုံဟောင်း) ၌လျှောက်လှမ်းခဲ့သောခရူးစူးကားတိုင်လှည့်ခြင်း၌မူရဟန်းမင်းကြီးဦးဆောင်ခဲ့ခြင်းမပြုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ရာသီဥတုသည်အေးနေသောကြောင့်ဖြစ်သည်။ ပါစကားတနဂ်နွေနေ့မစ္ဆားတရားပူဇော်ခြင်း၌ ရဟန်းတော်အပါး (၃၀၀)၊ ဆရာတော် (၁၅) ပါး၊ ကာဒီနယ် (၃၁) ပါးတို့စုပေါင်းပူဇော်ခဲ့ကြသည်။ ရဟန်းမင်းကြီးဦးဆောင်ပူဇော်သည်ဆိုသော်လည်း လှုပ်ရှားပြုလုပ်ရန်နှင့်ကြာမြင့်စွာမတ်တပ်ရပ်ရန်အခက်အခဲရှိသောကြောင့် ကာဒီနယ် Battista Re သည်မစ္ဆားပလ္လင်၌နေ၍ကိုယ်စားပူဇော်ပေးခဲ့သည်။ ရဟန်းမင်းကြီးမှာမူ ဘီးတပ်လှည်း၌သာထိုင်လျှက်သားပူဇော်ခဲ့သည်။

မစ္ဆားတရားအတွင်း ဧ၀ံဂေလိကျမ်းစာအား 'လာတင်း' ဘာသာနှင့်ဂရိဘာသာနှစ်ဖြာဖြင့်ဖတ်ကြားကြေညာခဲ့သည်။ ကျမ်းစာလာအကြောင်းအရာကား မာရိယာမာဒလေးနာ၊ တပည့်တော်ကြီးပေတရုနှင့်ယောဟန်တို့သည် ယေဇူးသခင်အားခေတ္တသဂြိုလ်ထားခဲ့သောဂူသည် ယေဇူးသခင်၏အသက်မဲ့ခန္ဓာမှာပျောက်ဆုံးနေသည်ကိုတွေ့ရှိလိုက်ရခြင်းဖြစ်သည်။ အမှန်မှာပျောက်ဆုံးနေခြင်းမဟုတ်သကဲ့သို့ ခိုးယူခံလိုက်ရခြင်းလည်းမဟုတ်။ ယေဇူးသခင်သည်ရှင်ပြန်ထမြောက်ခြင်းဖြစ်သည်။ ရဟန်းမင်းကြီးသည် ဧ၀ံဂေလိကျမ်းစာဖတ်ရှုပြီးသည်နှင့်ချက်ချင်းဩ၀ါဒပေးလေ့မရှိဘဲ ခေတ္တခဏဆိတ်ငြိမ်စွာဆင်ခြင်ဆုတောင်းခြင်းကိုပြုလေ့ရှိသည်။ ရဟန်းမင်းကြီးသည် ရှေးရိုးစဉ်လာဖြစ်သော 'Resurrexit' ဟုခေါ်သည့် ယေဇူးသခင်၏ပုံတော်ကိုအရိုအသေပေးခြင်းအစီအစဉ်၌လည်းပါ၀င်ခဲ့သည်။ ထိုအစီအစဉ်တစ်လျှောက်၌ဓမ္မသီချင်းများကို 'လာတင်း' ဘာသာဖြင့်သီဆိုခဲ့သည်။ ဤအစီအစဉ်ကိုကျင်းပရခြင်းမှာ ရဟန်းမင်းကြီးသည်စိန့်ပီတာ၏အရိုက်အရာကိုဆက်ခံသူဖြစ်သည်ကိုပြသရန်ဖြစ်ပြီး စိန့်ပီတာသည် ယေဇူးသခင်၏ပြန်လည်ရှင်ပြန်ထမြောက်သည်ကိုမာရိယာမာဒလေးနာ ပြီးနောက်ပထမဦးဆုံးသက်သေခံသူဖြစ်ကြောင်းကိုဖော်ညွှန်းခြင်းဖြစ်သည်။ 'Resurrexit' သီချင်းအားသီဆိုနေကြစဉ် ဦးပဥ္စင်းများမှမစ္ဆားပလ္လင်၏ဘေး၌ရှိသော ကယ်တင်ရှင်၏ပုံတော်ထည့်ထားသည့်ပခြုပ်၏တံခါးရွက်ကိုဖွင့်ပြလိုက်ကြသည်။

မစ္ဆားတရားပူဇော်ခြင်းပြီးဆုံးပြီးနောက် မစ္ဆားပူဇော်ခြင်း၌ပါ၀င်ပူဇော်ခဲ့သူများအနက် (၄၅၀၀၀) ဦးခန့်အားရင်းနှီးစွာနုတ်ဆက်ခဲ့သည်။ ရဟန်းမင်းကြီးသည် သူ၏ဘီးတပ်လှည့်ပေါ်မှလိုက်ပါရင်း ဘာသာတူများနှင့် (၁၅) မိနစ်ကြာလိုက်လံနုတ်ဆက်ပြီး ရောမမြို့သူမြို့သားများနှင့်ကမ္ဘာကြီးသို့ထပ်မံဩ၀ါဒမြွတ်ကြားရန်စိန့်ပီတာဘုရားကျောင်းကြီးထဲသို့ပြန်ကြွသွားခဲ့သည်။ ရဟန်းမင်းကြီးသည် စိန့်ပီတာဘာစီးလီကာဘုရားကျောင်း၏လသာဆောင်တံခါးဆီသို့ထွက်ကြွသွားသောအခါ အသင့်စောင့်နေသောဘင်ခရာအဖွဲ့က အီတလီနိုင်ငံ၏နိုင်ငံတော်သီချင်းကိုစတင်တီးခတ်၍ကြိုဆိုပါတော့သည်။

'Urbi et Orbi' ၏ဆိုလိုရင်းမှာ 'To the City [of Rome] and to the World' (ရောမမြို့သူမြို့သားများနှင့်ကမ္ဘာကြီးသို့ဩ၀ါဒမြွတ်ကြားခြင်း) ဟုဆိုလိုသည်။ နှစ်စဉ် 'ပါစကားပွဲတော်နေ့တနဂ်နွေ၊ ခရစ္စမတ်နေ့နှင့်အခြားထူးခြားသောအရေးကြီးသည့်နေ့များ' တို့၌မိန့်ကြားလေ့ရှိသည်။

ရဟန်းမင်းကြီးက 'ယနေ့သည်ပါစကားဖြစ်သည်။ ဆိုလိုသည်မှာ 'ဖြတ်သန်းခြင်း' ဖြစ်သည်။ ယေဇူးသခင်၏အသက်တာ၌ လူ့ဘ၀အသက်တာကိုဖြတ်သန်းလျှောက်လှမ်းရန်တိကျစွာဆုံးဖြတ်ပြီးဖြစ်သည်။ သေခြင်းမှသည်ရှင်သန်ခြင်း၊ အပြစ်အခြေအနေမှသည်ကျေးဇူးတော်အခြေအနေ၊ ကြောက်ရွံ့တုန်လှုပ်ခြင်းမှယုံကြည်မှုရှိလာခြင်း၊ အထီးကျန်ပစ်ပယ်ခံရခြင်းမှအသင်းအပင်းနှင့်သိုက်သိုက်၀န်း၀န်းဖြစ်လာခြင်းလမ်းကြောင်းများဖြစ်သည်။ ယေဇူးသခင်၏အသက်တာ၌ အချိန်နှင့်သမိုင်း၏သခင်က ကျွန်ုပ်တို့အားလုံးအားလှိုက်လှိုက်လှဲလှဲဖြင့် 'ပျော်ရွှင်သောပါစကားဖြစ်ပါစေ' ဟုနုတ်ဆက်လိုကြသည်။ ရဟန်းမင်းကြီးသည်လည်း ဤပါစကားသည် 'နာကြင်ခံစားရခြင်းမှနှစ်သိမ့်ခြင်းလမ်းကြောင်း' ဖြစ်စေရန်ဆန္ဒရှိသည်။ အထူးသဖြင့်မကျန်းမာသူများ၊ နွမ်းပါးချို့တဲ့သူများ၊ ‌ေ၀ဒနာအမျိုးမျိုးခံစားရသူများအတွက်ဖြစ်စေလိုသည့်ဆန္ဒရှိသည်။

ကျွန်ုပ်တို့သည်တစ်ဦးတည်းမဟုတ်။ အသက်ရှင်သောယေဇူးသခင်သည်ကျွန်ုပ်တို့နှင့်အစဉ်အမြဲရှိနေမည်။ သာသနာတော်ကြီးနှင့်ကမ္ဘာကြီးအားပျော်ရွှင်ပါစေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့မျှော်လင့်ချက်သည် သေခြင်း၏နံရံ၌သာအဆုံးသတ်သွားခြင်းမဟုတ်ဘဲ သေခြင်း၏အခြားဖက်သို့တိုင်အသက်ဆက်နိုင်ရန် ယေဇူးသခင်သည်အသက်၏တံတားကိုပေါင်းကူးပေးလိုက်ပြီ။

ရဟန်းမင်းကြီးသည် သူဩ၀ါဒထဲ၌ စစ်ကြောင့်ဒုက္ခကြီးစွာရောက်နေသော၊ ပဋိပက္ခဖြစ်ပွားနေသော၊ သဘာ၀ဘေးဒဏ်သင့်နေသောနိုင်ငံများဖြစ်ကြသည့်
၁။ ယူကရိန်း၊
၂။ ရုရှား၊
၃။ တူရကီ၊
၄။ ဆီးရီးယာ၊
၅။ ဂျေရုဆလင်၊
၆။ လေဘာနွန်၊
၇။ ဟေတီ၊
၈။ နီဂါရာဂွာ၊
၉။ မြန်မာနိုင်ငံတို့အတွက်ဆုတောင်းပေးခဲ့သည်။

ထို့အတူအာဖရိကနိုင်ငံများဖြစ်ကြသော တောင်ဆူဒန်၊ နိုင်ဂျီးရီးယား၊ ကွန်ဂို၊ တူနီးဆီးယား၊ အဲရစ်ထရေးယား၊ Burkina Faso၊ မာလီ၊ အီသီယိုးပီးယားနှင့်မိုဇမ်းဘစ်နိုင်ငံများအားလည်းကာကွယ်စောင့်ရှောက်ပါရန်ဆုတောင်းပေးခဲ့သည်။
ကျွန်ုပ်တို့၏ခွဲပြားခြားနားနေခြင်းကိုအမြန်ဆုံးပြန်လည်စုစည်းနိုင်ကြိုးစားစို့။ ကျွန်ုပ်တို့၏စိတ်နှလုံးကိုလည်းအကူအညီအထူးလိုအပ်နေသောသူများအားဖွင့်ဟထားရန်၊ ငြိမ်းချမ်းရေးလမ်းကြောင်းကိုအမြန်ဆုံးဦးတည်၌ညီအစ်ကိုမောင်နှမစိတ်ဖြင့်သင့်မြတ်စွာနေထိုင်ကြရန်၊ အခြားနိုင်ငံကြီးများမှကျွန်ုပ်တို့ထံသို့ လက်တွေ့ကျသောအကူအညီများကိုပေး၍ပျော်ရွှင်၀မ်းမြောက်စွာမျှော်လင့်နိုင်ရန်၊ ကျွန်ုပ်တို့အားအကူအညီပေးသောသူများနှင့်အစပြုရန်နှင့်စစ်ကြောင့်၊ ချို့တဲ့နွမ်းပါးခြင်းကြောင်းနေရပ်ထွက်ပြေးသွားကြသောဒုက္ခသည်များအားလည်း လှိုက်လှဲနွေးထွေးစွာလက်ခံကြိုဆိုရန်တိုက်တွန်းခဲ့သည်။

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့

ပါစကား၌ ကမ္ဘာကြီး၏ကြံမ္မာသည်ပြောင်းလဲသွားခဲ့သည်။ ယနေ့၌လည်းယေဇူးသခင်၏သေခြင်းမှရှင်ပြန်ထမြောက်ခဲ့သည့်အချိန်နှင့်တိုက်ဆိုင်နေသည်။ ထို့ကြောင့်ကျွန်ုပ်တို့လည်း ကျေးဇူးတော်သက်သက်ဖြင့် သမိုင်း၌လွန်စွာအရေးကြီးသော၊ လှပသောအချိန်ကာလကိုပျော်ရွှင်စွာကျင်းပကြပါစို့။

'ခရစ္စတူးသခင်သည် ရှင်ပြန်တော်မူပြီ။ သူသည်အဟုတ်အမှန်ရှင်ပြန်တော်မူပြီ။' ကျွန်ုပ်တို့၏မျှော်လင့်ခြင်းသည်မရေမရာသောအခြေအနေမဟုတ်။ သမ္မာတရားဖြစ်သည်။ ပါစကားနှင့်နိုးကြားလာပြီး လူ့အသက်တာခရီး၏မျှော်လင့်ချက်သည် ပို့၍ပင်လွယ်ကူနက်ရှိုင်းစွာလျှောက်လှမ်းနိုင်မည်ဖြစ်သည်ဟုမိန့်ကြားခဲ့သည်။ CNA

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/43hdGeX

Add new comment

15 + 0 =